မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားလာမှုနှင့်အတူ လက်နက်ကြီး၊ လက်နက်ငယ်ထိမှန်မှု၊ မြေမြုပ်မိုင်း ပေါက်ကွဲမှုတို့ကြောင့် ရခိုင်ပြည်အတွင်းရှိ အရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာရ၊ သေဆုံးမှုအရေအတွက်မှာ တဖြည်းဖြည်း မြင့်တက်လာနေသည်။
သို့သော်လည်း သေဆုံးသွားသော မိသားစုဝင်များနှင့် ထိခိုက်ဒဏ်ရာရရှိသွားသည့် လူနာများမှာ အကူအညီရရှိမှု မရှိသလောက် နည်းပါးနေကြောင်း သိရသည်။ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင်များကိုကူညီသကဲ့သို့ စစ်လက်နက်များကြောင့် ဒဏ်ရာရရှိသွားသည့် အရပ်သားများကိုလည်း အရေးပေါ် ကူညီထောက်ပံ့ရန်လိုအပ်ကြောင်း ပြောဆိုကြသည်။
နိုဝင်ဘာလ ၄ ရက်နေ့က လက်နက်ကြီးကျည်ထိမှန်မှုကြောင့် ကျောက်တော်မြို့နယ်၊ ရွှေပြည်သစ်ကျေးရွာအပါအဝင် တခြားကျေးရွာများမှ လူလေးဦးသေဆုံးကာ ၁၉ ဦး ဒဏ်ရာရရှိသွားသည်။ လက်ရှိတွင် ဒဏ်ရာရရှိသွားသူတစ်ချို့ မှာ ဆေးကုသမှုခံယူနေရပြီး ဆေးဝါးကုသစရိတ်များ လိုအပ်နေကြောင်း ပြောဆိုကြသည်။
“လောလောဆယ် ဖြူစင်မေတ္တာပရဟိတအသင်းကလွဲလို့ တစ်ခြားလူမှုအဖွဲ့အစည်းတွေဖက်က ဘာတစ်ခုမှ ကူညီတာ မရှိကြသေးပါဘူး။ ဒဏ်ရာရတဲ့လူနာတွေကတော့ ဆေးဝါးစရိတ်တွေ အရေးပေါ်လိုအပ်နေကြပါတယ်။ ပြီးတော့ မိသားစုစားဝတ်နေရေးတွေ၊ အိမ်ပြိုသွားတဲ့သူတွေမှာလည်း အိမ်ပြုပြင်မယ့် စရိတ်တွေအကုန်လုံး အကူအညီလိုနေပါတယ်။ အခုလောလောဆယ်တော့ ပိုက်ဆံရှိရှိ၊ မရှိရှိ ဆေးကုသမှုခံယူနေရပါတယ်”ဟု ရွှေပြည်သစ်ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောသည်။
အလားတူ ယင်းနေ့က လက်နက်ကြီးကျည်ထိမှန်၍ ညာလက်ဖြတ်လိုက်ရသည့် ကျောက်တော်မြို့နယ်၊ လက်ဆောင်ကောက်ရွာမှ မွတ်ဆလင်အမျိုးသားတစ်ဦးမှာလည်း စစ်တွေဆေးရုံ၌ ဆေးကုသလျှက်ရှိပြီး ဆေးကုသစရိတ် အခက်အခဲရှိနေကြောင်း နီးစပ်သူများထံမှ သိရသည်။
“လက်နက်ကြီးကျည်ထိမှန်ပြီး သူ့ရဲ့ ညာဖက်လက်ကို ကျောက်တော်ဆေးရုံမှာကတည်းက ဖြတ်လိုက်ရတယ်။ ပြီးမှ ဒဏ်ရာပြင်းလို့ စစ်တွေဆေးရုံကို ပို့လိုက်တာပါ။ အခု သူ့အတွက် ဆေးကုစရိတ်တွေက အရမ်းခက်ခဲနေပါတယ်။ အခုတောင် ဆေးကုစရိတ်နဲ့ လူနာစားရေးသောက်ရေးစရိတ်အတွက် သူ့မိန်းမမှာ ရွာကလူတွေဆီက စပါးတွေချေးငှားရောင်းပြီး ကုသနေရတာပါ"ဟု ၄င်းကပြောသည်။
ယင်းအပြင် ကျောက်တော်မြို့နယ်၊ ပိန္နဲချောင်းကျေးရွာမှ ဒေသခံတစ်ဦးမှာလည်း နိုဝင်ဘာလ ၄ ရက်နေ့က လက်နက်ကျည်ထိမှန်မှုကြောင့် ဒဏ်ရာအပြင်းအထန်ရရှိကာ ကျောက်တော်ဆေးရုံ၌ အရေးပေါ် ကုသမှုခံယူခဲ့ရပြီး လက်ရှိတွင် ဆေးဝါးကုသရန် ငွေကြေးအခက်အခဲဖြစ်နေကြောင်း သိရသည်။
"ကျည်စက သူ့ရဲ့ ညာဖက်ခြေသလုံးကို တခါတည်းဖောက်ထွက်သွားတာဆိုတော့ ကြွက်သားတွေ၊ အရိုးတွေ ထိခိုက်မှုရှိ၊မရှိ သိရဖို့အတွက် ဓာတ်မှန်ရိုက်ထားရတယ်။ ငွေကတော့ အကုန်အကျများမှာပဲ။ မိသားစုကလည်း အရမ်းကြီးအဆင်ပြေတဲ့ မိသားစုမဟုတ်တော့ အခက်အခဲအကျပ်တည်းကတော့ရှိတယ်"ဟု ဒေသခံတစ်ဦးကပြောသည်။
ထိုသို့ ထိခိုက်ဒဏ်ရာ ရရှိသူများမှာ ဆေးဝါးကုသရန် အခက်အခဲဖြစ်နေကြသလို သေဆုံးသွားသူများ၏ ကျန်ရစ်ခဲ့သည့် မိသားစုဝင်များမှာလည်း အခက်အခဲမျိုးစုံဖြင့် ဘဝရပ်တည်နေကြရသည်။
ကျောက်တော်မြို့နယ်၊ ဝက်မှိုင်းကျေးရွာမှ လက်နက်ကြီးထိမှန်သေဆုံးသွားသည့် ဒေါ်အေးသန်းနု၏ မောင်ဖြစ်သူမှာလည်း ပြီးခဲ့သည့် ဇူလိုင်လအတွင်းက နွားကျောင်းသွားစဉ် မိုင်းနင်းမိကာ သေဆုံးသွားခဲ့ရသည်။ ထို့ကြောင့် ၄င်းတို့နှစ်ဦးကို မှီခိုနေရသည့် မိဘနှစ်ဦးမှာ အခက်အခဲဖြစ်နေကြသည်။
"ကျမတို့လင်မယားက သားနဲ့သမီး လုပ်ကျွေးတာကို မှီခိုစားသောက်နေရတာပါ။ အခုသားနဲ့သမီးကလည်း မိုင်းနဲ့လက်နက်ကြီးကြောင့် သေသွားတော့ အိမ်မှာ စီးပွားရေးလုပ်မယ့်သူ မရှိတော့ဘူး။ ကျန်ခဲ့တဲ့ မြေးတွေကလည်း လုပ်တတ်၊ကိုင်တတ်တဲ့ အရွယ်မဟုတ်သေးဘူး။ ကျမတို့ဘဝတွေက လုံးဝပျက်စီးသွားပါပြီး။ အခုစားသောက်ဖို့တောင် ဆရာတော်တစ်ပါးဆီက ကူညီပေးခဲ့တဲ့ငွေလေးနဲ့ စားနေရတာ။ တစ်ခြားကူညီပေးမယ့်သူ ဘယ်သူမှလည်း မလာကြပါဘူး"ဟု ဒေါ်အေးသန်းနု၏ မိခင် ဒေါ်အေးစိန်ဖြူက ပြောသည်။
DMG က ပြုစုထားသည့်စာရင်းအရ ပြီးခဲ့သည့်သြဂုတ်လမှ စတင်ဖြစ်ပွားခဲ့သော တကျော့ပြန် တိုက်ပွဲကာလတွင် ရခိုင်ပြည်အတွင်း အရပ်သား ၂၁ ဦးသေဆုံးကာ ဒဏ်ရာရရှိသူ ၇၀ ဦးအထိရှိလာနေသည်။







