စစ်တွေတက္ကသိုလ်တွင် တက်ရောက်နေသည့် မွတ်ဆလင်ကျောင်းသားများ ပညာသင်ထောက်ပံ့ကြေး လျှောက် ထားခွင့်မရ

စစ်တွေတက္ကသိုလ်တွင် တက်ရောက်နေသည့် မွတ်ဆလင်ကျောင်းသားများ ပညာသင်ထောက်ပံ့ကြေး လျှောက် ထားခွင့်မရ
 မွတ်ဆလင်ကျောင်းများ စစ်တွေတက္ကသိုလ်တွင် ကျောင်းသွင်းနေကြစဉ်။ ဓာတ်ပုံ - ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ
မွတ်ဆလင်ကျောင်းများ စစ်တွေတက္ကသိုလ်တွင် ကျောင်းသွင်းနေကြစဉ်။ ဓာတ်ပုံ - ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ

၂၀၂၂ - ၂၀၂၃ ပညာသင်နှစ် (၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်) ပထမနှစ် နေ့သင်တန်း တက်ရောက်နေသော ကျောင်းသား၊ကျောင်းသူများကို ပညာသင်ထောက်ပံ့ကြေး လျှောက်ထားရယူနိုင်ကြောင်း ကြေညာထားသော်လည်း စစ်တွေတက္ကသိုလ်မှ မွတ်ဆလင်ကျောင်းသားများမှာ ပညာသင်ထောက်ပံ့ကြေး လျှောက်ခွင့်မရကြဟု သိရသည်။

ပညာသင်ထောက်ပံ့ကြေးပေးရေး သဘောထားမူများတွင်ပါဝင်သည့်အချက်များထဲမှ မိဘနှစ်ဦးနှင့် မိမိ ကိုယ်တိုင်သုံးဦးစလုံးသည် တိုင်းရင်းသား/နိုင်ငံသားဖြစ်ရမည်ဆိုသည့်အချက်ကြောင့် ပညာသင် ထောက်ပံ့ ကြေး လျှောက်ခွင့်မရဖြစ်နေသည်ဟု စစ်တွေတက္ကသိုလ်တွင် ဓာတုဗေဒဘာသာရပ်ဖြင့် ပထမနှစ် နေ့သင်တန်းတက်ရောက်နေသည့် မွတ်ဆလင်ကျောင်းသားတစ်ဦးက DMG ကိုပြောသည်။

“ကျနော်တို့က ပညာသင်ထောက်ပံ့ကြေးရဖို့အတွက် လျှောက်ချင်တယ်။ ဒါပေမယ့် မလျှောက်နိုင်ဘူး။မိဘနှစ်ပါးမှာ နိုင်ငံသားကဒ်မရှိဘူး။ ကိုယ့်မှာလည်း နိုင်ငံသားကဒ်မရှိဘူးဆိုတော့ လျှောက်လို့မရတော့ဘူး။ ကျနော်တို့ဖြစ်ချင်တာက နိုင်ငံသားဖြစ်ဖြစ်၊ မဖြစ်ဖြစ် ခွဲခြားမှုမရှိဘဲ အခက်အခဲရှိတဲ့သူအကုန်လုံးကို လျှောက်ခွင့်ပေးစေချင်တယ်”ဟု သူကဆိုသည်။

အဆင့်မြင့်ပညာဦးစီးဌာန၏ ပညာသင်ထောက်ပံ့ကြေးအနေဖြင့် တစ်လလျှင် သုံးသောင်းကျပ်ဖြင့် ပညာသင်နှစ်တစ်ခုလျှင် (၁၀)လစာ သုံးသိန်းကျပ်ကို စိစစ်ရွေးချယ်ချီးမြှင့်မည်ဖြစ်သည့်အတွက် ကျောင်းသား၊သူများအနေဖြင့် အောက်တိုဘာလ ၁၁ ရက်နေ့မှစတင်ကာ နိုဝင်ဘာလ ၁၅ ရက်နေ့အတွင်း ကျောင်းသားရေးရာဌာနတွင် လျှောက်ထားရမည်ဟု ကြေညာထားသည်။

ပညာသင်ထောက်ပံ့ကြေးသည် အခက်အခဲရှိသည့် တက္ကသိုလ်ကျောင်းသားများကိုပေးသင့်ပြီး နိုင်ငံသားကဒ်ပြားမရှိသည့် မွတ်ဆလင်ကျောင်းသားများ ပညာသင်ထောက်ပံ့ကြေး လျှောက်ခွင့်မရသည်မှာ သဘာဝ မကျကြောင်း စစ်တွေတက္ကသိုလ်တွင် ဒုတိယနှစ်(နေ့သင်တန်း)တက်ရောက်နေသည့် မွတ်ဆလင်ကျောင်းသား ကိုသန့်ဇော်ကပြောသည်။

“အခု မွတ်ဆလင်ကျောင်းသားတွေမှာ နိုင်ငံသားမှတ်ပုံတင်ကဒ်မရှိတာ၊ မိဘတွေမှာလည်း နိုင်ငံသားကဒ်မရှိ တဲ့အတွက် လျှောက်လို့မရဖြစ်နေတယ်။ ကျနော်တို့ဖြစ်စေချင်တာက ထောက်ပံ့ကြေးဆိုတာ အခက်အခဲရှိတဲ့ ကျောင်းသားတိုင်းကို ပေးသင့်တယ်လို့ထင်တယ်။ အဲဒီထဲမှာ နိုင်ငံသားကိစ္စတစ်ခုတည်းနဲ့ လျှောက်ခွင့်မရတာက သိပ်သဘာဝမကျဘူး။ နိုင်ငံသားဖြစ်ရမယ်။ တိုင်းရင်းသားဖြစ်ရမယ်။ မှတ်ပုံတင်ကဒ်ရှိရမယ်ဆိုတဲ့ အကန့်အသတ်တွေက မရှိသင့်ဘူးလို့မြင်တယ်”ဟု သူကဆိုသည်။

ပညာသင်ထောက်ပံ့ကြေးပေးရေး သဘောထားမူများထဲတွင် မိဘနှစ်ဦးနှင့် မိမိကိုယ်တိုင် သုံးဦးစလုံးသည် တိုင်းရင်းသား/နိုင်ငံသား ဖြစ်ရမည်ဖြစ်ကြောင်း၊ ဆင်းရဲနွမ်းပါးသဖြင့် တက္ကသိုလ်ပညာကို ဆက်လက်သင်ကြားရန် အခက်အခဲရှိသူဖြစ်ရမည်ဖြစ်ကြောင်း၊ စာမေးပွဲကျရှုံးလျှင် ပညာသင် ထောက်ပံ့ကြေးကို ရပ်ဆိုင်းမည်ဖြစ်ကြောင်း၊ စာမေးပွဲပြန်လည်အောင်မြင်ပါက ပညာသင်ထောက်ပံ့ကြေးကို ပြန်လည်လျှောက်ထားခွင့်ရှိသည်ဟု ပါရှိသည်။

မွတ်ဆလင်များ ပညာသင်ထောက်ပံ့ကြေးမရရှိခြင်းနှင့်ပတ်သက်ပြီး  “ဒါက အစိုးရပညာသင်ဆုဖြစ်တယ်ဆိုတော့ သတ်မှတ်ထားတာက မိဘနှစ်ပါးစလုံးဟာ နိုင်ငံသားဖြစ်ရမယ်။ ကျောင်းသားလည်း နိုင်ငံသားဖြစ်ရမယ့် သဘောပါ။ ဒီအစိုးရပညာသင်ဆုကကျတော့ မွတ်ဆလင်ဖြစ်လို့ မဟုတ်ဘူး။ နိုင်ငံသားဖြစ်ရင်တော့ လျှောက်ခွင့်ပြုပါတယ်။ မိဘနှစ်ပါးစလုံးနဲ့ ကျောင်းသားဟာ နိုင်ငံသားဖြစ်ရင် ဘယ်ဘာသာဝင် လူမျိုးမဆို လျှောက်လို့ရတယ်”ဟု စစ်တွေတက္ကသိုလ် ကျောင်းသားရေးရာဌာနမှူး ဦးကျော်နိုင်ဦးက ပြောသည်။

ရခိုင်ပြည်တွင် မွတ်ဆလင်နှင့် ရခိုင်တို့ကြား လွန်ခဲ့သည့် ၂၀၁၂ ခုနှစ်တွင် လူမျိုးရေး၊ ဘာသာရေးပဋိပက္ခဖြစ်ပွားခဲ့ပြီးနောက် နှစ်ဖက်ဆက်ဆံရေးတင်းမာလာကာ အစိုးရအဆက်ဆက်လည်း မွတ်ဆလင်များကို ခရီးသွားလာခွင့်ကန့်သတ်ခြင်း၊ ပညာသင်ကြားခြင်းများကိုလည်း ကန့်သတ်မှုများရှိခဲ့သည်။

လက်ရှိတွင် မွတ်ဆလင်နှင့် ရခိုင်တို့ကြားတွင် ဆက်ဆံရေးကောင်းမွန်လာပြီး မွတ်ဆလင်များမှာ စစ်တွေမြို့ကဲ့သို့ ရခိုင်မြို့နယ်များသို့ ဝင်ထွက်သွားလာမှုများရှိနေပြီဖြစ်သည်။ ရခိုင်ကျောင်းသားနှင့် မွတ်ဆလင်ကျောင်းသားတို့၏ ကြိုးပမ်းမှုကြောင့် မွတ်ဆလင် ကျောင်းသား၊ကျောင်းသူများမှာလည်း ယခုနှစ်ပညာသင်နှစ်တွင် တက္ကသိုလ်နေ့ သင်တန်းတက်ခွင့်ရရှိခဲ့ကြသည်။

နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...
April 7, 2026
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ ကိုယ်စားလှယ် ဦးနိုင်ဦးအား...
April 4, 2026
အာရက္ခတပ်တော်(‌AA) ထိန်းချုပ်မြို့နယ်များအတွင်း လိုင်စင်မဲ့ တရားမဝင် ဆေးကုသမှု ပေးနေသည့် ဆရာဝန်...