အင်းစိန်အကျဉ်းထောင် ထောင်၀င်စာပေးပို့သူ များပြား၊ ကျပ် ၅,၀၀၀ဖြင့် နေရာရောင်းချမှုများပင်ရှိ ဟုဆို

အင်းစိန်အကျဉ်းထောင် ထောင်၀င်စာပေးပို့သူ များပြား၊ ကျပ် ၅,၀၀၀ဖြင့် နေရာရောင်းချမှုများပင်ရှိ ဟုဆို

ရန်ကုန်တိုင်း၊ အင်းစိန်အကျဉ်းထောင်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက်ပိုင်း ထောင်၀င်စာပေးပို့မှုများကို ရက်အကန့်အသတ်မရှိ ပိတ်ထားရာမှ ပြန်လည်ခွင့်ပြုခဲ့ရာ ယနေ့ နို၀င်ဘာ ၂ ရက် နံနက်ပိုင်းတွင် ထောင်၀င်စာ လာရောက်ပို့ဆောင်သူ အလွန်များပြားပြီး ကျပ် ၅,၀၀၀ဖြင့် နေရာရောင်းချမှုများပင် ရှိသည်ဟု နိုင်ငံရေးအကျဉ်းသားများကို ကူညီပေးနေသူ သတင်းအရင်းအမြစ်တစ်ဦးက မဇ္စျိမကိုပြောသည်။

ယနေ့ နို၀င်ဘာ ၂ ရက် နံနက် ၅ နာရီအချိန်မှစတင်၍ ထောင်၀င်စာလာရောက် ပေးပို့သူများသည် အကျဉ်းထောင် ပင်မအ၀င်ဂိတ်ပေါက်မှ အင်းစိန်စျေးကြီးအရှေ့အထိ တန်းစီနေရသည်ဟုလည်း ဆိုသည်။

“မနက် ၅ နာရီထဲက လာတန်းစီနေတဲ့သူတွေရှိတယ်။ နေမြင့်သွားရင် ပူတဲ့အခါကျတော့ စောစောလာတန်းစီပြီး ထောင်၀င်စာ လာပို့ကြတာ။ လုံခြုံရေးကတော့ အတွင်းရော အပြင်ရော တော်တော်တင်းကျပ်ထားတာတွေ့ရတယ်။ အခုတစ်ခေါက်က အ၀င်အထွက် ဂိတ်တွေမှာ စက်တွေနဲ့ စစ်ဆေးတယ်။ ထောင်၀င်စာလာပို့တဲ့ သူတွေက သက်ဆိုင်ရာအကျဉ်းသားနဲ့ သန်းခေါင်စာရင်း၀င် မိသားစုဖြစ်မှရတယ်၊ မပါရင် မရဘူး။ နေရာရောင်းစားတယ်ဆိုတာက ပေါ်ပေါ်တင်တင် တော့မဟုတ်ဘူးပေါ့၊ တစ်နေရာကို ၅,၀၀၀နဲ့ လက်ကြိတ်ထိုးလုပ်နေကြတာ” ဟု သတင်းအရင်းအမြစ်တစ်ဦးက ရှင်းပြသည်။

၎င်းက ထောင်၀င်စာပေးပို့သူများအတွက် အကျဉ်းထောင်အ၀င်ဂိတ်တွင် စည်းကမ်းချက်များ ကြေညာထားပြီး၊ အကျဉ်းသားတစ်ဦးအတွက် သစ်သီးတစ်မျိုး၊ မုန့်တစ်မျိုး၊ အသားကြော်တစ်မျိုး၊ အသင့်စားအကြော်တစ်မျိုး (နှစ်ဆယ်သားခန့်)၊ အသင့်စား ခေါက်ဆွဲခြောက်၊ ကြာဇံခြောက်၊ မုန့်ဟင်းခါး ( ငါးထုတ်) ၊ အသင့်ဖျော် ကော်ဖီမစ်၊ တီးမစ်၊ ကွေကာအုပ်( ၁၀ ထုတ်)နှင့် ဆေးဝါးများပေးပို့ပါက အကျဉ်းထောင်အတွင်းရှိ ဆရာ၀န်ထံတွင် အပ်နှံထားရမည်ဆိုသော အချက်များကို ကြေညာထားကြောင်း ဆိုသည်။

ထို့အပြင် အကျဉ်းသား/သူများအတွက် ကြာသပတေး၊ သောကြာနှင့် စနေနေ့များတွင် ထောင်၀င်စာ လာရောက်ပေးပို့နိုင်ရန် သတ်မှတ်ထားပြီး၊ အချုပ်သား/သူများအတွက် တနင်္လာ၊ အင်္ဂါ ၊ ဗုဒ္ဓဟူးနေ့များတွင် လာရောက်ပို့ဆောင်နိုင်ကြောင်း သတ်မှတ်ထားသည်ဟု ဆိုသည်။

“အမိန့်ချပြီးသားနဲ့ ရုံးထုတ်စစ်နေဆဲ အချုပ်သားတွေအတွက် ထောင်၀င်စာပေးပို့တဲ့ရက်ကို ကန့်သတ်လိုက်တာပါ။ အမိန့်ချပြီးသားသူတွေအတွက်ကတော့ တစ်လကို နှစ်ကြိမ်၊ အချုပ်သားတွေ အတွက်ကတော့ တစ်ပတ်ကို တစ်ကြိမ် သတ်မှတ်ထားပါတယ်။ ဒါက တစ်နိုင်ငံလုံးမှာရှိတဲ့ အကျဉ်းထောင်တွေအားလုံး အတူတူပါဘဲ” ဟု အမည်မဖော်လိုသည့် အကျဉ်းထောင်အတွင်း သတင်းအရင်းအမြစ်ဦးက ဆိုသည်။

ပြီးခဲ့သော အောက်တိုဘာ ၁၉ ရက်က ဖြစ်ပွားခဲ့သော အင်းစိန်အကျဉ်းထောင် ဗုံးပေါက်ကွဲမှု ဖြစ်စဉ်ကြောင့် တစ်နိုင်ငံလုံးရှိ အကျဉ်းထောင်များတွင် ထောင်၀င်စာပေးပို့မှုကို ရက်အကန့်အသတ်မရှိ ပိတ်ထားရာမှ အောက်တိုဘာ ၃၁ တွင် ပြန်လည်ခွင့်ပြုပေးလိုက်ခြင်းဖြစ်သည်။

ဓာတ်ပုံ - ပုံအဟောင်း

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

July 11, 2026
ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်အတွင်းသို့ စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်အုပ်စုတပ်သည်...
July 10, 2026
မြန်မာနိုင်ငံတစ်ဝန်း မိုးရွာသွန်းမှုများ ဆက်လက်ရှိနေပြီး မြစ် ၅ မြစ်မှာ စိုးရိမ်ရေမှတ်အနီးသို့...
July 9, 2026
စစ်ကိုင်းတိုင်းအတွင်းရှိ မုံရွာ-ယာကြီး-ကလေးဝလမ်းပိုင်းကို အပြည့်အဝပြန်လည်ထိန်းချုပ်...
July 8, 2026
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်တွင် အသက် ၅ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးအား သတ်ဖြတ်မှု...