စက်လှေဝမ်းဗိုက်ကွဲ၍ ပင်လယ်ထဲ မျောပါနေသည့် ရိုဟင်ဂျာ ၆၀ ဦး ဘိုကလေးမြို့ ကတုံးလေးကျွန်းအနီးတွင် ဖမ်းဆီးခံရ

စက်လှေဝမ်းဗိုက်ကွဲ၍ ပင်လယ်ထဲ မျောပါနေသည့် ရိုဟင်ဂျာ ၆၀ ဦး ဘိုကလေးမြို့ ကတုံးလေးကျွန်းအနီးတွင် ဖမ်းဆီးခံရ

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့ ၊ ကဒုံကနိကျေးရွာအုပ်စု၊ ကတုံးလေးကျွန်းအနီးတွင် အောက်တိုဘာလ ၃၀ ရက်နေ့ညပိုင်းက ရိုဟင်ဂျာ ၆၀ ဦး ဖမ်းဆီးခံခဲ့ရကြောင်း ဒေသခံများထံက သိရသည်။

ဖမ်းဆီးခံရသည့် ရိုဟင်ဂျာများသည် စက်လှေဝမ်းဗိုက်ကွဲကာ ပင်လယ်ထဲမျောပါရာမှ ကတုံးလေးကျွန်းအနီးသို့ ရောက်ရှိလာကြခြင်းဖြစ်ပြီး ၎င်းတို့နှင့်အတူ လိုက်ပါလာသည့် စက်လှေသမား ငါးဦးပါဖမ်းဆီးခံခဲ့ရကြောင်း ဒေသခံတစ်ဦးက ပြောသည်။

"ရိုဟင်ဂျာတွေစီးလာတဲ့စက်လှေ သောင်နဲ့တိုက်မိပြီး ဗိုက်ပေါက်သွားတော့ ရေထဲမှာမျောနေကြတာကို ငါးဖမ်းလှေတွေကတွေ့ပြီး ရဲကိုအကြောင်းကြားတာက နေ အဖမ်းခံရတာပါ။ လာတုန်းက အယောက် ၈၀ လောက်လာတာ ။ ရေထဲကိုမျောသွားတာ အယောက် ၂၀ လောက်ရှိတယ်လို့ သိရတယ်"ဟု၎င်းကဆိုသည်။

ထို့နောက် စစ်ကောင်စီတပ်များနှင့် ရဲများက ရိုဟင်ဂျာများနှင့် စက်လှေသမားများအပါအဝင် ၆၅ ဦးကို ကဒုံကနိကျေး ရွာမှတစ်ဆင့် ဘိုကလေးမြို့သို့ ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ဆိုသည်။

ဖမ်းဆီးခံရသည့် ရိုဟင်ဂျာများမှာ အသက် ၁၈ နှစ်အောက် ရိုဟင်ဂျာလူမျိုး ၄၅ ဦးနှင့် အသက် ၁၈ နှစ်အထက် ၁၅ ဦးတို့ဖြစ်သည်ဟု ဒေသခံကပြောသည်။

အဆိုပါ ရိုဟင်ဂျာများသည် ပွဲစားနှင့်ချိတ်ဆက်ကာ မလေးရှားနိုင်ငံသို့သွားရောက်ရန် ရခိုင်ပြည်နယ်ဘက်မှ ထွက်ခွာလာကြခြင်းဖြစ်ပြီး ရိုဟင်ဂျာတစ်ဦးလျှင် ကျပ် ၂၅ သိန်းနှုန်း စရန်ငွေ ပေးထားရသည်ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

"ဟိုဟင်ဂျာတွေကို မလေးရှားအရောက် မြန်မာငွေ သိန်း ၁၀၀ နဲ့ ပို့ပေးမယ်ဆိုပြီးပွဲစားက ခေါ်လာတာ။ လောလောဆယ် တစ်ယောက်ကို စရန်ငွေ ၂၅ သိန်းပေးထားရတယ်လို့ သိရတယ်" ဟု ၎င်းကဆိုသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖျာပုံခရိုင်အတွင်း ရေကြောင်းဖြင့် ဝင်ရောက်လာသည့် ရိုဟင်ဂျာများကို စစ်ကောင်စီက လေးကြိမ်မြောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ဧရာဝတီတိုင်းအတွင်းရှိ ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိတွင် အောက်တိုဘာလ ၃၀ ရက်နေ့က ဖမ်းဆီးခံရသည့် ရိုဟင်ဂျာများကို ဖျာပုံခရိုင်၊ ဘိုကလေးမြို့မရဲစခန်းတွင် ဖမ်းဆီးထားသည်ဟုသိရပြီး စစ်ကောင်စီလက်အောက်ခံရဲများက မှတ်ပုံတင်အက်ဥပဒေဖြင့် အမှုဖွင့်အရေးယူရန် လုပ်ဆောင်နေကြသည်ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူများ၏ပြောပြချက်အရ သိရသည်။

ဓာတ်ပုံ-ပုံအဟောင်း

စာတည်း။ ။ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

July 11, 2026
ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်အတွင်းသို့ စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်အုပ်စုတပ်သည်...
July 10, 2026
မြန်မာနိုင်ငံတစ်ဝန်း မိုးရွာသွန်းမှုများ ဆက်လက်ရှိနေပြီး မြစ် ၅ မြစ်မှာ စိုးရိမ်ရေမှတ်အနီးသို့...
July 9, 2026
စစ်ကိုင်းတိုင်းအတွင်းရှိ မုံရွာ-ယာကြီး-ကလေးဝလမ်းပိုင်းကို အပြည့်အဝပြန်လည်ထိန်းချုပ်...
July 8, 2026
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်တွင် အသက် ၅ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးအား သတ်ဖြတ်မှု...