ဒေသတွင်းတိုက်ပွဲပဠိပက္ခတွေကြောင့် စားနပ်ရိက္ခာပြတ်လပ်မှုနဲ့ ဆေးဝါးပြတ်လပ်မှု ဆိုးရွားစွာ ကြုံတွေ့နေရတဲ့ ချင်းပြည်နယ်တောင်ပိုင်းက ဒေသခံတွေ

ဒေသတွင်းတိုက်ပွဲပဠိပက္ခတွေကြောင့် စားနပ်ရိက္ခာပြတ်လပ်မှုနဲ့ ဆေးဝါးပြတ်လပ်မှု ဆိုးရွားစွာ ကြုံတွေ့နေရတဲ့ ချင်းပြည်နယ်တောင်ပိုင်းက ဒေသခံတွေ

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှာ မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းပြီးနောက် အရင်ကလက်နက်ကိုင်တောိလှန်ရေးအင်အား အားနည်းခဲ့တဲ့ ချင်းပြည်နယ်မှာ လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေများစွာတိုးပွါးလာကာ တိုက်ပွဲများနဲ့အတူ စစ်ပွဲပဠိပက္ခတွေဖြစ်တဲ့ လူသေဆုံးမှု၊ဖိနှိပ်ကန့်သတ်ခံရမှုတွေချင်းပြည်နယ်အနှံ့ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားခဲ့ပါတယ်။

ချင်းပြည်နယ်အတွင်းမှာ မင်းတပ်မြို့ဟာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ ပထမဆုံးနဲ့ အပြင်းထန်ဆုံးတိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့ရာ ဒေသတစ်ခုဖြစ်ပါတယ်။

တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီးတဲ့နောက်ပိုင်း မင်းတပ်မြို့နယ်ကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြောညာခဲ့ပါတယ်။ ကုန်စည်စီးဆင်းမှုတွေအားလုံးကိုလည်း စစ်ကောင်စီက ထိန်းချုပ်ထားတာဖြစ်လို့ အခုလိုဒေသတွင်းမှာ ကုန်စည်စျေးနှူန်းမြင့်တတ်တာ၊ ပြတ်လပ်တာလို့ မင်းတပ်မြို့နေထိုင်သူ ဒေသခံတစ်ဦးကပြောပါတယ်။

အဲဒီလို ဒေသတွင်းမတည်ငြိမ်မှုတွေကြောင့် ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့နဲ့ မတူပီ၊ပလက်ဝမြို့တို့မှာ အခြေခံစားသောက်ကုန်ဖြစ်တဲ့ ဆန်၊ဆီ၊ဆား ပြတ်လပ်တာ၊ ဝယ်ယူဖို့တောင် မရှိတဲ့ အခြေနေအထိ ပြတ်လပ်တဲ့ အဆိုးရွားဆုံး အခြေနေထိ ဖြစ်နေတယ်လို့ အဲဒီဒေသမှာ နေထိုင်ကြတဲ့ ဒေသခံတွေဆီက သိရပါတယ်။

မင်းတပ်မြို့ပေါ်မှာနေထိုင်တဲ့ ဒေသခံအမျိုးသမီး အိမ်ရှင်မတစ်ဦးပြောပြတာက “ဆန်ရောင်းတဲ့သူကလည်း သိပ်မရှိတော့ စျေးကအတည်တကျမရှိဘူး။ ဆန်ကိုလည်း အိမ်ထောင်စုစာရင်းနဲ့ ဝယ်ရတာပေါ့ ခရစ်ယာန်ဆိုရင် ကိုယ့်ဘုးရားကျောင်း၊ ဗုဒ္ဓဘာသာဆိုရင်လည်း ဘုန်းကြီးကျောင်းမှာ အဲဒီကလူကြီးတွေဆီက ချိတ်ဆက်ပြီး အိမ်ထောင်စုစာရင်းနဲ့ အလိုက် ၁ အိတ်ဆိုရင်လည်း (၁) အိတ်၊ (၂)အိတ်ဆိုရင်လည်း (၂) အိတ်နဲ့ပေါ့ အဲလိုလေးဝယ်ရတယ်။ မိသားစုနည်းတဲ့သူအတွက်တော့ အခက်ခဲသိပ်မရှိပေမယ့် မိသားစုများတဲ့ အိမ်တွေတော့ တော်တော်လေးဒုက္ခရောက်တယ် အကန့်သက်နဲ့ ဝယ်ရတာဆိုတော့ အခု ရိုးရိုးဆန်ကို လေးသောင်းဝန်းကျင်လောက်နဲ့ ပေးဝယ်ရတယ်”လို့ပြောပါတယ်။

စစ်ပွဲပဠိပက္ခတွေကြောင့် မင်းတပ်မြို့နေလူထုရဲ့ ၉၀ ရာခိ်ုင်နှုန်းခန့်ဟာ အိုးအိမ်စွန့်ခွာထွက်ပြေး တိမ်းရှောင်ခဲ့ကြရတယ်လို့ မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။

ချင်းပြည်နယ်အတွင်း တိုက်ပွဲအရှိန်မြင့်တက်လာတဲ့ နောက်ပိုင်း ချင်းပြည်နယ် တစ်ပြည်နယ်လုံးက စစ်ဘေးရှောင် ဒုက္ခသည်တွေဟာ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်မှာ သွားရောက်ခိုလှုံကြတဲ့ အထဲ မင်းတပ်မြို့နယ်ကနေ ထွက်ပြေးတိမ်းရှောင်လာကြသူတွေက အနည်းငယ်သာရှိတယ်လို့ သိရပါတယ်။

မင်းတပ်မြို့နဲ့ ကန်ပက်လက်မြို့တွေဟာ ပထဝီအနေထားအရ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်နဲ့ အင်မတန်အလှမ်းဝေးတာတွေကြောင့် ထွက်ပြေးတိမ်းရှောင်သူ အများစုဟာ မကွေးတိုင်း ယောဒေသဘက်မှာရောက်ရှိကြတာ ရှိကြသလို ရန်ကုန်၊ မန္တလေးနဲ့ အခြားသော တိုင်းနဲ့ပြည်နယ်တွေမှာပါ သွားရောက်ခိုလှုံနေကြတယ်လို့ မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ဝင်တစ်ဦးကဆိုပါတယ်။

မင်းတပ်မြို့ပေါ်မှာ ကျန်ခဲ့တဲ့ ဒေသခံတွေကတော့ စားရိက္ခာမလုံလောက်တဲ့ အခက်ခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရပါတယ်။ အခုလိုလုပ်တာက စစ်ကောင်စီတပ်ဖွဲ့က ရည်ရွယ်ချက်ရှိရှိ လုပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

မင်းတပ်မြို့ဒေသခံတစ်ဦးပြောတာက “ကျနော်တို့မင်းတပ်မြို့ဆိုရင် သူတို့(စစ်ကောင်စီတပ်ဖွဲ့) သတ်မှတ်ထားတဲ့ ကားတွေပဲထွက်လို့ရတယ် သူတို့တွက် အဆင်ပြေတဲ့ စားသောက်ကုန်လောက်ပဲ သယ်ယူလို့ရတယ် ရှင်းရှင်းပြောရရင် ကျနော်တို့ကို ဒီလိုလုပ်ထားတာ တစ်နှစ်ကျော်ပြီ မီးခြစ်၊ ဓာတ်ခဲကစ ဝယ်လို့မရတဲ့ အနေထားပေါ့ ကျနောတို့ချင်းလူမျိုးက လူနည်းစုဖြစ်တယ် ခတ်အဆက်ဆက် အစိုးရရဲ့မေ့လျော့ခြင်းခံထားရတဲ့ အဆင်းရဲဆုံးပြည်နယ်ဖြစ်တယ် လို့ပြောပါတယ်။

ပြည်တွင်းမှာလဲ ဆန်သစ်ပေါ်ပြီဆိုပေမဲ့ ဆန်စျေးတွေဟာ အတက်ဘက်မှာ ဆက်ရှိနေပါတယ် အခုလို ဆန်၊ စပါးစျေးကွက်အတွင်း ဆန်စျေးအမြင့်နဲ့ပေါ်လာလို့ ဆန်စျေးကတော့ အတက်ဘက်မှာ ရှိနေတယ်လို့ ပြည်တွင်း ဆန်စပါးကုန်သည်တွေက ပြောပါတယ်။

နောက်ပြီး မြန်မာနိုင်ငံကနေ အိန္ဒိယတစ်နိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်လာတဲ့ ဒုက္ခသည် အရေတွက်ဟာ ခန့်မှန်းခြေ တစ်သိန်းဝန်းကျင်လောက် ရှိနိ်ုင်တယ်လို့ ချင်းလူ့အခွင့်ရေး အဖွဲ့ချုပ် (CHRO) ကဆိုထားပါတယ်။

အဲဒီလို အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ဘက်ကို ၂၀၁၇ ခုနှစ်ကတည်းက ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝဒေသခံပြည်သူတွေဟာ ရက္ခိုင့်တပ်တော်AA နဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ အကြား တိုက်ပွဲပဠိပက္ခတွေကြောင့် စစ်ဘေးရှောင်ခဲ့ကြရပါတယ်။

၂၀၁၈ ခုနှစ်ကလောက်မှာ ရက္ခိုင့်တပ်တော် AA နဲ့ စစ်ကောင်စီတပ်တွေ အကြား တိုက်ပွဲအပြင်းအထန် ပလက်ဝမြို့နယ်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး စစ်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။

ပလက်ဝမြို့နယ်မှာဖြစ်ပွားခဲ့တဲ့ ရက္ခိုင့်တပ်တော် AA နဲ့ စစ်ကောင်စီတပ် တို့ရဲ့ တိုက်ပွဲဟာ ၂၀၂၀ ခုနှစ် နိုဝင်ဘာလ အထွေထွေရွေးကောက်ပွဲ မတိုင်ခင်အထိ တိုက်ပွဲတွေအပြင်းအထန် ဖြစ်ပွားခဲ့တာဖြစ်ပြီးနောက် ယာယီအပစ်ရပ်ခဲ့ရာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁)ရက်နေ့မှာ စစ်ကောင်စီအာဏာသိမ်းပြီးနောက် ဇွန်လ ပိုင်းလောက်ကစပြီး စစ်ရေးတင်းမာမှုတွေဖြစ်ပွားခဲ့ရာကနေ လက်ရှိ တိုက်ပွဲတွေ ပြန်လည်ပြီး အပြင်းထန်ဖြစ်ပွားလျက်ရှိနေပါတယ်။

အဲဒီလို စစ်ရေးတင်းမာမှုတွေ တိုက်ပွဲတွေဖြစ်ပွားပြီးနောက် လမ်းကြောင်းပိတ်ဆို့တာကြောင့် အခြေခံလူသုံးကုန်ပစ္စည်းနဲ့ စားနပ်ရိက္ခာ ဆေးဝါးပြတ်လပ်နေတာလို့လည်း ဒေသခံတွေထံကတဆင့် သိရပါတယ်။

ဆေးဝါးပြတ်လပ်တာတွေကြောင့် အခုနှစ်မိုးကာလပိုင်းအတွင်း ချင်းပြည်နယ်က စစ်ဘေးရှောင်စခန်းတွေမှာ ငှက်ဖျားရောဂါပိုးတွေ့တဲ့ ဦးရေက ၂၀၂၀ တစ်နှစ်လုံး ပိုးတွေ့မှုထက် ပိုများပြားခဲ့တယ်လို့ Chin Health Orginazation က အခုနှစ် ဇူလိုင်လ ၈ ရက်နေ့တုန်းက ထုတ်ပြန်ထားပါတယ်။

တောထဲမှာ စစ်ဘေးရှောင်ရပြီး လူအပြောင်းရွှေ့များတာကြောင့် ငှက်ဖျားရောဂါက အထူးများပြားလာခဲ့တာတွေ့ရပြီး ဒီငှက်ဖျားရောဂါထဲကမှ သာမန်ငှက်ဖျားအပြင် အပြင်းထန်ငှက်ဖျား (ဦးဏှောက်သို့ ငှက်ဖျားပိုးဝင်ခြင်း) တွေက လူကို သေဆုံးတာတွေထိ ဖြစ်စေခဲ့ပါတယ်လို့လည်း ချင်းပြည်နယ် ကျန်းမာရေးအဖွဲ့ကပြောပါတယ်။

ပလက်ဝမြို့နယ် ဆမီးမှာ စစ်ဘေးရှောင်နေတဲ့ ဒေသခံတစ်ဦးက “ ဒီမိုးရာသီတုန်းက အိမ်တိုင်းနီးပါးလိုလို ဖျားကြနာကြတယ် တချို့သေတာတွေလဲရှိတယ် ကျနော်လည်း တော်တော်လေးဖျားသေးတယ် ကျနော်က ဆေးသောက်ဖို့ ရှိတာနဲ့ ခံသာသေးတယ် တော်တော်များများက ဖျားတာတောင် ဆေးသောက်ဖို့တောင် မရှိဘူး တော်တော်လေးအခြေနေ ဆိုးခဲ့တယ်”လို့ ပြောပါတယ်။

ချင်းပြည်နယ်မှာ လူဦးရေအားဖြင့် ၄၇၈,၀၀၀ ကျော်အထိရှိပြီး တိုက်ပွဲပဠိပက္ခတွေကြောင့် ချင်းပြည်နယ်ရဲ့ လူဦးရေ ၂၀ ရာခိုင်နှုန်းလောက်ဟာ သူတို့ရဲ့ နေအိမ်တွေကို စွန့်ခွာထွက်ပြေးခဲ့ရတယ်လို့ ချင်းလူမှုအဖွဲ့အစည်းတွေရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။

စစ်ပွဲပဠိပက္ခတွေကြားက ဒေသခံပြည်သူတွေဟာ အစာဟာရပြတ်လပ်တာ ကျန်းမာရေးတွက် ဆေးဝါးမရှိတာ စတဲ့ အခက်ခဲများစွာကို ဆက်လက်ကြုံနေရပါသေးတယ်။

April 25, 2026
ချင်းပြည်နယ် ၊ ဖလမ်းမြို့နယ်မှာ ဧပြီလ ၂၃ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း...
April 24, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့ကို စစ်ကြောင်းထိုးလာနေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့တွေနဲ့ ဖလမ်းမြို့နားမှာ...
April 23, 2026
ဇိုဂမ် (Zogam) နယ်မြေအတွင်းကို ဘယ်ပြင်ပအဖွဲ့အစည်းကမှ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်တာကို...
April 22, 2026
အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်က NCA ကာလတုန်းက မူဟောင်းကြီးကို ပြန်အစဖော်ပြီး CNF အပါအဝင်...