ပဋိပက္ခများကို ငြိမ်းချမ်းရေးနည်းလမ်းဖြင့် ကိုင်တွယ်ဖြေရှင်းနိုင်ရေး “ဝ” အဖွဲ့များ တိုက်တွန်း

ပဋိပက္ခများကို ငြိမ်းချမ်းရေးနည်းလမ်းဖြင့် ကိုင်တွယ်ဖြေရှင်းနိုင်ရေး “ဝ” အဖွဲ့များ တိုက်တွန်း

ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၏ (၆၂)နှစ်မြောက်ဂုဏ်ပြုပွဲတွင် တိုက်လေယာဥ်ဖြင့် တိုက်ခိုက်ခံခဲ့ရမှုအပေါ်တွင် များစွာအံ့ဩတုန်လှုပ်ခဲ့ရကြောင်း “ဝ” ဒေသရှိအဖွဲ့များဖြစ်သည့် ဝပြည်သွေး စည်းညီညွတ်ရေးပါတီ၊ ဝပြည်နယ်ပြည်သူ့အစိုးရနှင့် “ဝ” ပြည်နယ်သွေးစည်းညီညွတ်ရေးတပ်မတော်တို့ က အောက်တိုဘာလ ၂၇ ရက် ယမန်နေ့က ထုတ်ပြန်ကြေညာလိုက်သည်။

ဖြစ်စဉ်တွင် အသက်ဆုံးရှုံးခဲ့ရသည့် အပြစ်မဲ့ပြည်သူများအပေါ် နှမြောတသမှုနှင့်အတူ ကျန်ရစ်သူမိသားစု များ၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)နှင့်ထပ်တူ ကြေကွဲခံစားရကြောင်းလည်း ၎င်းတို့၏ ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

အပိုင်းနှစ်ပိုင်းပါဝင်သည့် ၎င်းတို့၏ထုတ်ပြန်ချက်တွင် တိုက်ခိုက်ခံရသူများအတွက် ဝမ်းနည်းကြောင်း၊ နောက်ဆက်တွဲဖြစ်စဉ်များအပေါ် အထူးဂရုပြုစောင့်ကြည့်နေကြောင်းနှင့် ပဋိပက္ခနှင့်သက်ဆိုင်သူများ အပေါ်တွင် တိုက်တွန်းနှိုးဆော်မှုများ ပါဝင်သည်ကို တွေ့ရသည်။

ထူးခြားချက်အနေဖြင့် ကချင်ဒေသဖြစ်စဉ်ကို တိုက်လေယာဥ်ဖြင့် တိုက်ခိုက်မှုခံခဲ့ရကြောင်းသာ ဖော်ပြ ထားပြီး မည်သည့်အဖွဲ့ကပြုလုပ်ခဲ့သည်ကို ဖော်ပြထားခြင်း မတွေ့ရပေ။

ကချင်ဖြစ်စဉ်အပေါ် ထုတ်ပြန်ကြေညာချက်နှင့်ပတ်သက်ပြီး ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)မှ လားရှိုးမြို့ဆက်ဆံရေးတာဝန်ခံ ဦးညီရမ်းက “ ထုတ်ပြန်ချက်အတိုင်းပါပဲနော်။ သီးခြားမှတ် ချက်ပြုစရာမရှိသေးပါ” ဟု မဇ္ဈိမသို့ ပြောကြားသည်။

“ဝ” အဖွဲ့များအနေဖြင့် အသက်ပေါင်းများစွာသေကျေပျက်စီးစေသည့် လက်နက်ကိုင်ထိပ်တိုက် ရင်ဆိုင် တိုက်ပွဲများ ရှောင်ရှားရေး၊ လူ့အဖွဲ့အစည်းနှင့် လူမျိုးစုအကြား ချစ်ကြည်ရေးအတွက် အတူလက်တွဲမှု‌ ကောင်းစွာဖြစ်ထွန်းပြီး မျိုးရိုးစဉ်ဆက်ရန်ငြိုးထားရှိမှုစသည့် ပဋိပက္ခများကို ငြိမ်းချမ်းရေးနည်းလမ်းဖြင့် ကိုင်တွယ်ဖြေရှင်းနိုင်ရေးနှင့် လူ့အခြေခံအခွင့်အရေးပဋိညာဉ်စာတမ်းအရ အပြစ်မဲ့ပြည်သူများ၊ အမျိုး သမီးနှင့်ကလေးသူငယ်များအား ပဋိပက္ခဖြစ်စဉ်တိုက်ခိုက်မှုများကြားမှ အတတ်နိုင်ဆုံး၊ အထိရောက်ဆုံး ကာကွယ်စောင့်ရှောက်ရေးတို့ကို တိုက်တွန်းထားသည်ကိုတွေ့ရသည်။

ပြီးခဲ့သည့်အောက်တိုဘာလ ၂၃ ရက်နေ့ ညနေ ၈နာရီခွဲအချိန်တွင် ဖားကန့်မြို့နယ် အနန့်ပါဒေသတွင် (၆၂)နှစ်မြောက် KIO နှစ်ပတ်လည်နေ့ ကြိုဆိုသည့်အစီအစဉ်များပြုလုပ်နေစဉ် စစ်ကောင်စီက တိုက် လေယာဥ်များဖြင့်တိုက်ခိုက်ခဲ့ခြင်းကြောင့် လူ ၆၀ ထက်မနည်း သေဆုံးခဲ့ရခြင်းဖြစ်သည်။

စာတည်း။ ။စောဖေ

စာမူတည်းဖြတ်။ ။စောဖေ

March 13, 2026
ပါခွီး — ပဲခူးတိုင်း ၊ တောင်ငူမြို့ အခြေစိုက် ကေတုမတီလေတပ်ကို ရှော့တိုက်ဒုံး ၁၈လုံးဖြင့် ပစ်ခတ်...
March 12, 2026
အိန္ဒိယ - မြန်မာ ကုန်သွယ်မှုပြုလုပ်မည့် ကုလားတန်ဘက်စုံသုံးသယ်ယူပို့ဆောင်ရေး စီမံကိန်း (Kaladan...
March 11, 2026
မောင်ခက်နွေ — အာဏာသိမ်းမြန်မာစစ်တပ်၏ ဝင်ငွေအရင်းအမြစ်ဖြစ်သည့် ပုလဲလုပ်ငန်းတွင် ပါဝင်ပတ်သက်နေသော...
March 10, 2026
ဇာမဏီလင်းမောင် — မြန်မာ့နိုင်ငံရေးအခင်းအကျင်းတွင် ဖယ်ထုတ်၍မရသည့် လူထုခေါင်းဆောင်...