ကလေးမြို့လူထုတစ်ရပ်လုံးကို စိုးရိမ်ထိတ်လန့်စေတဲ့ မူးယစ်ဆေးဝါးသုံးစွဲမှုနဲ့ နောက်ဆက်တွဲပြဿနာ

ကလေးမြို့လူထုတစ်ရပ်လုံးကို စိုးရိမ်ထိတ်လန့်စေတဲ့ မူးယစ်ဆေးဝါးသုံးစွဲမှုနဲ့ နောက်ဆက်တွဲပြဿနာ

မြန်မာနိုင်ငံမှာ ၂၀၂၁ခုနှစ်ဖေဖော်ဝါရီလ(၁)ရက်နေ့မှာ မြန်မာစစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ နိုင်ငံရေး မတည်ငြိမ်မှုတွေဖြစ်ပေါ်လာပြီး ၊နိုင်ငံရေးမတည်ငြိမ်မှုတွေကို အကြောင်းပြပြီး ဒုစရိုက်မှုကျူးလွန်သူတွေအနက် အများစုမှာ အုပ်စုဖွဲ့ ခိုးယူတာတွေ ၊ အုပ်စုဖွဲ့ မူးယစ်ဆေးဝါးသုံးစွဲနေတာတွေလဲ အပါအဝင်ဖြစ်နေပါတယ်။ အထူးသဖြင့် ကလေးမြို့မှာ အုပ်စုဖွဲ့ ဒုစရိုက်ကျူးလွန်နေသူတွေရဲ့ ဒုစရိုက်မှုတွေကို ဆန်းစစ်ကြည့်တဲ့အခါမှာ ဒုစရိုက်မှုတွေရဲ့ နောက်ကွယ်မှာ မူးယစ်ဆေးဝါးသုံးစွဲမှုဆိုတဲ့ အကြောင်းပြချက်တစ်ခုကို တွေ့မြင်နေရပါတယ်လို့ ဒေသခံတွေကပြောပါတယ်။

မူးယစ်ဆေးဝါးလို့ဆိုရာမှာ ကလေးမြို့နယ်မှာ ကလေးမြို့နယ်မှာတော့ သူတို့ (ဆေးသမားတွေ)အခေါ် 88/1 WY ဘိန်းဖြူစတဲ့ တရားမဝင်မူးယစ်ဆေးဝါးတွေကို အသုံးများကြပြီးတော့ 88/1နဲ့ WY အသုံးပြုသူတွေဟာ အသုံးပြုသူနည်းပါးပြီး ဈေးနည်းတဲ့ ဘိန်းဖြူကိုတော့ အသုံးများကြတယ်လို့ မူးယစ်ဆေးဝါးသုံးစွဲသူတွေက ပြောပါတယ်။

“WY 88/1ကိုတော့ သုံးတဲ့သူတွေနည်းတယ် ၊ အဲ့တာသုံးရတာကို ခုံမင်တဲ့သူတွေပြောရမှာပေါ့ သူတိုတွေလောက်ပဲသုံးတယ် ၊ ဘိန်းဖြူကိုတော့သုံးတဲ့သူများတယ်၊ အာဏာမသိမ်းခင်က တစ်ထုပ်ကို ၃၅၀၀၀ -၄၀၀၀၀ကြားဝယ်ရတာ ၊ အခုတော့ ၅၀၀၀လောက်ထိ ဈေးကျတယ်”လို့ ပြောပါတယ်။

ကလေးမြို့မှာ အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် မူးယစ် ဆေးဝါးတွေ ဈေးနှုန်းအဆမတန် ကျဆင်းနေတာတွေကြောင့်လဲ သုံးစွဲသူတွေတစ်နေ့ထက်တစ်နေ့ ပိုမိုများပြား လာတာ ဖြစ်နိုင်တယ်လို့ သူကဆက် ပြောပါတယ်။

“အာဏာမသိမ်းခင်ကလဲ အောက်လမ်းကနေဝင်တယ် ၊ အာဏာသိမ်းပြီးတော့ခေတ်မကောင်းတော့ ပိုဆိုးလာတာပေါ့နော် ၊ ဈေးတွေကလဲကျပြီးတော့မှ အဲ့မှာလူငယ်တွေကလဲ ကိုယ့်မျက်လုံးနဲ့ ကိုယ့်ရဲ့ပတ်ဝန်းကျင် မှာက အဲ့လိုတွေရောက်လာတော့သုံးတဲ့သူတွေပိုပိုများလာတာ”လို့ ပြောပါတယ်။

ကလေးမြို့က မူးယစ်ဆေးဝါးသုံးစွဲသူအများစုမှာ အသက်အရွယ်အားဖြင့် သက်လတ်ပိုင်း အရွယ်တွေ ဖြစ်ကြ တာများပြီး အသက် ၁၂နှစ်ကနေ အသက် ၇၀ အရွယ်အထိတောင် မူးယစ်ဆေးဝါးသုံးစွဲနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကလေးမြို့နယ်မှာ မူးယစ်ဆေးဝါးသုံးစွဲမှုတွေဟာ မြန်မာစစ်တပ်က အာဏာမသိမ်းမီ ကတည်းက သုံးစွဲသူတွေရှိနေပေမယ့်လဲ ရပ်ကွက်ထဲ ပေါ်ပေါ်တင်တင်သုံးစွဲတာမျိုးတွေတော့ မရှိခဲ့ပါဘူး ။ ယခုလက်ရှိမှာ မူးယစ်ဆေးဝါးသုံးစွဲသူတွေဟာ မြို့ပြင်က သင်္ချိုင်းကုန်းတွေ ၊ လူခြေတိတ်ဆိတ်တဲ့ နေရာတွေမှာသာမက မြို့ပေါ်က လူစည်ကားတဲ့ ရပ်ကွက်အတွင်းမှာ ပေါ်ပေါ်တင်တင်သုံးစွဲနေတာကို တွေ့မြင် နေရတာဖြစ်ပါတယ်။

“အထူးသဖြင့် ရထားဘူတာ ၊ ဒကစဖက်က ပြည်သူ့ပန်းခြံတွေ ၊ ဗြဟ္မနိမိတ ဘုန်းကြီးကျောင်း တောင်ဖက် ဉပုဒ်ချောင်းနားတွေမှာ သုံးတဲ့သူတွေများတယ် ၊ အဲ့နေရာတွေက လူစည်တဲ့နေရာတွေပေါ့ အဲ့နေရာတွေအထိ ဆေးသမားတွေက ဆေးတွေသုံးနေကြတာ”လို့ ဒေသခံတစ်ယောက်ကပြောပါတယ်။

ကလေးမြို့ပေါ်မှာ ပေါ်တင်ဆေးသုံးစွဲနေတာနဲ့ပတ်သက်လို့ သက်ဆိုင်ရာတာဝန်ရှိသူတွေက မသိကျေးကျွန် ပြုနေကြသလို မြို့ပေါ်ရပ်ကွက်အတွင်း နယ်မြေစိုးမိုးနိုင်ရေးကိုသာ အာရုံစိုက်နေကြပြီး မူးယစ်ဆေးဝါးနဲ့ နောက်ဆက်တွဲဖြစ်တဲ့ ခိုးယူမှု လုယက်မှုတွေကို တစ်စုံတစ်ရာအရေးယူတာတွေမလုပ်ကြဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

အဲ့ဒီအပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးရမိတဲ့ဆေးသမား ၊ မူးယစ်ဆေးဝါး ရောင်းဝယ်နေသူတို့ကို ဖမ်းဆီးမိပေမယ့် ပိုက်ဆံတောင်းပြီးနောက်နေ့ မနက်ပိုင်းမှာ ပြန်လွှတ်ပေးတဲ့ ဖြစ်စဉ်တွေလဲ ရှိတဲ့အတွက် မူးယစ်ဆေးဝါးသုံးစွဲသူတွေ ရောင်းဝယ်သူတွေဟာ တစ်နေ့ထက် တစ်နေ့ ပိုမီုများပြား လာသလို ပိုမီုအတင့်ရဲလာကြတယ်လို့ ဒေသခံတစ်ယောက်ကပြောပါတယ်။

“ရပ်ကွက်ထဲက ဆေးရောင်းတဲ့သူတွေကော သုံးတဲ့သူတွေကိုကော စစ်သားတွေက လာဖမ်းတယ် တစ်ယောက် ကို ၃သိန်းကနေ ၅သိန်းလောက်ထိ ဒဏ်ငွေဆောင်ခိုင်းပြီး နောက်နေ့မနက်ပြန်လွှတ်ပေးတယ် ၊ အဲ့လူတွေက လွတ်တာနဲ့ ဆေးပြန်ရောင်းတာပဲ “လို့ဒေသခံတစ်ယောက်ကပြောပါတယ်။

အခုလို နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် မူးယစ်ဆေးဝါးရောင်းဝယ်တာ ၊ သုံးစွဲတာတွေတစ်ရက်ထက် တစ်ရက် ပိုမိုများပြားလာပြီး နောက်ဆက်တွဲဖြစ်တဲ့ လုယက်မှု ၊ခိုးယူမှု ၊ သတ်ဖြတ်မှုတွေရှိလာနိုင်တဲ့အတွက် ဒေသခံတွေက စိုးရိမ်ထိန့်လန့်နေရတယ်လို့ ပြောပါတယ်။

“ဆေးသုံးတဲ့သူတွေ တော်တော်များများက အုပ်စုဖွဲ့သုံးတာလေ ၊လူနေရပ်ကွက်တွေမှာအဲ့လိုသုံးတော့ အဲ့နေရာတွေကို တစ်ယောက်ထဲဖြတ်မသွားရဲဘူး ၊ ရဲကိုလဲမတိုင်ရဲဘူး ၊ တိုင်လို့ရှိရင်လဲ အတိုင်ခံရတဲ့သူတွေက ကိုယ့်ကို ရန်ပြုမှာလဲ ကြောက်ရတယ် ၊ဘာလို့လဲဆို ဖမ်းခံရပြီးနောက်နေ့တွေမှာပြန်လွှတ်ပေးတယ်လေ ”လို့ ပြောပါတယ်။

ကလေးမြို့နယ်က မူးယစ်ဆေးဝါးသုံးစွဲတာရဲ့နောက်ဆက်သွယ်ဖြစ်စဉ်တွေအနက် အုပ်စုလိုက်ပစ္စည်းခိုးယူမှုတွေ ရှိနေတယ်လို့ ဒေသခံတွေက ယုံကြည်နေကြပြီး အခုလိုခိုးယူလုယက်တဲ့ခါမှာလဲ အချိန်အတိုင်းအတာတစ်ခု ထိသေချာစောင့်ကြည့်ပြီး ဝင်ခိုးကြတယ်လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။

“ပထမတစ်ခါတုန်းက ခိုးသွားတယ် ၊ ခြံရှေ့တံခါးနား ရောက်တဲ့ချိန်မြင်လိုက်တော့ထွက်ပြေးတယ် ၊ ဒုတိယတစ်ခါတော့ သူတို့ခိုးပြီးမောင်းသွားကြတာ မြင်လိုက်လို့ သူတို့နောက်ကိုခြေရာခံလိုက်ရင်းနဲ့ ဆိုင်ကယ်ပြင်ဆိုင်မှာပြန်တွေ့တယ် ၊ ခိုးသွားတဲ့သူတွေတော့ မမိလိုက်ဘူး ၊ အဲ့ဆိုင်ကယ်ပြင်ဆိုင်ကလူတွေနဲ့ လက်ဝါးချင်းရိုက်ကြတာနေမှာ”လို့ ဒေသခံတစ်ယောက်ကပြောပါတယ်။

ကလေးမြို့နယ်မှာ နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေအကြား တိုက်ပွဲတွေဖြစ်ပွားနေတဲ့ချိန် နိုင်ငံရေးမတည်ငြိမ်မှုတွေကိုအကြောင်းပြပြီး တရားမဝင် မူးယစ် ဆေးဝါးတွေ အတားအဆီးမရှိဝင်ရောက်လာတဲ့အတွက် ခေတ်လူငယ်တွေ မူးယစ်ဆေးဝါး နွံ့ထဲနစ်နေ ရဖြစ်ပြီး အရပ်ဖက်အဖွဲ့အစည်းတွေအနေနဲ့သော်လည်းကောင်း ၊ စစ်ကောင်စီလက်အောက်က တာဝန်ရှိသူတွေ အနေနဲ့သော်လည်းကောင်း မူးယစ်ဆေးဝါးရောင်းဝယ်တာကို တားဆီးပိတ်ပင်ပြီး မူးယစ်ဆေးဝါး တိုက်ဖြတ်ရေး လုပ်ငန်းတွေမှာ ထိထိရောက်ရောက် ပါဝင်ရန်လိုအပ်ပါတယ်။

အခုလို ကလေးမြို့ပေါ်ရပ်ကွက်တွေမှာ အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ နိုင်ငံရေး မတည်ငြိမ်မှု တွေကို အကြောင်းပြပြီး မူးယစ်ဆေးဝါး သုံးစွဲသူတွေများပြားလာပေမယ့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး စခန်းတွေမှာတော့ မူးယစ်ဆေးလာဖြတ်တဲ့ အရေအတွက်ပိုမိုများပြားလာမယ့်အစား ပုံမှန်လူဦးရေအတိုင်းပဲ ဖြစ်နေတဲ့အတွက် သက်ဆိုင်ရာ တာဝန်ရှိသူတွေကော အရပ်ဖက်အဖွဲ့အစည်းတွေက မူးယစ်ဆေးဝါး တိုက်ဖျက်ရေး စီမံချက်တစ်ခုချမှတ်ကာ ထိထိရောက်ရောက်အရေးယူ ဆောင်ရွက်ရန် အရေးတကြီးလိုအပ်ပါတယ်။

April 25, 2026
ချင်းပြည်နယ် ၊ ဖလမ်းမြို့နယ်မှာ ဧပြီလ ၂၃ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း...
April 24, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့ကို စစ်ကြောင်းထိုးလာနေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့တွေနဲ့ ဖလမ်းမြို့နားမှာ...
April 23, 2026
ဇိုဂမ် (Zogam) နယ်မြေအတွင်းကို ဘယ်ပြင်ပအဖွဲ့အစည်းကမှ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်တာကို...
April 22, 2026
အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်က NCA ကာလတုန်းက မူဟောင်းကြီးကို ပြန်အစဖော်ပြီး CNF အပါအဝင်...