“၀ဥအရောင်းအဝယ်အချို့တော့ရှိတယ်။ စစ်တပ်ကထောက်ခံချက်ကို ငွေပေးပြီး အဲဒီစာရွက်နဲ့ရောင်းဝယ်ရတယ်။ စျေးကတော့ အရမ်းကျသွားပြီ။ ပြီးတော့ နေရာတိုင်းမှာလည်း အရောင်းအဝယ်အဆင်မပြေတော့ဘူး။ စစ်ဘေးရှောင်ရတဲ့ရွာတွေကတော့ လုံးဝမလုပ်နိုင်ဘူး”
အဆိုပါစကားကို မင်းတပ်မြို့ပေါ်က ၀ဥစိုက်ပျိုးသူတစ်ဦးက ပြောဆိုတာဖြစ်ပါတယ်။ မင်းတပ်မြို့မှာ ယခင်က ရွှေ့ပြောင်းတောင်ယာစနစ်ကနေ ၀ဥစိုက်ပျိုးရေးလုပ်ငန်းကို တွင်တွင်ကျယ်ကျယ်ဆောင်ရွက်လာတာ ဆယ်စုနှစ်နီးပါးရှိပြီဖြစ်ပါတယ်။
စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်းမှာ အခုလို စီးပွားရေးနဲ့ပတ်သက်ပြီး မြို့တွင်း၊ မြို့ပြင် အဝင်အထွက်နဲ့ ပစ္စည်းတင်ပို့မှု၊ တင်သွင်းမှုတွေလည်း အရင်ကနဲ့မတူပဲ တင်းကြပ်တဲ့စစ်ဆေးမှုတွေရှိလာတာဖြစ်ပါတယ်။
အခုအချိန်မှာ ၀ဥကို တရုတ်ဖက်က အဓိကဝယ်ယူနေပြီး တရုတ်နဲ့မြန်မာနယ်စပ် ဂိတ်တွေအပိတ်ခံရချိန်မှာတော့ မန္တလေးမြို့မှာ သိုလှောင်ထားရတယ်လို့သိရပါတယ်။
၀ဥစိုက်ပျိုးသူတစ်ဦးက “မင်းတပ်မြို့ပေါ်မှာတင် ၀ယ်တဲ့သူတွေတစ်ချို့တော့ရှိတယ်။ တရုတ်ဖက်ကဝယ်တယ်။ တရုတ်နယ်စပ်ဖက်ပိတ်တဲ့အချိိ်န်ဆိုရင် မန္တလေးမှာပဲ ခဏလှောင်ပြီး အခြောက်လှမ်းတာတွေလုပ်တယ်။ မန္တလေးကနေပဲ တစ်ဆင့်ပြန်ရောင်းကြတယ်” လို့ပြောပါတယ်။
၀ဥစိုက်ပျိုးရေးနဲ့ရောင်းဝယ်ရေးကိုအဓိက စီးပွားရေးလုပ်ငန်းအဖြစ်ချင်းပြည်နယ်တောင်ပိုင်းမြို့နယ်များမှာ အများစုကလုပ်ကိုင်လာခဲ့သလို အစိုးရအနေနဲ့လည်း မင်းတပ်မြို့မှာ ၀ဥအခြောက်လှမ်းစက်ရုံတွေလည်း တည်ခဲ့ပါတယ်။ ဒါပေမယ့် အခုတော့ လည်ပတ်မှုတွေမရှိတော့ပါဘူး။
၀ဥစိုက်တောင်သူတစ်ဦးက “မင်းတပ်မှာရှိခဲ့တဲ့အခြောက်လှမ်းစက်ရုံတွေကတော့ မလည်ပတ်နိုင်တော့ဘူး။ အရင်က တန်ချိန်ပေါင်း ၅၀၀၀၀ တရုတ်ဖက်ကို ပို့မယ်ဆိုတာကလည်း အလုပ်မဖြစ်တော့ဘူး။ ဘာလို့လည်းဆိုတော့ အားလုံးက ၀ဥလုပ်ငန်းကို မလုပ်နိုင်ကြတော့ဘူး။ နယ်ဖက်ကဆိုရင်လည်း မြို့ပေါ်ကို မပို့ရဲတော့ဘူး။ မြို့ပေါ်ရဲ့အနီးအနားလောက်ကပဲ မင်းတပ်မြို့ကိုပို့နိုင်တော့တယ်။ ဒီနှစ်ဆိုရင်ပိုကြပ်လာတယ်။ စစ်တပ်က နေရာအနှံ့ရှိလာတော့လေ” လို့ပြောပါတယ်။
အခုလက်ရှိအခြေအနေအရ မင်းတပ်မြို့ပေါ်ကနေ မန္တလေးကို ၀ဥပို့ရတာ တစ်ခါတစ်ရံအဆင်ပြေပေမယ့် ရွာကနေ ပို့တာတွေကတော့ အဆင်မပြေသလို ပြည်သူတွေလည်း ခဏခဏအဖမ်းခံရတာဆိုတော့ သိပ်အရောင်းအဝယ်မလုပ်တော့ဘူးလို့ ၀ဥတောင်သူတွေဆီကသိရပါတယ်။ အဲဒီအပြင် ဒေသကာကွယ်ရေးတပ်တွေကလည်း လုံခြံုရေးအရ သွားလာမှုတွေကို တားမြစ်တာမျိုးတွေကြောင့် ၀ဥစိုက်ခင်းသွားလာတာတွေလည်း အဆင်မပြေမှုတွေရှိနေပါတယ်။
၀ဥစိုက်ပျိုးသူတစ်ဦးက “ရွာထဲမှာဆိုရင်လည်း ဒေသကာကွယ်ရေးတပ်တွေက စိတ်ကြိုက်သွားလာခွင့်လည်းပိတ်တာဆိုတော့လေ၊ လုံခြံုရေးအရ သွားလာမှုတွေကိုတားမြစ်တာမျိုးလည်းရှိတာဆိုတော့ ၀ဥစိုက်ခင်းသွားလာတာတွေလည်း အခက်အခဲဖြစ်လာတာပေါ့” လို့ပြောပါတယ်။
အရင်က ၀ဥရောင်းဝယ်မှုမှာ အခြောက်လှမ်းထားပြီးသားဆိုရင် နှစ်သောင်းကျော်စျေးရပြီး အခြောက်မလှမ်းရသေးတဲ့အစိုဆိုရင် တစ်သောင်းကျော်ဝန်းကျင်စျေးရတယ်လို့သိရပါတယ်။ ဒါပေမယ့် အခုအခါမှာတော့ အခြောက်လှမ်းပြီးရောင်းတာမရှိတော့ပဲ ရှိပြီးသားအစိုဥတွေကိုပဲ ရောင်းကြပါတယ်။ အဲဒီအတွက်လည်း စျေးကွက်က အခက်အခဲဖြစ်နေတာပါ။
၀ဥစိုက်တောင်သူတစ်ဦးက “အရင်က အခြောက်စျေးဆိုရင် နှစ်သောင်းကျော်တယ်။ ဒါပေမယ့် အခြောက်လှမ်းဖို့က အချိန်လိုအပ်တာရယ်၊ အခြောက်လှမ်းစက်ရုံတွေမလည်ပတ်နိုင်တော့တာရယ်ကြောင့့် အခြောက်လှမ်းပြီးရောင်းတာတွေကတော့ မရှိတော့ဘူး။ အစိုတွေပဲရောင်းလာကြတယ်။ အစိုဆိုရင်လည်း အရင်က တစ်သောင်းကျော်ကျော်ရှိတာ အခုတော့ လုံးဝတစ်ဝက်စျေးရဖို့တောင်ခက်သွားပြီ” လို့အခြေအနေကိုပြောပါတယ်။
အခုနောက်ပိုင်း အရင်က စစ်ဘေးရှောင်တဲ့ ကျေးရွာအချို့က ၀ဥစိုက်တောင်သူအချို့ကတော့ ဒေသငြိမ်းချမ်းတဲ့အခြေအနေပေါ်မူတည်ပြီး ကျေးရွာပေါ်မနေပဲ ၀ဥစိုက်ခင်းမှာ တဲ့ထိုးပြီး ၀ဥရောင်းဝယ်ဖို့အတွက် ပြန်လုပ်တာမျိုးလည်းရှိပါတယ်။
စစ်ဘေးရှောင်ပြီး ၀ဥစိုက်ခင်းပြန်လုပ်သူတစ်ဦးက “အရင်ကတော့ စျေးကောင်းရတာပေါ့။ လမ်းပန်းဆက်သွယ်ရေးကလည်း လုံခြံုရေးအခက်အခဲဖြစ်တာပေါ့။ တစ်ချို့စစ်ဘေးရှောင်တွေက ရွာပြန်ပြီး တောထဲမှာ တဲထိုးပြီးပြန်လုပ်တဲ့ရွာတွေတစ်ချို့တော့ရှိတယ်။ အရောင်းအဝယ်ကတော့ ဘယ်လိုဖြစ်မလဲမသိသေးဘူး” လို့ပြောပါတယ်။
စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း ၀ဥစိုက်ပျိုးရေးကို ထပ်မံလုပ်ဆောင်နိုင်တာမရှိတဲ့အတွက် စိုက်ပျိုးပြီး အခင်းတွေကိုသာ ဂရုစိုက်ရတယ်လို့ မင်းတပ်မြို့နယ် အမှတ် (၂) ဖက်ခြမ်းကျေးရွာက ၀ဥတောင်သူတစ်ဦးကပြောပါတယ်။
သူက “ထပ်ပြီးတော့ ၀ဥစိုက်တာမျိုးကတော့ မရှိတော့ဘူး။ စိုက်ထားပြီးသားကို ပြန်ထိန်းသိမ်းတဲ့ အနေအထားမျိုးပဲရှိနိုင်တော့တာပေါ့” လို့ပြောပါတယ်။
စစ်ကောင်စီလက်အောက်ကနေ ယခင်က ထင်ချောင်းဝဥအခြောက်လှမ်းစက်ရုံ ပြန်လည်ပတ်ဖို့ဆောင်ရွက်နေတယ်လို့ သတင်းထွက်ပေါ်လျက်ရှိပြီး နို၀င်ဘာလဝန်းကျင်တွင် စက်ရုံလည်ပတ်နိုင်ရေး ဆောင်ရွက်မယ်လို့သိရပါတယ်။ စက်ရုံလည်ပတ်နိုင်ရေးအတွက် ဥက္ကဌနေရာမှာ ဦးသိန်းစိန်အစိုးရလက်ထက် ချင်းပြည်နယ် စည်ပင်သာယာရေးဝန်ကြီး အဖြစ်တာဝန်ယူခဲ့သူက ဦးဆောင်သွားမယ်လို့သိရပါတယ်။ ဒါပေမယ့် အဲဒါနဲ့ပတ်သက်ပြီး ချင်းဝေါလ်သတင်းဌာနအနေနဲ့ သီးခြားအတည်ပြုချက်အတွက် ဆက်သွယ်မရပါဘူး။
၀ဥရောင်းဝယ်ရေးဆောင်ရွက်နေသူတစ်ဦးက “သတင်းကြားမိတာကတော့ ထင်ချောင်းက ၀ဥအခြောက်လှမ်းစက်ရုံကို နို၀င်ဘာလလောက်ပြန်လည်ပတ်မယ်လို့တော့ကြားတယ်။ ဘယ်လိုသူတို့ဆောင်ရွက်မလဲတော့ မသိသေးဘူး။ ရေရှည်လည်ပတ်မှုဘယ်လိုပြန်လုပ်မလဲတော့ မသိသေးဘူး” လို့ပြောပါတယ်။
ကျေးရွာမှာပဲနေထိုင်ပြီး ၀ဥလုပ်ငန်းကို အားထားဆောင်ရွက်နေတဲ့ တောင်သူတွေအနေနဲ့ကတော့ ၀ဥစျေးပြန်ကောင်းဖို့မျှော်လင့်သလို မြို့ပေါ်ကနေ အရင်ကလို ၀ဥလာဝယ်တဲ့သူတွေကို စောင့်မျှော်နေရပါတယ်။
၀ဥစိုက်ပျိုးသူတောင်သူအမျိုးသမီးတစ်ဦးက “၀ဥစျေးကွက်ပြန်ကောင်းဖို့ပြန်မျှော်လင့်တာပဲ။ ငါတို့ရွာကတော့ တောင်ယာတော့ တစ်ခါတစ်လေသွားဖြစ်ပါတယ်။ ၀ဥကို ရွာကို လာဝယ်ကြတယ်အရင်က။ အဲဒါကိုပဲစောင့်နေတာ။ စျေးဘယ်လိုအခြေအနေမှန်းတော့မသိဘူး” လို့ပြောပါတယ်။
လက်ရှိအခြေအနေအရတော့ ၀ဥစိုက်ပျိုးရေးနဲ့ ရောင်းဝယ်မှုအခက်အခဲတွေဆိုးရွားနေသလို၊ အရင်အဲန်အယ်ဒီအစိုးရလက်ထက်က ၀ဥအခြောက်လှမ်းစက်ရုံမလည်ပတ်နိုင်မှုတွေနဲ့၊ အရင်က တရုတ်ကို ချင်းပြည်နယ်အစိုးရအနေနဲ့ ၀ဥတန်ချိန် ၅၀၀၀၀ နှစ်စဉ်ပို့ပေးဖို့ သဘောတူထားတာတွေကတော့ စစ်ကောင်စီအာဏာသိမ်းမှု နောက်ပိုင်းမှာပျက်စီးသွားခဲ့ပြီဖြစ်ပါတယ်။







