ကချင်ပြည်နယ်အစပ် ကသာမြို့နယ်၊ ကျေးရွာအချို့က ကိုယ်ဝန်ဆောင်နှင့် အသက်(၁) နှစ်အောက် ကလေးငယ်များ ကာကွယ်ဆေးထိုးခွင့်မရ

ကချင်ပြည်နယ်အစပ် ကသာမြို့နယ်၊ ကျေးရွာအချို့က ကိုယ်ဝန်ဆောင်နှင့် အသက်(၁) နှစ်အောက် ကလေးငယ်များ ကာကွယ်ဆေးထိုးခွင့်မရ

ကချင်ပြည်နယ်အစပ်၊ စစ်ကိုင်းဒေသကြီး ကသာမြို့နယ်က စစ်ကောင်စီစစ်ကြောင်းတွေ ဝင်ရောက်လေ့ရှိတဲ့ ကျေးရွာအချို့မှာ အသက် (၁) နှစ်အောက်ကလေးတွေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေ ကာကွယ်ဆေး မထိုးနှံရတာ (၂) နှစ်လောက် ရှိနေပါပြီ။

အာဏာမသိမ်းခင်နှစ်တွေမှာ ကျေးရွာဆေးပေးခန်းတွေ ရှိတဲ့အပြင် ဆရာဝန်တွေ သူနာပြုတွေ ရောက်ရှိလာပြီး ကလေးတွေနဲ့ ကိုယ်ဝန်ဆောင်တွေ ထိုးနှံရမယ့် ကာကွယ်ဆေးအမျိုးမျိုးကို ထိုးနှံပေးလေ့ရှိပေမယ့် နောက်ပိုင်းမှာတော့ ထိုးနှံခွင့်မရတော့ဘူးလို့ စစ်ကြောင်းအမြဲဝင်ရောက်လေ့ရှိတဲ့ ကံသာကျေးရွာဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

“ဟိုအရင်းတုန်းကတော့ ထိုးတာပေါ့။ အခုကမထိုးရဘူးပေါ့။ အရင်တုန်းကတော့ ကိုယ်ဝန်ဆောင်တွေ ဘာတွေကိုခေါ်တယ်။ ကာကွယ်ဆေးတွေထိုးတယ်။ အခုက ဘာမှလည်းမခေါ်ဘူး။ ထိုးတာလည်းမရှိဘူး၊” လို့ ဒေသခံက ဆိုပါတယ်။

အခုလိုကျေးရွာအတွင်း အခမဲ့ ဆေးမထိုးနှံရတာဟာ ရွာအတွင်းစစ်ကြောင်း မကြာခဏ ရောက်ရှိလာ တတ်တဲ့အတွက် ပုန်းရှောင်နေကြရတာကြောင့်ဖြစ်ပြီး ကျန်းမာရေးစောင့်ရှောက်တဲ့ သူလည်းမရှိဘူးလို့လည်း ဆိုပါတယ်။

တစ်ချို့ မိသားစုတွကတော့ ကသာမြို့ထဲက ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းတွေမှာ သွားရောက်ထိုးနှံကြပေမယ့် လမ်းခရီး လုံခြုံမှုမရှိတဲ့အတွက် အများပိုင်းက သွားရောက်မထိုးနှံနိုင်ကြဘူးလို့လည်း ဒေသခံက ပြောပါတယ်။

“ကလေးတွေ အတွက်က တော်တော်လေးတော့ စိုးရိမ်ရပါတယ်။ ဆေးကလည်း မထိုးရဆိုတော့ ဆေးသွားထိုးရင်လည်း တစ်ခါတလေ လမ်းမှာအဖမ်းခံရတာမျိုးတွေ ရှိတဲ့အခါကြတော့ ဘယ်သူမှလည်း သိပ်မသွားရဲကြဘူးလေ။”လို့ ဆိုပါတယ်။

ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ကာကွယ်ဆေးထိုးနှံမှု မရရှိတဲ့ ကျေးရွာတွေကတော့ မိုတားလေး၊ မြေနု၊ ကံသာ ကျောက်ထုံးကြီး အစရှိတဲ့ ကျေးရွာတွေဖြစ်တယ်လို့လည်း သိရပါတယ်။

ဒါအပြင် လက်ရှိအချိန်မှာ ရွာသားတွေအနေနဲ့ စစ်ကြောင်းရောက်တိုင်း ပြေးလွှာပုန်းရှောင်နေရတဲ့ အတွက် ကြောင့်လည်း မြို့တက်ပြီး ကာကွယ်ဆေးထိုးနှံဖို့ ဦးစားပေးလုပ်ဆောင်နိုင်တာမျိုး မရှိဘူးလို့လည်း ဆိုပါတယ်။

ကလေးတွေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေ အနေနဲ့ ကာကွယ်ဆေးထိုးနှံရမယ့်အချိန်မှာ မထိုးနှံနိုင်ဘူးဆိုရင် မြန်မာနိုင်ငံမှာ ပျောက်ကွယ်လုနီးပါး ဖြစ်နေပြီဖြစ်တဲ့ ရောဂါတွေ ကလေးတွေမှာ ပြန်ဖြစ်ပွားမှာကို စိုးရိမ်ရတယ်လို့ သားဖွားမီးယပ်အထူးကု CDM ဆရာဝန် ဒေါက်တာ Oli မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလိုပြောပါတယ်။

“ကာကွယ်ဆေးမရတဲ့အတွက် တစ်နှစ် နှစ်နှစ်အတွင်းမှာ အရင်တုန်းကမဖြစ်ပေါ်ခဲ့တဲ့၊ ရောဂါတွေက အစုလိုက်အပြုံလိုက် ပြန်ပေါ်လာနိုင်တယ်။ အဓိကအချက်ကတော့ အဲဒါပဲ ”လို့ ဒေါက်တာ Oli က ပြောဆိုခဲ့တာပါ။

ကာကွယ်ဆေး အချိန်မီထိုးနှံလို့ ပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ ရောဂါကတော့ ကျောက်ကြီးရောဂါနဲ့ ပိုလီယိုရောဂါတွေကို ဆိုလိုတာဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနက ဩဂုတ်လ (၁၆) ရက်နေ့က ထုတ်ပြန်လိုက်တဲ့ ထုတ်ပြန်စာမှာ အာဏာသိမ်းခံရပြီးနောက် တိုင်းရင်းသားဒေသအပါအဝင် မြန်မာနိုင်ငံအနှံ့အပြားမှာ အသက်(၅) နှစ်အောက်ကလေးငယ်တွေဟာ ပုံမှန်ရရှိသင့်တဲ့ ကာကွယ်ဆေးမရရှိဘူးလို့ ဆိုထားပါတယ်။

ဒါ့အပြင် တစ်နှစ်အတွင်း အသက် (၁) နှစ်အောက်ကလေးငယ် (၉) သိန်းခွဲရဲ့ ထက်ဝက်ကျော်ဟာလည်း ပုံမှန်ကာကွယ်ဆေး အပြည့်အဝထိုးခွင့် မရရှိဘူးလို့လည်း ထုတ်ပြန်ထားတာပါ။

December 4, 2025
ကချင်ပြည်နယ်၊ နမ္မတီးမြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ လီဒိုလမ်းပိုင်းက စစ်ရှောင်ပြည်သူတွေဟာ...
December 3, 2025
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တစ်ဖက်ကမ်း မိုင်းကာနဲ့ မိုးစိမ်းကျွန်းရွာဘက်က ပြည်သူလူထုတွေ...
December 2, 2025
ကျည်၊ ဘတ်ဂျတ်မရှိတာနဲ့ ရဲဘော်အင်အား နည်းလာတာကြောင့် မိုးကုတ်၊ မိုးမိတ်ကိုပေးပြီး အပစ်ရပ်...
Photo credit - CJ
December 1, 2025
စစ်အုပ်စုရဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း...