နောင်းမီကျေးရွာတွင် ရာသီပေါ်တုပ်ကွေး ဖြစ်ပွားနေပြီး ဆေးဝါးကူညီမှုများ လိုအပ်နေ

နောင်းမီကျေးရွာတွင် ရာသီပေါ်တုပ်ကွေး ဖြစ်ပွားနေပြီး ဆေးဝါးကူညီမှုများ လိုအပ်နေ

ကချင်ပြည်နယ်၊ ဟူးကောင့်ချိုင့်ဝှမ်း၊ လီဒိုလမ်းပေါ်က ကျေးရွာတစ်ခုဖြစ်တဲ့ နောင်းမီကျေးရွာမှာ ဒေသခံပြည်သူ (၂၀) ဦးထက်မနည်း ရာသီပေါ်တုပ်ကွေး ဖြစ်နေပြီး ဆေးဝါးကူညီမှုတွေ လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရွာအတွင်း ကျေးလက်ဆေးပေးခန်းရှိပေမယ့် တစ်ခါတလေ ဆေးပြတ်လပ်တာတွေ ရှိတာကြောင့် အခြေအနေစိုးရိမ်ရတဲ့ ဖျားနာသူတွေဟာ မိုင် (၇၀)လောက်ဝေးတဲ့ မြစ်ကြီးနားဘက် သွားရောက် ကုသနေရတယ်လို့ ဆိုပါတယ်။

ဖျားနာသူတွေထဲမှာ ကလေးတွေသာမက လူကြီးတွေလည်း ပါဝင်နေပြီး တချို့မှာတော့ ဆေးဝယ်ယူဖို့ ငွေကြေးခက်ခဲနေတာကြောင့် ကူညီပေးကြဖို့ တောင်းဆိုချင်တယ်လို့ နောင်းမီကျေးရွာ ဒေသခံပြည်သူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလိုပြောပါတယ်။

 “ကလေးတွေရော၊ လူကြီးတွေရော ရာသီတုပ်ကွေး ဖြစ်နေကြတယ်။ ချမ်းပြီး ဖျားတာတွေ ဖြစ်နေတယ်။ အိမ်မှာ ကိုယ့်ဟာကို မက်ကလောင်ခြစ်၊ ဆေးတွေ ဝယ်စား လုပ်တဲ့ သူတွေ ရှိတယ်။ ချမ်းဖျားဖျားတာတွေအတွက် ဆေးတွေ လာဝေပေးတာတွေရှိရင် အရမ်းကောင်းမယ်လို့”.လို့ ဒေသခံက ဆိုပါတယ်။

 ရွာရဲ့ ကျေးလက်ဆေးပေးခန်းမှာ ကျန်းမာရေးဝန်ထမ်း တစ်ဦးရှိတဲ့အပြင် ရွာအတွင်းက အစိုးရဆေးလက်မှတ်ရ ဆရာမတွေကနေ ကြည့်ရှုကုသပေးနေတယ်လို့လည်း သိရပါတယ်။

 နောက်ထပ် ဒေသခံတစ်ဦးရဲ့ ပြောပြချက်အရ သူနဲ့ နီးစပ်တဲ့ သူတစ်ဦးဟာ ဖျားနာပြီး ဆေးတွေ ထိုးရင်လည်း မပျောက်တာကြောင့် မြစ်ကြီးနားဘက် သွားရောက် ကုသရတဲ့ အထိ ဖြစ်ဖူးတယ်လို့ ဆိုပါတယ်။

နောင်းမီကျေးရွာအတွင်း အရင်က ပြင်ပ အဖွဲ့အစည်းတစ်ခုကနေ ဆေးတွေလာရောက် ပေးဝေတာရှိခဲ့ပေမယ့် ရောက်မလာတာ (၂) လလောက်ကြာသွားပြီ ဖြစ်တာကြောင့် ငွေရေးကြေးရေး ခက်ခဲနေတဲ့ ဒေသခံတွေအတွက် ကူညီပေးဖို့လည်း  တောင်းဆိုနေကြပါတယ်။

နောင်းမီကျေးရွာဟာ အိမ်ခြေ (၁၀၀၀) ဝန်းကျင်လောက် ရှိတဲ့ ကျေးရွာ တစ်ခုဖြစ်ပါတယ်။

ပုံဟောင်းအသုံးပြုထားပါသည်။

February 3, 2026
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်က စစ်ကော်မရှင်တပ်ရဲ့ စခန်းတစ်ခုကို KIA ပူးပေါင်းတပ်ဖွဲ့ကနေ...
January 28, 2026
ကောင်ဂျာရွာ လေကြောင်းတိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိတာကြောင့် ဆေးကုသမှုခံယူနေတဲ့ လသားအရွယ်...
January 27, 2026
ကချင်ပြည်နယ်အတွင်း ဗန်းမော်၊ ဖားကန့်၊ ဝိုင်းမော် စစ်မျက်နှာပြင်နဲ့ တပ်မဟာ(၁)၊(၂) နယ်မြေတွေဘက်မှာ...
January 22, 2026
ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA) ထိန်းချုပ်ထားတဲ့ မြို့နယ် ၂ ခုမှာ ရွေးကောက်ပွဲ မကျင်းပဘူးလို့...