မောင်တောခရိုင်ပညာရေးမှူး ဓားထိုးခံရပြီး သေဆုံး

မောင်တောခရိုင်ပညာရေးမှူး ဓားထိုးခံရပြီး သေဆုံး

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်ပညာရေးမှူး  ဒေါက်တာမြင့်မြင့်စန်း (၅၈ နှစ်) သည် ယနေ့ အောက်တိုဘာ ၂ ရက်နေ့ ညနေ ၇ နာရီခန့်တွင် ဓားထိုးခံရကာ သေဆုံးသွားကြောင်း သတင်းရရှိသည်။

"ဒီနေ့ ညနေက ဓားနဲ့ထိုးခံရပြီး သေဆုံးသွားပြီဖြစ်ပါတယ်။ ဓားနဲ့ထိုးတဲ့ တရားခံကို ဖမ်းရလား၊ မရလား မသိရသေးဘူး။ ဓားနဲ့ သုံးလေးချက် ထိုးခဲ့တာပါ။ သေဆုံးမှုနဲ့ပတ်သက်လို့ နောက်ဆက်တွဲ ဘယ်လို ပြဿနာတွေ လာမယ်မသိဘူး"ဟု အမည်မဖော် လိုသူတစ်ဦးက ပြောသည်။

ပညာရေးမှူးကို ဆေးရုံသို့ ပို့ဆောင်ခဲ့သည့် နောက်ထပ် ဒေသခံတစ်ဦးက "ပညာရေးမှူးရုံးက သူ့အဆောင်မှာ အသတ်ခံရတာပါ။ အကိုတို့ကို ဆေးရုံကို ယူဆောင်ဖို့ ဆက်သွယ်လာတုန်းက ၇ နာရီ ၉ မိနစ်ကပါ။ ခန့်မှန်း (၇) နာရီလောက်မှာ အသတ်ခံရတာဖြစ်နိုင်တယ်။  မျက်နှာနဲ့ လည်ပင်းမှာ ဓားဒဏ်ရာတွေရှိပါတယ်။ မျက်နှာမှာလည်း စုတ်ပြတ်သတ်သွားလို့ ပုံတောင်မရိုက်ခဲ့ရဘူး" ဟု ပြောသည်။

သူမသည် ဓားထိုးခံရပြီးနောက် မောင်တောဆေးရုံသို့ အရေးပေါ် ပို့ဆောင်ခဲ့ပြီးနောက် သေဆုံးသွားခြင်းဖြစ်ကြောင်း ပညာရေးမှူးရုံးဝန်ထမ်း တစ်ဦးကပြောသည်။

"ဒီနေ့ ဥပုသ်သွားစောင့်ပြီး ပြန်ရောက်မှ ဖြစ်တာပါ။ ဆိုင်ကယ်နဲ့ လူ ၃ ယောက် အဆောင်ကိုဝင်လာပြီး ဓားနဲ့ထိုးတာလို့ပြောပါတယ်။ အရေးပေါ်ရောက်မှပဲ ကျမတို့လည်း သိရတာပါ"ဟု ပြောသည်။

လက်ရှိမှာ အသတ်ခံရမှုနှင့်ပတ်သက်၍ တရားခံကို မသိရသေးကြောင်း ပညာရေးအသိုင်းအဝိုင်းက ပြောသည်။

သေဆုံးမှုကို ဦးကျော်ဇံအောင်၊ ခရိုင်ပညာရေးဦးစီး၊ မောင်တောခရိုင်ကလည်း နိရဉ္စရာသတင်းဌာနကို အတည်ပြုပြောကြားသည်။

"သေတာကဟုတ်ပါတယ်။ ညနေက ဓားထိုးခံရတာပါ'' ဟု ၎င်းကပြောသည်။

ယခုကိစ္စနှင့်ပတ်သက်၍ ပိုမို သိရှိနိုင်ရန် မောင်တောမြို့နယ်ရဲစခန်းကို ဆက်သွယ်နေဆဲဖြစ်ပါသည်။

(ဓာတ်ပုံ- မောင်တောမြို့နယ် ဂရုဏာကွန်ယက်)

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...