မောင်တောခရိုင်ပညာရေးမှူး ဓားထိုးခံရပြီး သေဆုံး

မောင်တောခရိုင်ပညာရေးမှူး ဓားထိုးခံရပြီး သေဆုံး

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်ပညာရေးမှူး  ဒေါက်တာမြင့်မြင့်စန်း (၅၈ နှစ်) သည် ယနေ့ အောက်တိုဘာ ၂ ရက်နေ့ ညနေ ၇ နာရီခန့်တွင် ဓားထိုးခံရကာ သေဆုံးသွားကြောင်း သတင်းရရှိသည်။

"ဒီနေ့ ညနေက ဓားနဲ့ထိုးခံရပြီး သေဆုံးသွားပြီဖြစ်ပါတယ်။ ဓားနဲ့ထိုးတဲ့ တရားခံကို ဖမ်းရလား၊ မရလား မသိရသေးဘူး။ ဓားနဲ့ သုံးလေးချက် ထိုးခဲ့တာပါ။ သေဆုံးမှုနဲ့ပတ်သက်လို့ နောက်ဆက်တွဲ ဘယ်လို ပြဿနာတွေ လာမယ်မသိဘူး"ဟု အမည်မဖော် လိုသူတစ်ဦးက ပြောသည်။

ပညာရေးမှူးကို ဆေးရုံသို့ ပို့ဆောင်ခဲ့သည့် နောက်ထပ် ဒေသခံတစ်ဦးက "ပညာရေးမှူးရုံးက သူ့အဆောင်မှာ အသတ်ခံရတာပါ။ အကိုတို့ကို ဆေးရုံကို ယူဆောင်ဖို့ ဆက်သွယ်လာတုန်းက ၇ နာရီ ၉ မိနစ်ကပါ။ ခန့်မှန်း (၇) နာရီလောက်မှာ အသတ်ခံရတာဖြစ်နိုင်တယ်။  မျက်နှာနဲ့ လည်ပင်းမှာ ဓားဒဏ်ရာတွေရှိပါတယ်။ မျက်နှာမှာလည်း စုတ်ပြတ်သတ်သွားလို့ ပုံတောင်မရိုက်ခဲ့ရဘူး" ဟု ပြောသည်။

သူမသည် ဓားထိုးခံရပြီးနောက် မောင်တောဆေးရုံသို့ အရေးပေါ် ပို့ဆောင်ခဲ့ပြီးနောက် သေဆုံးသွားခြင်းဖြစ်ကြောင်း ပညာရေးမှူးရုံးဝန်ထမ်း တစ်ဦးကပြောသည်။

"ဒီနေ့ ဥပုသ်သွားစောင့်ပြီး ပြန်ရောက်မှ ဖြစ်တာပါ။ ဆိုင်ကယ်နဲ့ လူ ၃ ယောက် အဆောင်ကိုဝင်လာပြီး ဓားနဲ့ထိုးတာလို့ပြောပါတယ်။ အရေးပေါ်ရောက်မှပဲ ကျမတို့လည်း သိရတာပါ"ဟု ပြောသည်။

လက်ရှိမှာ အသတ်ခံရမှုနှင့်ပတ်သက်၍ တရားခံကို မသိရသေးကြောင်း ပညာရေးအသိုင်းအဝိုင်းက ပြောသည်။

သေဆုံးမှုကို ဦးကျော်ဇံအောင်၊ ခရိုင်ပညာရေးဦးစီး၊ မောင်တောခရိုင်ကလည်း နိရဉ္စရာသတင်းဌာနကို အတည်ပြုပြောကြားသည်။

"သေတာကဟုတ်ပါတယ်။ ညနေက ဓားထိုးခံရတာပါ'' ဟု ၎င်းကပြောသည်။

ယခုကိစ္စနှင့်ပတ်သက်၍ ပိုမို သိရှိနိုင်ရန် မောင်တောမြို့နယ်ရဲစခန်းကို ဆက်သွယ်နေဆဲဖြစ်ပါသည်။

(ဓာတ်ပုံ- မောင်တောမြို့နယ် ဂရုဏာကွန်ယက်)

July 22, 2026
ရခိုင်ပြည်၏ မြို့တော်၊ စစ်တွေမြို့၊ ဆင်ကူးလမ်းရပ်ကွက်ရှိ ဆင်ကူးလမ်းကျောင်း စစ်ဘေးရှောင်စခန်းမှ...
July 20, 2026
ရခိုင်ပြည်၊ သံတွဲ၊ မအီနှင့် ပုဏ္ဏားကျွန်းမြို့များကို ဇူလိုင်လ ၁၉ ရက်နေ့ တစ်ရက်တည်းအတွင်း...
July 18, 2026
ဧရာဝတီတိုင်းအတွင်း ခိုလှုံနေကြသည့် ရခိုင်စစ်ဘေးရှောင်များနှင့် ရခိုင်မှတ်ပုံတင် (၁၁/---)...
July 17, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ် တောင်မော်ဦးရေတပ်အနီးတွင် အာရက္ခတပ်တော် (AA) နှင့် စစ်တပ်တို့အကြား...