မလေးရှားနိုင်ငံတွင် ရောက်ရှိနေသည့် ရခိုင်လူမျိုး ၆၀၀၀ ကျော်ခန့်သည် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၌ ခိုလှုံခွင့် လျှောက်ထားရာ ၃၀ ဦးခန့် အသိအမှတ်ပြုခံထားရသည်ဟု မလေးရှားရှိ Center for Arakan Refugees (CAR)အဖွဲ့နာယက ဆရာတော် ဦးဥတ္တရက မိန့်ကြားသည်။
ဦးဥတ္တရက '' စုစုပေါင်း ၆ ထောင်ကျော်အထိ ရှိနေပြီ။ ဒုက္ခသည် အသိအမှတ်ပြု ကဒ်ရထားတာ ၂ လလောက်အတွင်းမှာ ၃၀ လောက် ရထားပါပြီ။ သူတို့က တတိယနိုင်ငံ တခုခုကို သွားရောက်ခွင့်ရမှာ ဖြစ်ပြီး အလျှောက်များတာကတော့ အမေရိကန်၊ ကနေဒါနဲ့ သြစတေးလျကို အလျှောက်များတယ်” ဟု မိန့်သည်။
ရခိုင်ဒုက္ခသည်များအဖွဲ့ (CAR) ကို ဖွဲ့စည်းပြီး (၂) လအတွင်း ၃၀ ဦးခန့် အသိအမှတ်ပြုခံထားရသဖြင့် နောက်လူများအတွက်လည်း ကြိုးစား ဆောင်ရွက်သွားမည်ဟု ဆိုသည်။
အသိအမှတ်ပြုခံရသည့် လူငယ် တစ်ဦးက “ UNHCR မှာ ဒုက္ခသည်အဖြစ် လျှောက်ထားတာ သုံးနှစ်ကျော် လေးနှစ်နီးပါးရှိနေပါပြီ။ မရတော့ဘူးလို့ ထင်ထားတာ။ ဟိုတစ်နေ့ ရက်ချိန်းပေးတော့ သွားတွေ့တာ အသိအမှတ်ပြု ကဒ်ထုတ်ပေးလိုက်ပါတယ်။ ခုလို မထင်မှတ်တဲ့ အချိန်မှာ အသိအမှတ် ပြုခံရတော့ ဝမ်းသာပါတယ်”ဟု ပြောကြားသည်။
Center for Arakan Refugees (CAR) အဖွဲ့နာယက ဆရာတော် ဦးဥတ္တရက မလေးရှားသို့ ရွေ့ပြောင်းဒုက္ခသည်များလာကြရာတွင် ပွဲစားများ၏ လိမ်လည်ခေါင်းပုံ ဖြတ်မှုများရှိနေပြီး မလေးရှားတွင် ဒုက္ခရောက်နေကြရသည့် ရခိုင်လူမျိုး အများအပြားရှိနေသဖြင့် အတတ်နိုင်ဆုံး တရားမဝင် လမ်းကြောင်းများမှ တစ်ဆင့် နိုင်ငံရပ်ခြားသို့ အလုပ်လုပ်ရန် သွားရောက်မှုကို ရှောင်ရှားစေလိုသည်ဟု ပြောသည်။
''ရဲအဖမ်းအဆီးခံကြရတယ်။ အလုပ်ရှင်တွေက လုပ်ခမပေးဘဲ ခေါင်းပုံဖြတ်တာ ခံရတယ်။ အထူးသဖြင့် ကျန်းမာရေး။ ဘာထောက်အထားမှ မရှိကြတဲ့အတွက် ဘယ်ဆေးရုံဆေးခန်းကမှ လက်မခံကြဘူး။ ရောက်တဲ့သူက ရောက်နေပြီးပြီ။ ဒီဒုက္ခတွေကို ဒီမှာခံနေကြရတယ်။ ဒါကြောင့် ဒီဒုက္ခတွေက လွတ်မြောက်အောင် အထောက်အကူဖြစ်လိုဖြစ်ငြား UNHCR ကိုလျှောက်ဖို့ ဦးဇင်းတို့က ကူညီပေးနေတာပါ'' ဟု ဆက်ပြောသည်။
ရခိုင်ဒုက္ခသည်များအဖွဲ့ ဗဟိုကို ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်က စတင်ဖွဲ့စည်းခဲ့ပြီး မလေးရှားရောက် ရခိုင်ရွေ့ပြောင်းလုပ်သားများကို ကျန်းမာရေးအကူအညီများ၊ ဖမ်းဆီးခံရမှုများ ၊ အလုပ်ရှင်နှင့် အလုပ်သမားကြား ပြဿနာများကို ကူညီဖြေရှင်းပေးနေကြောင်း သိရသည်။
ရခိုင်အမျိုးသားအများအပြားသည် မလေးရှားနိုင်ငံတွင် အလုပ်လုပ်ရန် လာရောက်ကြရာတွင် အခက်အခဲအများအပြားနှင့် ရင်ဆိုင်ခဲ့ကြရသလို ပြည်ထဲပြန်ဝင်ရန်လည်း မဖြစ်နိုင်တော့သည့် နောက်ပိုင်း ဘ၀လုံခြုံမှုမရှိရာမှ UNHCR တွင် ဒုက္ခသည်အဖြစ် လျှောက်ပြီး တတိယနိုင်ငံများသို့ ထွက်ခွာသွားခဲ့ကြသည်ဟု သိရှိရသည်။







