ကရင်ပြည် ဘုရားသုံးဆူ စစ်ကောင်စီစခန်းကို KNLA တိုက်ခိုက်သိမ်းပိုက်၊ တိုက်ပွဲတွင် စကစ ဒုတပ်ရင်းမှူးအပါအဝင် ၁၃ ဦးသေဆုံး

ကရင်ပြည် ဘုရားသုံးဆူ စစ်ကောင်စီစခန်းကို KNLA တိုက်ခိုက်သိမ်းပိုက်၊ တိုက်ပွဲတွင် စကစ ဒုတပ်ရင်းမှူးအပါအဝင် ၁၃ ဦးသေဆုံး

ကရင်ပြည်နယ် ဘုရားသုံးဆူမြို့ရှိ စစ်ကောင်စီတပ်၏ ဘုရားတောင် စခန်းကုန်းကို ယမန်နေ့ စက်တင်ဘာလ (၂၈) ရက် နံနက် (၆) နာရီအချိန်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ဖွဲ့များက တက်ရောက်သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီဘက်က  ဒုတပ်ရင်းမှူးအပါအဝင် အနည်းဆုံး ၁၃ ဦး သေဆုံးသွားခဲ့သည်ဟု ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်  KNLA ကို ကိုးကားပြီး ကရင်သတင်းစဉ် (KIC) က သတင်းဖော်ပြသည်။

KNLA တပ်ရင်း (၁၆) တပ်ခွဲ (၂) တပ်ဖွဲ့မှ ထိုစခန်း ကုန်းကို (၁) နာရီကျော်ခန့် တိုက်ခိုက်ပြီးနောက်  တက်ရောက်သိမ်းပိုက်လိုက် ခြင်းဖြစ်ကြောင်း၊  စခန်းထိုင် ဒုတပ်ရင်းမှူးအပါအဝင် စစ်ကောင်စီ တပ်သား (၁၃) ဦး သေဆုံးခဲ့ပြီး လက်နက်မျိုးစုံ (၇) လက်နှင့် ကျည်ဆံများသိမ်းဆီးရမိခဲ့ကြောင်း  KNLA တပ်ရင်း ၁၆၊ တပ်ခွဲမှ တပ်စုမှူး စောကရိ က ပြောကြောင်း သတင်းတွင် ဖော်ပြသည်။

“ဒီမနက် (၆) နာရီမှာ ဘုရားတောင် ခလရ (၂၈၃) စစ်တပ်စခန်းကို တက်သိမ်းတာ။ အဲ့မှာ စစ်သား (၁၃ ) ယောက်ပဲရှိတယ်။ ဒုတပ်ရင်းမှူး အပါအဝင် အကုန်လုံးသေတယ်။ KNLA တပ်ရင်း ၁၆ တပ်ခွဲ ၂ တပ်ဖွဲ့က စခန်းတက်သိမ်းတာ။ သေနတ်က ၇ လက်ရတယ်။ ကျည်ဆံတွေရောပဲ။ တက်သိမ်းတာ ၁ နာရီကျော်ပဲကြာတယ်”ဟုပြောသည်။

၎င်း ဘုရားသုံးဆူမြို့ရှိ စစ်ကောင်စီတပ်၏ ခြေလျင်တပ်ရင်း-ခလရ (၂၈၃) အခြေစိုက် ဘုရားတောင်စခန်းကုန်းသည် ပြည်သူများကို အနှောင့်အယှက် ဖြစ်စေပြီး အသွားအလာအခက်အခဲရှိသဖြင့် သိမ်းပိုက်ရခြင်းဖြစ်ကြောင်း ဖြင့်လည်း ပြောဆိုသည်။

ကရင်အမျိုးသားအစည်းအရုံး ( KNU)  ဒူးပလာယာခရိုင်၊ တပ်မဟာ (၆) ထိန်းချုပ်နယ်မြေဖြစ်သည့် ဘုရားသုံးဆူမြို့နှင့် ကြာအင်းဆိပ်ကြီး မြို့နယ်တွင် စစ်ကောင်စီတပ်များနှင့် (KNLA) တပ်ဖွဲ့တို့ မကြာခဏ တိုက်ပွဲဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

ထိုစခန်းတက်သိမ်းနေစဉ် ဘုရားသုံးဆူအခြေစိုက် နဂါးတောင် လက်နက်ကြီး ကုန်းမှ လက်နက်ကြီးများဖြင့် ပစ်ကူ ပေးလျက်ရှိသည်ဟု ဒေသခံများက ပြောသည်။

April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...
April 7, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှတဆင့် ရခိုင်ပြည်အတွင်းသို့ သယ်ဆောင်သည့်စက်သုံးဆီများသည်...
April 4, 2026
ကျော်သီဟ — ရခိုင်ပြည်တွင် ပြီးခဲ့သည့်မတ်လအတွင်း အကြမ်းဖက်စစ်ကော်မရှင်တပ်၏ လေကြောင်းအသုံးပြုကြဲ၍...
April 3, 2026
ကျော်သီဟ — နိုင်ငံခြားဖြစ် အရက်နှင့် ဘီယာများကို အာရက္ခတပ်တော်(AA)က သင်္ကြန်ကာလအတွင်း...