ကရင်ပြည်နယ် ဘုရားသုံးဆူမြို့ရှိ စစ်ကောင်စီတပ်၏ ဘုရားတောင် စခန်းကုန်းကို ယမန်နေ့ စက်တင်ဘာလ (၂၈) ရက် နံနက် (၆) နာရီအချိန်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ဖွဲ့များက တက်ရောက်သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ဒုတပ်ရင်းမှူးအပါအဝင် အနည်းဆုံး ၁၃ ဦး သေဆုံးသွားခဲ့သည်ဟု ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA ကို ကိုးကားပြီး ကရင်သတင်းစဉ် (KIC) က သတင်းဖော်ပြသည်။
KNLA တပ်ရင်း (၁၆) တပ်ခွဲ (၂) တပ်ဖွဲ့မှ ထိုစခန်း ကုန်းကို (၁) နာရီကျော်ခန့် တိုက်ခိုက်ပြီးနောက် တက်ရောက်သိမ်းပိုက်လိုက် ခြင်းဖြစ်ကြောင်း၊ စခန်းထိုင် ဒုတပ်ရင်းမှူးအပါအဝင် စစ်ကောင်စီ တပ်သား (၁၃) ဦး သေဆုံးခဲ့ပြီး လက်နက်မျိုးစုံ (၇) လက်နှင့် ကျည်ဆံများသိမ်းဆီးရမိခဲ့ကြောင်း KNLA တပ်ရင်း ၁၆၊ တပ်ခွဲမှ တပ်စုမှူး စောကရိ က ပြောကြောင်း သတင်းတွင် ဖော်ပြသည်။
“ဒီမနက် (၆) နာရီမှာ ဘုရားတောင် ခလရ (၂၈၃) စစ်တပ်စခန်းကို တက်သိမ်းတာ။ အဲ့မှာ စစ်သား (၁၃ ) ယောက်ပဲရှိတယ်။ ဒုတပ်ရင်းမှူး အပါအဝင် အကုန်လုံးသေတယ်။ KNLA တပ်ရင်း ၁၆ တပ်ခွဲ ၂ တပ်ဖွဲ့က စခန်းတက်သိမ်းတာ။ သေနတ်က ၇ လက်ရတယ်။ ကျည်ဆံတွေရောပဲ။ တက်သိမ်းတာ ၁ နာရီကျော်ပဲကြာတယ်”ဟုပြောသည်။
၎င်း ဘုရားသုံးဆူမြို့ရှိ စစ်ကောင်စီတပ်၏ ခြေလျင်တပ်ရင်း-ခလရ (၂၈၃) အခြေစိုက် ဘုရားတောင်စခန်းကုန်းသည် ပြည်သူများကို အနှောင့်အယှက် ဖြစ်စေပြီး အသွားအလာအခက်အခဲရှိသဖြင့် သိမ်းပိုက်ရခြင်းဖြစ်ကြောင်း ဖြင့်လည်း ပြောဆိုသည်။
ကရင်အမျိုးသားအစည်းအရုံး ( KNU) ဒူးပလာယာခရိုင်၊ တပ်မဟာ (၆) ထိန်းချုပ်နယ်မြေဖြစ်သည့် ဘုရားသုံးဆူမြို့နှင့် ကြာအင်းဆိပ်ကြီး မြို့နယ်တွင် စစ်ကောင်စီတပ်များနှင့် (KNLA) တပ်ဖွဲ့တို့ မကြာခဏ တိုက်ပွဲဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
ထိုစခန်းတက်သိမ်းနေစဉ် ဘုရားသုံးဆူအခြေစိုက် နဂါးတောင် လက်နက်ကြီး ကုန်းမှ လက်နက်ကြီးများဖြင့် ပစ်ကူ ပေးလျက်ရှိသည်ဟု ဒေသခံများက ပြောသည်။







