နိုင်ငံခြားမှာ အလုပ်သွားလုပ်မယ့်အရေးနဲ့ ချင်းလူငယ်တွေရဲ့စိန်ခေါ်မှု

နိုင်ငံခြားမှာ အလုပ်သွားလုပ်မယ့်အရေးနဲ့ ချင်းလူငယ်တွေရဲ့စိန်ခေါ်မှု

လက်ရှိမြန်မာနိုင်ငံအခြေအနေအရ ချင်းပြည်နယ်မှာ စစ်ကောင်စီကို တော်လှန်တဲ့ လူငယ်အဖွဲ့တွေရှိနေသလို မိသားစုစားဝတ်နေရေးအခက်အခဲကြောင့် နိုင်ငံခြားထွက်ပြီး အလုပ်လုပ်ချင်တဲ့ ချင်းလူငယ်တွေလည်း ဒုနဲ့ဒေးဖြစ်နေပါတယ်။

ချင်းလူမျိုးတွေဟာ အရင်ကတည်းက နိုင်ငံခြားထွက်ပြီး တတိယနိုင်ငံအထိ ရောက်ရှိကာ အလုပ်လုပ်ကြသလို တတိယနိုင်ငံသားအဖြစ်ခံယူတာမျိုးလည်းရှိခဲ့တာပါ။ အခု စစ်ကောင်စီရဲ့ အာဏာသိမ်းပြီးနောက်ပိုင်းလည်း လူငယ်တွေ နိုင်ငံခြားထွက်ခွါမှု ပိုမိုမြင့်တက်လာနေပါတယ်။

စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်း ပဋိပက္ခနဲ့ အလုပ်အကိုင်ရှားပါးလာမှုတာတွေကြောင့် နိုင်ငံခြားကို ထွက်တဲ့ သူတွေများလာနေပြီး အထူးသဖြင့် အိမ်ဖော်လုပ်ငန်းနဲ့သွားတဲ့သူတွေများနေတယ်လို့ ခရီးသွားအေဂျင်စီတွေက ဆိုပါတယ်။

အဲသလို နိုင်ငံခြားမှာ အိမ်ဖော်အတွက် ပေးပို့ပေးတဲ့ အေဂျင်စီတွေဟာလည်း အစိုးရက တရားဝင်လိုင်စင်ချပေးထားတာမျိုးမဟုတ်ပဲ ကိုယ့်အချိတ်အဆက်နဲ့သွားနေကြတာလို့ ခရီးသွားလုပ်ငန်းအေဂျင်စီလုပ်တဲ့ လုပ်ငန်းပိုင်ရှင်ကပြောပါတယ်။

ခရီးသွားလုပ်ငန်းဂျင်စီလုပ်ငန်းပိုင်ရှင်တစ်ဦးက “ အတော်များများကတော့ အေဂျင်စီနဲ့သွားကြပါတယ်။ ဒါပေမယ့် အိမ်ဖော်နဲ့သွားတဲ့ဟာမျိုးကတော့ အစိုးရက တရားဝင်လိုင်စင်ချပေးတာမရှိဘူး။ ဒါကြောင့် ကိုယ့်အချိတ်အဆက်နဲ့ပဲသွားကြတယ်။ အရင်ကနိုင်ငံခြားရောက်ဖူးတဲ့သူတွေဆိုရင် အတွေ့အကြုံရှိထားတော့ ကိုယ့်အချိတ်အဆက်နဲ့ပြန်သွားကြတာလည်းရှိတယ်” လို့ဆိုပါတယ်။

အခုလို နိုင်ငံခြားထွက်ပြီး အလုပ်လုပ်ချင်တဲ့သူတွေ ပေါ်များလာတဲ့အချိန်မှာ အေဂျင်စီတွေအနေနဲ့ တာဝန်ယူမှုတာဝန်ခံမှု အပြည့်အဝမရှိပဲ ပို့ဆောင်ပေးမှုတွေရှိပြီး တစ်ခြားနိုင်ငံရောက်ပြီးနောက်ပိုင်း အခက်အခဲပေါင်းစုံကြုံတွေ့ရတဲ့ လူငယ်တွေရဲ့ ရင်ဖွင့်မှုတွေကို လူမှုကွန်ယက်စာမျက်နှာမှာလည်း တွေ့နေရပါတယ်။

ခရီးသွားအေဂျင်စီတစ်ခုရဲ့ တာဝန်ခံတစ်ဦးက “တစ်ချို့ကတော့ သူတို့ပို့ပေးမယ့်သူအတွက် တာဝန်ယူဆောင်ရွက်ပေးတာမျိုးရှိပေမယ့် တစ်ချို့ကတော့ ဘာမှတာဝန်ယူမှုမရှိပဲ ပို့ပေးတာမျိုးလည်းရှိတယ်။

အရင်ကတည်းက နိုင်ငံခြားကိုပို့တဲ့ ကိစ္စမှာ ပြသနာရှိပါတယ်။ သတင်းတွေမှာလည်း ပေါ်လေ့ရှိပါတယ်။ အခုလို ဆိုရှယ်မီဒီယာခေတ်မှာ ပိုပြီးတော့ ပြသနာတွေထင်ရှားလာတာဖြစ်တယ်” လို့ဆိုပါတယ်။

လက်ရှိမြန်မာ့နိုင်ငံရေးအခြေအနေအရ လူငယ်တွေဟာ နိုင်ငံခြားထွက်ခွါနေကြပေမယ့် ပြင်ဆင်မှုအားနည်းမှုနဲ့ ဘာသာစကားအခက်အခဲကြောင့် ရောက်ရှိတဲ့ နိုင်ငံမှာ ဘာသာစကားအခက်အခဲကို အဓိက ကြုံရတယ်လို့ ခရီးသွားအေဂျင်စီတစ်ခုမှာ လုပ်ငန်းဆောင်ရွက်နေသူတစ်ဦးကပြောပါတယ်။

သူက “အဓိတော့ နိုင်ငံခြားသွားပြီး အလုပ်လုပ်တဲ့သူတွေ ကြုံရတာက ဘာသာစကားအခက်အခဲပါပဲ။ အဓိကတော့ အိမ်အကူနဲ့သွားတဲ့သူတွေပေါ့” လို့ဆိုပါတယ်။

လက်ရှိကာလမှာ နိုင်ငံခြားသွားတဲ့သူတွေများနေတာနဲ့ သတင်းဌာနတွေရဲ့ သတင်းဖော်ပြမှုတွေမှာ ခရီးသွားအေဂျင်စီတွေအပေါ် အယုံအကြည်မရှိဖို့ဖော်ပြနေမှုတွေလည်း များနေတဲ့အပေါ် ခရီးသွားအေဂျင်စီဆောင်ရွက်နေသူတစ်ဦးကအခုလိုပြောပါတယ်။

အေဂျင့်တစ်ဦးက “ အေဂျင့်လူလိမ်ျားတယ်ဆိုပြီး တစ်ချို့က နိုင်ငံခြားမထွက်ရဲပဲ လက်ရှိမြန်မာနိုင်ငံရေအခြေအနေကြားမှာ ခက်ခက်ခဲခဲ ဘဝကိုရုန်းကန်ကြရတယ်။ လက်ရှိမြန်မာနိုင်ငံရေးအခြေအနေထက်စာရင် စိတ်ချရတဲ့ အေဂျင်စီကို စုံစမ်းပြီး နိုင်ငံခြားထွက်ရင် ပိုအဆင်ပြေတယ်။ ဒီမှာနေတာထက်စာရင် တိုးတက်တဲ့ နိုင်ငံမှာ အများကြီးလေ့လာမှုလုပ်လို့ရသလို အလုပ်အကိုင်လည်းရှာဖွေပြီး တစ်ဖက်တစ်လမ်းက အိမ်ဖက်ကိုလည်း အထောက်အကူပြုနိုင်မယ်။ ယုံကြည်မှုနဲ့ ကိုယ့်ဘဝတိုးတက်ရာလမ်းကြောင်းအတွက်လည်း အများကြီး အထောက်အကူဖြစ်စေမယ်” လို့ပြောပါတယ်။

မြန်မာနိုင်ငံဖက်က ခရီးသွားအေဂျင်စီတွေအနေနဲ့ တစ်ဖက်နိုင်ငံက ခရီးသွားအေဂျင်စီတွေနဲ့ စာချုပ်အတိအကျဆောင်ရွက်မှုမရှိတာကြောင့် နိုင်ငံခြားဖက်အလုပ်လုပ်ဖို့ ထွက်သွားသူအချို့အနေနဲ့ အခက်အခဲကြုံရတယ်လို့ ခရီးသွားအေဂျင်စီအချို့ကပြောပါတယ်။

နိုင်ငံခြားခရီးသွားဆောင်ရွက်တဲ့အေဂျင့်တစ်ဦးက “မြန်မာနိုင်ငံဖက်က သွားတဲ့သူတွေကို ဘယ်လိုအာမခံချက်ပေးနိုင်မလဲဆိုတာမျိုးအတိအကျ မဆောင်ရွက်ကြဘူး။ ပြသနာဖြစ်လည်း ကိုယ့်ကိုပို့တဲ့ အေဂျင်စီတွေနဲ့ပြန်ဆက်သွယ်မရဘူး” လို့ပြောပါတယ်။

ခရီးသွားအေဂျင်စီတွေရဲ့ ပြောပြချက်အရ လက်ရှိအချိန်မှာ မြန်မာနိုင်ငံသားတွေအနေနဲ့ ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ ဒူဘိုင်းဖက်ကို အသွားများပြီး ဂျပန်နဲ့ ကိုရီးယားဖက်ကိုလည်း သွားတာများတယ်လို့သိရပါတယ်။

နိုင်ငံခြားထွက်ပြီး အလုပ်လုပ်သူတွေဟာ အဆမတန်များပြားနေပေမယ့် အလုပ်အကိုင်နဲ့ လစာရရှိမှုမှာတော့ အရည်အချင်းအပေါ်မူတည်တာကြောင့် ရောက်တဲ့နိုင်ငံအလိုက် လုပ်ခလစာတူညီမှုတော့ မရှိဘူးလို့ အိုမန်နိုင်နိုင်ငံက ခရီးသွားအေဂျင့်လုပ်ဆောင်သူတစ်ဦးကပြောပါတယ်။

သူက “ အိုမန်ကလူတွေကလည်း အင်္ဂလိပ်စကားမကျွမ်းကျင်တော့ စာချုပ်ချုပ်တဲ့အချိန်မှာ buy နဲ့ sale ဆိုပြီး သုံးနှုန်းကြတော့ နိုင်ငံခြားမှာ အလုပ်လုပ်ဖို့ သွားတဲ့သူတွေက အရောင်းစားခံရတယ်လို့ ကိုယ့်ဟာကိုထင်ကြတယ်။ အလုပ်ကအမျိုးမျိုးရှိတယ်။ သူတို့နိုင်ငံအခြေအနေပေါ်မူတည်ပြီး လစာပေးကြတယ်။ အဓိကတော့ စင်ကာပူနဲ့ တရုတ်ကတော့ လစာများတယ်။ အခုချိန်အသွားအများဆုံးကတော့ အိုမန်နဲ့ဒူဘိုင်းကိုသွားတာများတယ်။ မလေးရှားလည်းသွားကြတယ်။ ဘယ်နိုင်ငံပဲသွားသွား သွားတဲ့သူတွေရဲ့အရည်အချင်း အပေါ်ပဲလစာရနှုန်းကတော့ ကွာပါတယ်။ လက်ရှိအချိန်မှာ မြန်မာနိုင်ငံမှာ အလုပ်လုပ်တာထက် နိုင်ငံခြားမှာ အလုပ်လုပ်တာကတော့ လစာပိုများပါတယ်” လို့ပြောပါတယ်။

နိုင်ငံခြားကို သွားချင်တဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့တော့ အေဂျင့်နဲ့ချိတ်ဆက်မှုကို ကောင်းကောင်းလုပ်သင့်ကြောင်း၊ ကိုယ်သွားမယ့်နိုင်ငံနဲ့ပတ်သက်ပြီးတော့လည်း သေချာစုံစမ်းထမ်းသင့်ကြောင်း နိုင်ငံခြားမှာ အလုပ်လုပ်နေပြီးသား မြန်မာနိုင်ငံသားအချို့က အကြံပြုပါတယ်။

အိုမန်နိုင်ငံမှာရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတစ်ဦးက “အဓိကပြသနာကြုံတွေ့တဲ့သူတွေကတော့ အိမ်ဖော်အလုပ်နဲ့သွားတဲ့သူတွေပဲ။ ဒါကြောင့် အေဂျင့်တွေနဲ့ချိတ်ဆက်မှုမှာ ကိုယ်ချိတ်ဆက်တဲ့ အေဂျင့်တွေလွှတ်ခဲ့ဖူးတဲ့သူတွေ ဘယ်လိုအဆင်ပြေသလဲဆိုတာမျိုးစုံစမ်းသင့်တယ်။ ကိုယ်သွားမယ့် နိုင်ငံအကြောင်းလည်း သိသင့်သလို ကိုယ့်အေဂျင့်နဲ့ တစ်ဖက်နိုင်ငံက အေဂျင့်ဘယ်လို ဆက်သွယ်ချိတ်ဆက်ပြီး အာမခံချက်ရှိတဲ့ သဘောတူညီမှုတွေ ဆောင်ရွက်ထားလဲဆိုတာမျိုးလည်း သိသင့်တယ်” လို့ပြောပါတယ်။

ဘယ်နိုင်ငံကိုပဲ သွားချင်တာဖြစ်ဖြစ် အဓိကအားဖြင့် အင်္ဂလိပ်ဘာသာစကားကိုအခြေခံအဆင့်ဖြစ်ဖြစ် လေ့လာပြီး တတ်ကျွမ်းမှပဲ ဘယ်အလုပ်မဆိုအဆင်ပြေနိုင်မယ်လို့ ခရီးသွားအေဂျင်စီတွေက အကြံပြုကြပါတယ်။

ချင်းပြည်နယ်မှာ စစ်ကောင်စီကို တော်လှန်တဲ့ လူငယ်အဖွဲ့တွေရှိနေသလို မိသားစုစားဝတ်နေရေးအခက်အခဲကြောင့် နိုင်ငံခြားထွက်ပြီး အလုပ်လုပ်ချင်တဲ့ ချင်းလူငယ်တွေလည်း ဒုနဲ့ဒေးဖြစ်နေပါတယ်။

Most read this week

December 4, 2025
ဒီဇင်ဘာလ ၂ ရက်နေ့ နေ့လည်ပိုင်းမှာ တီးတိန်မြို့နယ် ဘဲကန့်ရွာကို စစ်ရှောင်ရာကနေ နွားနောက်ရှာရန်...
December 3, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ အာရက္ခတပ်တော်(ULA / AA) က အသက် ၁၈ နှစ်ကနေ ၄၀ အကြား အရွယ်ရှိသူ...
December 2, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ မော်လိုက်အကျဉ်းထောင်က မနေ့ဒီဇင်ဘာလ ၁ ရက်နေ့မှာ လွတ်ရက်နီးနေတဲ့...
Photo credit - CJ
November 28, 2025
နိုဝင်ဘာလ ၂၇ ရက်နေ့ မနက် ၈ နာရီခွဲ ခန့်ကနေ စတင်ပြီး တီးတိန်မြို့အဝင် တောင်ကုန်းဖြစ်သော Saimual...