စစ်ကောင်စီကိုပိတ်ဆို့အရေးယူမှုအသစ်ချမှတ်ရန် EU ထံ ဥရောပရောက်ကရင်များတောင်းဆို

စစ်ကောင်စီကိုပိတ်ဆို့အရေးယူမှုအသစ်ချမှတ်ရန် EU ထံ ဥရောပရောက်ကရင်များတောင်းဆို

မြန်မာစစ်ကောင်စီကို ပိတ်ဆို့အရေးယူမှုအသစ်များ ချမှတ်ရန် ဥရောပနိုင်ငံရောက် ကရင်များကိုယ်စား ဥရောပကရင် ကွန်ရက် (European Karen Network) က ဥရောပသမဂ္ဂ (EU)ကို စက်တင်ဘာလ ၂၆ရက်နေ့တွင် ထုတ်ပြန်တောင်းဆို လိုက်သည်။

“လက်နက်ပွဲစားတွေနဲ့ မြန်မာစစ်တပ်အတွက် ဝင်ငွေအရင်းအမြစ်တွေကို ပစ်မှတ်ထားတဲ့ ဒဏ်ခတ်အရေးယူမှုအသစ် တွေ အမြန်ဆုံးချမှတ်ဖို့ ဥရောပသမဂ္ဂကို ကျမတို့ တောင်းဆိုထားပါတယ်။ ဥရောပသမဂ္ဂဟာ လောင်စာဆီနဲ့ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်း အပါအဝင် မြန်မာစစ်တပ်အတွက် ထောက်ပံ့မှုဝင်ငွေရစေတဲ့ စက်ကိရိယာတွေကို ဖော်ထုတ်ပြီး ဒဏ် ခတ်အရေးယူမှုတွေ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။”ဟု ဥရောပကရင်ကွန်ရက် ဥက္ကဋ္ဌ နန်းကြည်အေးက ထုတ်ပြန်ချက်၌ ပြောဆိုထားသည်။

ယခုလက်ရှိ မြန်မာနိုင်ငံအကြပ်အတည်းအပေါ် ဥရောပသမဂ္ဂ၏ တုံ့ပြန်မှုမှာ နှေးကွေးသည့်အပေါ် စိတ်ပျက်မိကြောင်း ယူကေ၊ အမေရိကန်နှင့် ကနေဒါနိုင်ငံတို့က ပိတ်ဆို့အရေးယူမှုအသစ်များကို ပုံမှန်လုပ်ဆောင်နေသော်လည်း ဥရောပ သမဂ္ဂနိုင်ငံများအနေဖြင့် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလကတည်းက ပိတ်ဆို့အရေးယူမှုအသစ်များတွင် မပါဝင်ခဲ့ကြောင်း EKN ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီသည် ပြည်သူလူထုကို သတ်ဖြတ်ခြင်း၊ ဗုံးခွဲခြင်း၊ မတရား ဖမ်းဆီးထောင်ချခြင်းများကို နေ့စဉ် လုပ်ဆောင် နေပြီး ဥရောပသမဂ္ဂမှာမူ စစ်ကောင်စီအတွက် ဝင်ငွေရင်းမြစ်များ၊ စစ်လက်နက်ပစ္စည်းများကို ရပ်တန့်ရန် ကူညီဆောင် ရွက်ပေးနေသည့် မှန်ကန်သော မူဝါဒရှိသော်လည်း ၎င်း၏မူဝါဒကို အကောင်အထည်နိုင်ခြင်း မရှိသေးကြောင်းလည်း EKN ၏ ပူးတွဲဥက္ကဋ္ဌ နန့်ဟယ်လင်ဘူထူးက ယခုလို ပြောသည်။

“ကျမတို့ ကရင်လူမျိုးတွေနဲ့ မြန်မာနိုင်ငံက ပြည်သူတွေဟာ နိုင်ငံလွတ်မြောက်ရေးအတွက် သူတို့ရဲ့ဘဝနဲ့ လွတ်လပ် ခွင့်တွေကို စွန့်လွှတ်ခဲ့ကြတယ်။ ဥရောပသမဂ္ဂ (EU) သို့မဟုတ် သူ့ရဲ့အဖွဲ့ဝင်နိုင်ငံတွေဟာ မြန်မာစစ်တပ်ကို လက်နက်၊ ပစ္စည်းကိရိယာနဲ့ ဝင်ငွေတွေ ဖြတ်တောက်ဖို့ တတ်နိုင်သမျှ ကူညီပေးဖို့ တောင်းဆိုချင်ပါတယ်။”ဟု ဆိုသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် စစ်ကောင်စီက အာဏာသိမ်းရန်ကြိုးပမ်းခဲ့ချိန်မှစ၍ ကရင်နယ်မြေ အပါအဝင် မြန်မာပြည်သူလူထုသည် အဆိုပါအာဏာသိမ်းမှုကို ယခုအချိန်ထိ တွန်းလှန်နေဆဲဖြစ်သည်။

ကရင်ပြည်နယ်တွင် စစ်ကောင်စီတပ်သည် ပြုပြင်ပြောင်းလဲရေးကာလက ၎င်းတို့ဝယ်ယူထားသော လေယာဉ်များနှင့် တာဝေးပစ်အမြှောက်များကို အသုံးပြုကာ ကျေးရွာများ၊ စာသင်ကျောင်းများနှင့် ဆေးဘက်ဆိုင်ရာစင်တာများကို ပစ် မှတ်ထားခဲ့သည်။

ထုတ်ပြန်ချက်အပေါ် မျှော်လင့်ချက်နှင့်ပတ်သက်၍ နန်းကြည်အေးက "EU က ဘယ်အတိုင်းအတာထိ လိုက်လျောမယ် ဆိုတာကို ကျမတို့အနေနဲ့ ကွက်ကွက်ကွင်းကွင်း အဖြေမပေးနိုင်ပါဘူး။ သို့သော်လည်း ကျမတို့မှာ တောင်းဆိုရမယ့် တာဝန်၊ နှိုးဆော်ရမယ့်တာဝန်ရှိတယ်။ EU အနေနဲ့ မြန်မာနိုင်ငံအပေါ် အရေးယူမှုနဲ့ ဖိအားတွေ အားနည်းနေတာဖြစ်တဲ့ အတွက် UK, US နဲ့ ကနေဒါနိုင်ငံတွေ အစပျိုးသလိုမျိုး မြန်မာနိုင်ငံကို အပြင်းအထန် ဒဏ်ခတ်သင့်တယ်ဆိုတာကို ဒီ ထုတ်ပြန်ချက်နဲ့ မီးမောင်းထိုးပြခြင်းဖြစ်တယ်။"ဟု ကေအိုင်စီသို့ ပြောဆိုသည်။

ကရင်ပြည်နယ်တွင် လက်ရှိအချိန်၌ ပြည်သူ ၃၇၀,၀၀၀ ကျော်မှာ မိမိတို့၏နေရပ်ကို စွန့်ခွာထွက်ပြေးခဲ့ရပြီး အများစုမှာ တောထဲ၌ နေရပ်အိုးအိမ်စွန့်ခွာသူများအဖြစ် ပုန်းရှောင်နေကြရသည်။ ထို့အပြင် နိုင်ငံနှင့်အဝှမ်း ပြည်သူတစ်သန်းကျော် မှာ အိုးအိမ်မဲ့ဖြစ်ကြရပြီး လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာနှင့် လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များကို ဥရောပ သမဂ္ဂအနေဖြင့် အရေးယူဆောင်ရွက်ရန် ပျက်ကွက်နေသည်ဟုလည်း အဆိုပါထုတ်ပြန်ချက်၌ ထည့်သွင်းရေးသားထား သည်။

ဥရောပကရင်ကွန်ရက် (European Karen Network - EKN) သည် ကရင်ပြည်နယ် အပါအဝင် မြန်မာနိုင်ငံနှင့်ပတ်သက် သည့် အခြေအနေများကို အသိပညာမြှင့်တင်ပေးရန် ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းထားသည့် လူမှုအဖွဲ့အစည်းတစ်ခုဖြစ် သည်ဟု ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။

Most read this week

April 30, 2024
ရှမ်းမြောက်ဒေသ ညီနောင်မဟာမိတ်(၃)ဖွဲ့ ဦးဆောင်သော ၁၀၂၇ စစ်ဆင်ရေးသည် နွေဦးတော်လှန်ရေးသာမက...
April 30, 2024
မြဝတီကုန်သွယ်ရေးတံတား အမှတ် ၂ ကို ဧပြီ ၃၀ ရက်ယနေ့ နံနက်ပိုင်းက ပြန်လည် ဖွင့်လှစ်ပြီးကုန်စည်...
April 30, 2024
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူအနေဖြင့် သတင်းမီဒီယာလွတ်လပ်ခွင့်ကိုပိတ်ပင်ခြင်း မဟုတ် ဘဲ...
April 27, 2024
စအိုင်ဆူး - “မိုးလင်းရင် (ရိတ်ထားသည့်စပါးများ)ချွေမယ်ဆိုပြီး အစာပြေစားနေကြတာ။ အစာပြေစားလို့တောင်...