ဒီချုပ်အမတ်၏ Post ကို Like၊ Share၊ Comment. လုပ်သူများအား ဖမ်းဆီး

ဒီချုပ်အမတ်၏ Post ကို Like၊ Share၊ Comment. လုပ်သူများအား ဖမ်းဆီး

ဖမ်းဝရမ်းထုတ်ခံထားရသူ ဒီချုပ် လွှတ်တော် အမတ်၏ Facebook တွင် ရေးသားသော Post တွင် Like၊ Share၊ Comment လုပ်သည့် ဒေသခံ ၂၀ ကျော်ခန့်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးသွားသည်ဟု ဒေသခံ သတင်းရင်းမြစ် တစ်ဦးက ပြောသည်။

ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်က ဖမ်းဝရမ်းထုတ်ခံထားရသူ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ၏ လွှတ်တော်အမတ် ကိုဝေယံအောင် ၏ ပို့စ်မှာ Like၊ Share၊ Comment လုပ်သည့် ဒေသခံ ၂၀ ကျော်ကို စက်တင်ဘာလ ၂၃ ရက်နေ့၊ ညပိုင်းတွင် စစ် ကောင်စီ တပ်ဖွဲ့ဝင်များက ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်။

“Facebook မှာ ပုံအမှန်တင်ထားပြီး တော်လှန်ရေးလုပ်နေတဲ့ ကိုယ်စားလှယ် ရေးတဲ့အောက် Post မှာ Like တို့ comment တို့ ရေးတဲ့သူတွေကို စာရင်း အတိအကျနဲ့ လိုက်ဖမ်းတာ” ဟု ဒေသခံ သတင်းရင်းမြစ် တစ်ဦး က ပြောသည်။

စစ်တပ်နှင့်ရဲက အင်အားအလုံး အရင်းနဲ့ နေအိမ်များကို လိုက်လံ ရှာဖွေဖမ်းဆီးနေခြင်း ဖြစ်ပြီး ကန်ကြီးထောင့် မြို့ပေါ် ရပ်ကွက်များ က သာမက ဒါးကတိုက်နယ်ဘက်မှ ဒေသခံများလည်း အဖမ်းခံထားရသည်ဟု ၎င်းက ဆက် ပြောသည်။

ကန်ကြီးထောင့်မြို့က စစ်ကောင်စီသတင်းပေး သန့်စင်ဦး နှင့် ရဲဇော်လင်း ဆိုသူတို့က တော်လှန်ရေး အင်အား စုများနှင့် ပတ်သက်သည့် လူမှုကွန်ယက် Post များတွင် Like၊ Share၊ Comment လုပ်သူများကို စာရင်းပြုစု ပေး သည်ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သည့် အသိုင်းအဝိုင်း က ပြောသည်။

ဖမ်းဆီးခံရသည့် ဒေသခံ အယောက် ၂၀ ကျော်ခန့်ကို ကန်ကြီးထောင့် မြို့မ ရဲစခန်းတွင် ချုပ်နှောင်ထားပြီး အဖမ်း ခံရသူများအနက် အသက်အရွယ်ကြီးပြီး ကျန်းမရေး မကောင်းသည့် သူများလည်း ပါဝင်ကြသည်ဟု ဖမ်းဆီး ခံလိုက်ရသူများ၏ မိသားစုဝင်အချို့ က ပြောသည်။

မိသားစု ဝင်တစ်ဦးက “ဟုတ်တာ မဟုတ်တာ လုပ်တာ မလုပ်တာအပထား။ စစ်တပ် နဲ့ ရဲက ဖမ်းပြီဆိုတာနဲ့ ရိုက် ကြတာဆိုတော့ စိုးရိမ်တယ်” ဟု ပြောပါတယ်။

ကန်ကြီးထောင်မြို့နယ် အတွင်းမှာ စစ်ကောင်စီ သတင်းပေး ဒလန်များ၏ သတင်းပေးမှုများကြောင့် ဒေသခံများ မကြာခဏ ဖမ်းဆီးခံနေရပြီး ယနေ့တိုင် ပြန်မလွတ်လာသေးသူများလည်း အများအပြား ရှိနေသည်။

စစ်ကောင်စီ၏ သတင်းပေး ဒလန် ဖြစ်သည့် ကန်ကြီးထောင့် မြို့မရပ်ကွက်က ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးပါတီ က ပါတီစည်းရုံးရေးမှူး မဘသ ခေါင်းဆောင် ဦးမောင်မြင့် ဆိုသူလည်း ၂၀၂၁ ခုနှစ် စက်တင်ဘာလ အတွင်း ပစ်သတ်ခံခဲ့ရသည်။

ပြီးခဲ့သည့် သြဂုတ်လ အတွင်းကလည်း ကန်ကြီးထောင့်မြို့နယ် ကန်ကုန်းကျေးရွာက ပျူစောထီး ခေါင်းဆောင် ရာအိမ်မှူး အာဂျလာ ဆိုသူမှာလည်း သုံးဘီးတုတ်တုတ် မောင်းလာစဉ် ဗုံးခွဲတိုက်ခံရပြီး သေဆုံးခဲ့သည်။

February 4, 2026
ကချင်ပြည်အတွင်းရှိ ဝိုင်းမော်၊ ဖားကန့်နှင့် မိုးညှင်း-အင်းတော်ကြီးဒေသတို့တွင် KIA...
February 2, 2026
Justice For Myanmar (JFM) အဖွဲ့က Alphabet၊ Apple၊ TikTok နှင့် Telegram လူမှု ကွန်ရက်...
February 2, 2026
မြန်မာနိုင်ငံ မြောက်ပိုင်း၏ ကောင်းကင်ယံသည် ဆောင်းရာသီ၏ အအေးဓာတ်ကြောင့် မှိုင်းညို့နေရုံတင်မကဘဲ...
January 31, 2026
ကချင်ပြည်အတွင်း စစ်ကော်မရှင်တပ်က စစ်မျက်နှာအစုံဖွင့်၍ ထိုးစစ်ဆင်နေသဖြင့် ဒေသအနှံ့တွင်...