ကရင်နီ ဒုက္ခသည် စခန်း အမှတ် ၁ တွင် ကိုဗစ်-၁၉ ရောဂါ ပြန်လည် ဖြစ်ပွားနေ

ကရင်နီ ဒုက္ခသည် စခန်း အမှတ် ၁ တွင် ကိုဗစ်-၁၉ ရောဂါ ပြန်လည် ဖြစ်ပွားနေ
She Theh Foundation လူမှုကွန်ရက်စာမျက်နှာ
She Theh Foundation လူမှုကွန်ရက်စာမျက်နှာ

ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်နီ အမှတ်-၁ ဒုက္ခသည်စခန်းတွင် COVID-19 ရောဂါပြန်လည်ဖြစ်ပွားနေပြီး လက်ရှိ အချိန်အထိ လူဦးရေ ၁၅၀ ကျော် ကူးစက်ခံနေရသည်။

ကရင်နီ အမှတ်-၁ ဒုက္ခသည်စခန်းတွင် စက်တင်ဘာလ လဆန်းက စတင်ကာ COVID-19 ရောဂါ ပြန်လည် ဖြစ် ပွားနေပြီး ရောဂါ ဖြစ်ပွားနေသည့် အခြေအနေနှင့် ပတ်သက်၍ ကရင်နီ အမှတ်-၁ ဒုက္ခသည် စခန်းက ကျန်းမာ ရေးဝန်ထမ်း တစ်ဦးက ယခုကဲ့သို့ ပြောသည်။

“ကျနော်တို့ ဒီ ကိုဗစ်စပြန်ဖြစ်တာက ဒီ ကိုးလပိုင်း ၁ ရက်နေ့ ဖြစ်တယ်။ ၉ လပိုင်း ၁ ရက်နေ့ကနေ အခု ထက်ထိ ဒီမှာ ရက်တိုင်းလိုလိုဖြစ်တယ်။ အခု ဒီတရက် ဒီနေ့လည်အထိတော့ ၁၅၄ ယောက်ရှိပြီ လူကြီး လူငယ် လူလတ် အကုန်လုံး ဖြစ်တယ်။ အခြေအနေကကျတော့ ကိုဗစ်လက္ခဏာ ရှိလူနာက တချို့လူနာဆိုရင် ဘာမှမ ဖြစ်ပဲနဲ့ နှာစေးတာလည်းရှိတယ်။ လက္ခဏာရှိတာကတော့ ပိုများတာပေါ့။ အဲဒီ လက္ခာတွေကကျတော့ အများ အားဖြင့် ကိုယ်ပူ နှာစေး ချောင်းဆိုး လည်ချောင်းနှာ ပြီးတော့ အခုအချိန်အထိ ဒီရက် နေ့လည်ထိ ၁၅၄ ယောက်” ဟု ပြောသည်။

ကိုဗစ်ဖြစ်ပွားနေသူများကို ကရင်နီ အမှတ်-၁ ဒုက္ခသည် စခန်း ကျန်းမာရေးဌာနရှိ ကျန်းမာရေးဝန်ထမ်းများက တာဝန်ယူ ကုသပေးနေသည်ဟု သိရသည်။

လက်ရှိ ကရင်နီ အမှတ်-၁ ဒုက္ခသည် စခန်းတွင် ပြန်လည်ဖြစ်ပွားနေသည့် COVID-19 ရောဂါမှာ စခန်းထဲမှ စတင် ဖြစ်ပွားခြင်းမျိုးမဟုတ်ဘဲ စခန်းပြင်ပသို့ သွားပြီး ပြန်လာသည့်သူများ ဖြစ်ပွားရာက တစ်ဆင့် ကူးစက်ခြင်း ဖြစ် သည်ဟု ကရင်နီ အမှတ်-၁ ဒုက္ခသည်စခန်းရှိ ကျန်းမာရေး ဝန်ထမ်းများ က ပြောသည်။

“အခုလောလောဆယ် ဖြစ်တဲ့အချိန်က ကျနော်တို့က များသောအားဖြင့် ဒီလိုမျိုး ဖြစ်တဲ့အခါကျတော့ အပြင်က နေ အလုပ်လုပ်ပြီးတော့ ပြန်လာတဲ့ လူတွေ ပြီးတော့ စခန်းထဲမှာ ဒီလိုပဲ နေတဲ့ခါကျတော့ ကျနော်တို့ စစ်တော့ စစ်တယ် ပိုနည်းတာပေါ့နော်။ ဖြစ်တာက အပြင်ထွက်တဲ့လူတွေ ပြန်လာတာက အဲလိုမျိုး ကူးတာပိုများတယ်” ဟု စစ်ရှောင်စခန်းတွင်းရှိ ကျန်းမာရေးဝန်ထမ်းက ပြောသည်။

ကရင်နီ အမှတ် ၁ ဒုက္ခသည် စခန်းတွင် ပထမအကြိမ် COVID-19 ရောဂါဖြစ်ပွားစဉ်က ဒုက္ခသည်များကို စခန်း ပြင်ပသို့ ထွက်ပြီး အလုပ်လုပ်ကိုင်ခွင့် ပိတ်လိုက်သည့်ဖြစ်စဉ်များ ရှိခဲ့သည်။

ထိုသို့ လုပ်ဆောင်မှုကြောင့် ဒုက္ခသည်များမှာ ဝင်ငွေ ရရှိသည့် အခွင့်အလမ်းများ ရူံးဆုံး ခဲ့ရသည့်အပြင် စားဝတ် နေရေး ဖြေရှင်းရာတွင်လည်း အခက်အခဲများနှင့် ကြုံခဲ့ရသည်ဟု ဒုက္ခသည်များက ပြောသည်။

ကရင်နီ ဒုက္ခသည်များနှင့် စစ်းဘေးရှောင်များ အရေးကို ကူညီ လုပ်ဆောင်ပေးနေသည့် ကရင်နီ လူမှုအသင်း အဖွဲ့များ ကွန်ရက် KCSN က ပြောရေးဆိုခွင့်ရှိသူ ခူးရူဘီက “တချို့ကကျတော့ စုဆောင်းထားတဲ့ ငွေမရှိတဲ့ အခါ ကျတော့ အဓိက စားဝတ်နေရေး ပြဿနာတွေဖြစ်တယ်။ အဲ့မှာကတော သက်ကြီးရွယ်အို တချို့လည်း ရှိတော့ အဲမှာ အခက်အခဲ ဖြစ်ကြတာပေါ့။ တခြားလူတွေလည်း ခရိုင်အုပ်ချုပ်ရေးအဖွဲ့ကိုလည်း ဒီလိုမျိုး အခက်အခဲ ဖြစ်တယ်ဆိုပြီးမှ အကူအညီသွားတောင်းတဲ့ လူတွေလည်းရှိတယ်” ဟု ပြောသည်။

ယခုတစ်ကြိမ်တွင်လည်း ရောဂါဖြစ်ပွားမှုနှုန်းတိုးလာပြီး စခန်းအား ပိတ်ပစ်လိုက်မည်ကို ဒေသခံများက စိုးရိမ် နေကြပြီး စခန်းကို ပိတ်လိုက်မည်ဆိုပါက ဒုက္ခသည်များအတွက် ခက်ခဲမှုများကို ကြုံရနိုင်သည်ဟု ခူးရူဘီက ဆက်ပြောသည်။

“အဓိက ကတော့ စားဝတ်နေရေး ပြဿနာပါပဲ ဘာဖြစ်လို့လဲဆိုတော့ စခန်းမှာ အလုပ်အကိုင် ရှားပါးတယ်လေ။ စခန်းနေလူထုတွေက အခု သူများထောက်ပံ့တာလည်း မရှိဘူးပေါ့ မရှိဘူးဆိုတော့ တစ်လကို ပျမ်းမျှတွက် ကြည့်ရင် နှစ်ရာ ငါးဆယ် သုံးရာ အဲလောက်ပဲ လူတစ်ယောက်ဆိုတော့ ဒီ ဘတ်နှစ်ရာ သုံးရာ နှုန်းလောက်နဲ့ ဘယ်လိုမှ အဆင်မပြေဘူး။ ကိုယ်ထူကိုယ်ထနဲ့ စားသောက်နေရတာဖြစ်တယ်။ ခပ်များများစခန်း ပြင်ပထွက် ပြီးတော့ အလုပ်ထွက်လုပ်နေရတယ်။ ဆိုတော့ တကယ်လို့ ရောဂါက ထပ်တိုးလာပြီးတော့ Lock down ချတယ် ဆို လို့ရှိရင်တော့ အဓိကကတော့ စားဝတ်နေရေး ပြဿနာ အကြီးအကျယ် ကြုံရမယ်လို့ ထင်တာပဲ။ စခန်းနေ လူထုတွေအနေနဲ့” ဟု ပြောသည်။

ကရင်နီ အမှတ် ၁ ဒုက္ခသည်စခန်းသည် ထိုင်းနိုင်ငံ မြောက်ပိုင်း မယ်ဟောင်ဆောင်ခရိုင်တွင် တည်ရှိပြီး လက်ရှိ အချိန်တွင် လူဦးရေ ရှစ်ထောင်ကျော်ရှိသည်ဟု သိရသည်။

ထိုစခန်းတွင် ပထမအကြိမ် COVID-19 ရောဂါ ဖြစ်ပွားစဉ်က လူဦးရေ ၁၆၈၈ ယောက်ကူးစက် ခံခဲ့ရပြီး ရောဂါ ကူးစက်မှုကြောင့် လူသေဆုံးမှုမရှိခဲ့ဘူးဟု ကရင်နီ အမှတ်-၁ ဒုက္ခသည်စခန်းက ကျန်းမာရေးဝန်ထမ်းများ၏ ပြောပြချက်အရ သိရသည်။

February 4, 2026
ကချင်ပြည်အတွင်းရှိ ဝိုင်းမော်၊ ဖားကန့်နှင့် မိုးညှင်း-အင်းတော်ကြီးဒေသတို့တွင် KIA...
February 2, 2026
Justice For Myanmar (JFM) အဖွဲ့က Alphabet၊ Apple၊ TikTok နှင့် Telegram လူမှု ကွန်ရက်...
February 2, 2026
မြန်မာနိုင်ငံ မြောက်ပိုင်း၏ ကောင်းကင်ယံသည် ဆောင်းရာသီ၏ အအေးဓာတ်ကြောင့် မှိုင်းညို့နေရုံတင်မကဘဲ...
January 31, 2026
ကချင်ပြည်အတွင်း စစ်ကော်မရှင်တပ်က စစ်မျက်နှာအစုံဖွင့်၍ ထိုးစစ်ဆင်နေသဖြင့် ဒေသအနှံ့တွင်...