စစ်တွေမှ ဘူးသီးတောင်သို့ ထွက်ခွာလာသည့်အောင်ကျော်မိုးသင်္ဘောကို AA က တစ်ရက်ကြာ တားဆီးစစ်ဆေးပြီးနောက် ပြန်လွှတ်ပေး

စစ်တွေမှ ဘူးသီးတောင်သို့ ထွက်ခွာလာသည့်အောင်ကျော်မိုးသင်္ဘောကို AA က တစ်ရက်ကြာ တားဆီးစစ်ဆေးပြီးနောက် ပြန်လွှတ်ပေး

စစ်တွေမြို့မှ ဘူးသီးတောင်မြို့သို့ ကုန်ပစ္စည်းများကို တင်ဆောင်လာပြီး  မေယုမြစ်ကြောင်းအတိုင်း မောင်းနှင်လာသည့် ပြည်တွင်းရေကြောင်းပိုင် အောင်ကျော်မိုးသင်္ဘောကို ရက္ခိုင့်တပ်တော် (AA) က တစ်ရက်ကြာ တားဆီးစစ်ဆေးပြီးနောက် ယနေ့တွင် ပြန်လွှတ်ပေးလိုက်ပြီဟု သတင်းရရှိသည်။

ယခုစစ်ဆေးမှုသည် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA ) က ရခိုင်တွင် စစ်ရေးအခြေအနေတင်းမာနေ၍ ကုန်းလမ်းရေလမ်း သယ်ယူ ပို့ဆောင်ရေးကိုပြုလုပ်နေကြသော ယာဉ်ပိုင်ရှင်များ အနေဖြင့် ရက္ခိုင်ပြည်သူ့အစိုးရ၏ ဒေသဆိုင်ရာ နိုင်ငံရေးရုံး အုပ်ချုပ်ရေးရုံး၊ နယ်မြေရုံးများတွင် သတင်းပို့၍ သွားလာကြရန် အရေးပေါ် အသိပေးချက် ထုတ်ပြန်ပြီး နောက်တစ်နေ့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။  

၎င်းသင်္ဘောကို အေအေတပ်ဖွဲ့ဝင်များက ယမန်နေ့ စက်တင်ဘာလ ၁၅ ရက် နံနက် ၁၁ နာရီခန့်က ရသေ့တောင်မြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်ကြားရှိ ကုန်တန်းကျေးရွာအနီး မေယုမြစ်ထဲတွင် တားဆီးစစ်ဆေးခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက  နိရဥ္စရာကို ပြောသည်။

ဒေသခံတစ်ဦးက “အဲဒီကုန်ပစ္စည်းတွေကို သူတို့က ပိုင်ရှင်တွေကို မေးတယ်ပေါ့။ ဒါက ဘယ်သူ့ပစ္စည်းလဲ၊ ဒါက ဘယ်သူ့ပစ္စည်းလဲ။ ပိုင်ရှင်တွေကို ဖုန်းဆက်။ ပိုင်ရှင်တွေက ဒီပစ္စည်းတွေဟာ စစ်သားအတွက်မဟုတ်ဘူး။ ကျနော်တို့မှာ ကိုယ်ပိုင်ဆိုင်မှာရောင်းဖို့ယူတာပါဆိုပြီး ပိုင်ရှင်တွေက တာဝန်ခံပြီးမှ၊ ယုံကြည်စိတ်ချရပြီးမှ သူတို့ ပြန်လွှတ်ပေးလိုက်တာပါ”ဟု ပြောသည်။

ရခိုင်ပြည်၏ နယ်မြေအများအပြားကို ထိန်းချုပ်ထားသော ရက္ခိုင်တပ်တော်သည် ရေယာဉ်ပိုင်ရှင်၊ ကားပိုင်ရှင်များကို သတိပေး ကြေညာချက်ထုတ်ပြန်ပြီး အစိုးရပိုင်သင်္ဘောတစ်စီးအား ပထမဆုံး တားဆီး စစ်ဆေးခဲ့သော်လည်း တစ်စုံတစ်ရာဖျက်ဆီးခြင်း၊  သိမ်းဆည်းခြင်းမရှိဘဲ ပြန်လွှတ်ပေးခဲ့သည်ဟု သိရသည်။

ယနေ့ စက်တင်ဘာလ ၁၆ ရက် နံနက် ၁၁ နာရီခန့်တွင် ၎င်းသင်္ဘောသည် ဘူးသီးတောင်သို့ ပြန်လည်ထွက်ခွာသွားပြီဟု သိရသည်။

အဆိုပါသင်္ဘောပေါ်တွင် ဘူးသီးတောင်နှင့် မောင်တောမြို့အတွက် သယ်ဆောင်လာသည့် ကုန်ပစ္စည်းများသာပါဝင်ပြီး များသောအားဖြင့် စားသောက်ကုန်ပစ္စည်းပါဝင်သည်ဟု ဒေသခံများက ပြောသည်။

ရခိုင်ဒေသတွင်း သွားလာနေကြသည့် ရေယာဉ်များနှင့်ကားများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်ရေးအတွက်အသုံးပြုလာနေသည့်အတွက် စက်တင်ဘာ ၁၅ ရက်နေ့မှ စတင်ကာ တားဆီး စစ်ဆေးတော့မည်ဟု ရက္ခိုင့်တပ်တော် (AA) က စက်တင်ဘာ ၁၄ ရက်တွင် သတိပေးချက် ထုတ်ပြန်ခဲ့သည်။

ယင်းသို့ထုတ်ပြန်လိုက်ပြီးနောက် ရခိုင်ဒေသတွင်းပြေးဆွဲနေကြသည့် ပုဂ္ဂလိကရေကြောင်း ခရီးစဉ်များအားလုံး ပြေးဆွဲခြင်းမပြုကြရန် စစ်ကောင်စီဘက်ကလည်း တားမြစ်ပိတ်ပင်ထားသည်။

https://burmese.narinjara.com/news/detail/63243b432ed50477a6096589

April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...
April 7, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှတဆင့် ရခိုင်ပြည်အတွင်းသို့ သယ်ဆောင်သည့်စက်သုံးဆီများသည်...
April 4, 2026
ကျော်သီဟ — ရခိုင်ပြည်တွင် ပြီးခဲ့သည့်မတ်လအတွင်း အကြမ်းဖက်စစ်ကော်မရှင်တပ်၏ လေကြောင်းအသုံးပြုကြဲ၍...