စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် မိုးညှင်းမြို့တွင် ပြည်သူတစ်ဦး လက်မောင်းကျည်ထိမှန်

စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် မိုးညှင်းမြို့တွင် ပြည်သူတစ်ဦး လက်မောင်းကျည်ထိမှန်

မိုးညှင်းမြို့၊ အုပ်ကျင်းရပ်ကွက် အထက (၃) ကျောင်းအနီးက လမ်းသွား/လာပြည်သူတွေကို စစ်ဆေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မှုကြောင့် လူငယ်တစ်ဦးရဲ့ လက်မောင်းကျည်ထိမှန်ခဲ့ပြီး အရိုးကျိုးဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

အထက အုတ်ကျင်း ကျောင်းအနီးမှာ မနေ့က နေ့လယ် ၁၁ နာရီအချိန်လောက်က ရွှေပေါက်ကံဘက်ကလာတဲ့မူးယစ်ဆေးသယ်ဆောင်သူကို ဖမ်းဆီးဖို့ဆိုတဲ့ ခေါင်းစဉ်နဲ့ စစ်ဆေးမှုပြုလုပ်နေတဲ့အချိန် ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ အနီးနားမှာရှိနေတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

“တားတဲ့အချိန်မှာ မရပ်တဲ့သူကို ပစ်လိုက်တဲ့အချိန်မှာ နွားကျောင်းနေတဲ့ အဲဒီနားက နွားကျောင်းသားလေးကို မှန်တယ်။ လက်ကိုရှပ်မှန်တယ် ဆိုပေမယ့် လက်က ထက်ပိုင်းကျိုးသွားတယ် လို့လည်းပြောတယ်။”

အဲဒီနောက် လက်မောင်းကျည်ထိမှန်ခဲ့တဲ့ လူငယ်ကို မိုးညှင်းမြို့က မေတ္တာလေညှင်းပရဟိတ လူမှုကူညီရေးအသင်းကနေ မြစ်ကြီးနားပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ အဲဒီအသင်းရဲ့ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ အဲဒီနေရာဟာ ပြီးခဲ့တဲ့ ဩဂုတ်လ (၃၁) ရက်နေ့က စစ်ကောင်စီသတင်းပေးလို့  နာမည်ထွက်နေတဲ့ အမျိုးသားတစ်ဦး ပစ်သတ်ခံခဲ့ရတဲ့ နေရာလည်းဖြစ်ပါတယ်။

အဲဒီ ဖြစ်စဉ်ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မိုးညှင်းမြို့ပေါ်မှာ ကင်းလှည့်ပြီး နေ့ရော ညပါစစ်ဆေးမှုတွေပြုလုပ်လာတာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ဆေးတဲ့အခါမှာလည်း ပြည်သူတွေကို ပစ္စည်းတွေကို လုယူတာ သေနတ်နဲ့ပစ်ခတ်တာတွေ အထိပါ ပြုလုပ်နေတာဖြစ်တယ်လို့လည်း ဆိုပါတယ်။

“ပြီးခဲ့တဲ့ ၂ ပတ် လောက်က စစ်တာ ည ၈ နာရီကျော်ပဲရှိသေးတယ် ကလေးရဲ့ဖုန်းကို ဆိုင်ကယ်ထွက်ခါနီး ခါးကြားကနေ ဆွဲနှိုက်ပြီး ယူထားလိုက်တာ မြင်တယ်ပေါ့နော်။ အဲဒီ မီးတိုင်အောက်မှာ စစ်တော့ ကလေးရဲ့ဖုန်းကိုခါးကြားမှာထိုးပြီး သွားတော့လို့ ပြောတဲ့အချိန်မှာ ကလေးရဲ့ ဖုန်းကို ခါးကြားထိုးလိုက် ပြီး ဖုန်းကို နှိုက်ပြီးယူထားလိုက်တာပေါ့။ ”လို့ အထက်ပါ ဒေသခံက ဆိုပါတယ်။

ဒါ့အပြင် မိုးညှင်းမြို့မှာ  ည (၁၀) နာရီကနေ မနက် (၄) နာရီအထိ ညမထွက်ရ အမိန့်ထုတ်ပြန်ထားပေမယ့်လည်းစစ်ကောင်စီတပ်သားတွေက ည (၈) နာရီလောက်ကနေစပြီး အပြင်မထွက်ကြဖို့ လိုက်လံအော်ပြောတာတွေနဲ့ စစ်ဆေးတာတွေ ပြုလုပ်နေတာဖြစ်ပါတယ်။

မိုးညှင်းမြို့ပေါ်မှာ  စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အခုလို နေ့ရောညပါ တင်းကြပ်စွာ စစ်ဆေးမှုတွေပြုလုပ်နေ တာကြောင့် သွားလာရေးအတွက် အနှောက်ယှက်ဖြစ်ရသလို လုံခြုံရေးအတွက်ပါ စိုးရိမ်နေကြတယ်လို့ ဒေသခံတွေကပြောပါတယ်။

ပုံဟောင်းဖြစ်ပါသည်။

December 4, 2025
ကချင်ပြည်နယ်၊ နမ္မတီးမြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ လီဒိုလမ်းပိုင်းက စစ်ရှောင်ပြည်သူတွေဟာ...
December 3, 2025
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တစ်ဖက်ကမ်း မိုင်းကာနဲ့ မိုးစိမ်းကျွန်းရွာဘက်က ပြည်သူလူထုတွေ...
December 2, 2025
ကျည်၊ ဘတ်ဂျတ်မရှိတာနဲ့ ရဲဘော်အင်အား နည်းလာတာကြောင့် မိုးကုတ်၊ မိုးမိတ်ကိုပေးပြီး အပစ်ရပ်...
Photo credit - CJ
December 1, 2025
စစ်အုပ်စုရဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း...