ရခိုင်ပြည်နယ်၊ စစ်တွေတွင် မနွယ်သန္တာဝင်းအသတ်ခံရမှုကိစ္စကြောင့် ရဲက သံသယဖြင့် ဖမ်းဆီးအမှုဖွင့်ထားသည့် လူငယ်ကို ယနေ့ စက်တင်ဘာ ၁၄ ရက်တွင် လုံခြုံရေးအထူးတင်းကျပ်ကာ ရုံးထုတ်ခဲ့သည်ဟု သိရသည်။
ရဲက သံသယဖြင့်ဖမ်းဆီးအမှုဖွင့်ထားသည့်လူငယ်မှာ မြေပုံမြို့နယ် ကမ်းထောင်းကြီးမြို့မှ မောင်မျိုးချစ်စိုး (၂ဝ နှစ်) ဖြစ်ပြီး သူ့ကို ယနေ့ စက်တင်ဘာလ ၁၄ ရက် နေ့လယ်တွင် စစ်တွေမြို့နယ်တရားရုံး၌ ရုံးထုတ်ခဲ့ခြင်းဖြစ်သည်ဟု မိခင်ဖြစ်သူ ဒေါ်လှသိန်းနွယ်က ပြောသည်။
တရားရုံးရှေ့တွင် သားဖြစ်သူ မောင်မျိုးချစ်စိုး စားရန် ထမင်းထုပ်နှင့် အချိုရည်များကိုကိုင်ပြီး ထိုင်စောင့်နေခဲ့သော်လည်းတွေ့ခွင့်မရခဲ့ဟု မိခင်ဖြစ်သူ ဒေါ်လှသိန်းနွယ်က နိရဥ္စရာကိုပြောသည်။
"ကျွန်မသားနဲ့လုံးဝ တွေ့ခွင့်မရပါဘူး။ သားလို့တောင်တစ်ခွန်းခေါ်ခွင့် မရလိုက်ဘူး။ ရုံးထုတ်လာတော့ တစ်ချက်လေးပဲ မြင်လိုက်ရပါတယ်။ ၂ နာရီ ၁၅ မိနစ်လောက်က အသာလေး ရုံးထုတ်ပြီး ၁၀ မိနစ်တောင်မကြာဘူး။ အသာလေးပြန်ခေါ်သွားတယ်။ နှာခေါင်းစည်း Mask တပ်ထားတော့ ရုပ်လည်းသေချာ မမြင်လိုက်ရပါဘူး။ အဝေးက နေပဲမြင်လိုက်ရတာ ကျွန်မသားမှာ အရိုးသာသာလေးပဲရှိတော့တယ်"ဟု ပြောသည်။
ယနေ့ရုံးထုတ်သည့်ကိစ္စကို ဒေါ်လှသိန်းနွယ်က မောင်မျိုးချစ်စိုး၏ ရှေ့နေကိုမေးမြန်းခဲ့ရာ လာမည့် စတင်ဘာလ ၂၈ ရက်တွင် ပြန်လည်ရုံးထုတ်မည်ဟုပြောဆိုခဲ့ကြောင်း ဆက်ပြောသည်။
ယခုကိစ္စနဲ့ပတ်သက်ပြီး မောင်မျိုးချစ်စိုး၏လူအခွင့်အရေးရှေ့နေအား နိရဥ္စရာက ဆက်သွယ် မေးမြန်းခဲ့ရာ ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပါ။
မောင်မျိုးချစ်စိုး၏ မိခင်မှာ သူမသားဖြစ်သူစားရန် ယူဆောင်လာသည့် ထမင်းထုပ်ကို ပေးခွင့်မရဘဲ တရားရုံးရှေ့တွင် အော်ငိုနေစဉ် ရဲသားတစ်ဦးက ထမင်းထုပ်နှင့် အအေးကို ယူသွားသည်ဟု ဒေါ်လှသိန်းနွယ်က ဆက်ပြောဆိုသည်။
"ကျွန်မသားကို ရုံးထုတ်တဲ့အချိန်မှာလည်း စစ်သားတွေအထပ်ထပ်၊ ရဲသားတွေအထပ်ထပ်နဲ့၊ ထမင်းထုပ် ကိုပေးခွင့်မရဘူး။ ကျွေးပြီးပြီလို့ ပြောကြတယ်။ ကျွန်မသားလေးက ထမင်း မစားရသေးဘူးလို့ အော်သံကို ကျွန်မကြားလိုက်တယ်။ ကျွန်မသား ၂ နာရီ ၃ နာရီအထိ ထမင်း မစားရသေးဘူးအော်ငိုပြီးပြောမှ ယူသွားပါတယ်"ဟုပြောသည်။
စစ်တွေမြို့ မေယုလမ်း၊ ဘောလုံးကွင်းရပ်ကွက်ရှိ ပလပ်စတစ်နှင့် လူသုံး ကုန်ပစ္စည်းအရောင်းဆိုင်မှ အရောင်းဝန်ထမ်းဖြစ်သူ မနွယ်သန္တာဝင်း (၁၈ နှစ်) သည် ဝမ်းဗိုက်အတွင်း ဓားထိုးဒဏ်ရာနှင့် လည်ပင်းတွင် ညိုမဲ ဒဏ်ရာများဖြင့် သြဂုတ်လ ၁၅ ရက်နေ့က အဆိုပါဆိုင်ခန်းတွင် အသတ်ခံလိုက်ရပြီး နောက်တစ်နေ့ သြဂုတ်လ ၁၆ ရက်တွင် ၎င်းဆိုင်နှင့် ဘေးချင်းကပ်ရှိ ဂတ်စ်အရောင်းဆိုင်မှ အရောင်းဝန်ထမ်း မောင်မျိုးချစ်စိုးကို ရဲက သံသယဖြင့်ဖမ်းဆီးကာ လူသတ်မှုပုဒ်မ ၃ဝ၂ ဖြင့်အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
မနွယ်သန္တာဝင်းအသတ်ခံရမှုကို ရဲနှင့် ရက္ခိုင့်တပ်တော် (AA) တို့က ကိုင်တွယ်လျက်ရှိစဉ် ပြစ်မှုကျူးလွန်ခဲ့သူမှာ ဆိုင်မန်နေဂျာဖြစ်သည်ဟု AA ပြောခွင့်ရသူက သြဂုတ်လနောက်ဆုံးပတ်တွင် ထုတ်ဖော်ပြောဆိုထားသည်။
မနွယ်သန္တာဝင်းအသတ်ခံရမှုကိစ္စကို ကိုယ်တွယ်စုံစမ်းနေရသည့် စစ်တွေမြို့မ ရဲစခန်းမှ နယ်ထိန်းရဲ အရာရှိ ရဲအုပ်သိပ္ပံသည် စက်တင်ဘာလ ၈ ရက် ည ၇ နာရီခန့်တွင် စစ်တွေမြို့ လမ်းမကြီး ဆေးရုံကြီးအနီးရှိ မီးပွိုင့်တွင် ဆိုင်ကယ် မီးပွိုင့်မိနေချိန် အမည်မသိလူတစ်စုက သေနတ်ဖြင့် ပစ်ခတ် လုပ်ကြံသွားသည့် အတွက် ဦးခေါင်း၌ ကျည်ဆံဒဏ်ရာ ၂ ချက်ဖြင့် ဆေးရုံတွင် သေဆုံးသွားခဲ့ရသည်။







