တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် တမန်းသားကျေးရွာအနီးကို ညဉ့်အချိန် စစ်ကောင်စီကလေယာဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်

တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် တမန်းသားကျေးရွာအနီးကို ညဉ့်အချိန် စစ်ကောင်စီကလေယာဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်

မောင်တောမြို့နယ်မြောက်ပိုင်းမှ  တမန်းသားကျေးရွာအနီးကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက ညဉ့်အချိန် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သတင်း ရရှိသည်။

ယနေ့ စက်တင်ဘာ ၁၂ ရက် နံနက်  ညဥ့် ၂ နာရီတွင် တမန်းသားကျေးရွာ မြောက်ဘက်မှ တောင်တန်းများကို ဂျက်တိုက်လေယာဉ်တစ်စီးနှင့် နှစ်ကြိမ်လာရောက် ဗုံးကြဲခဲ့ခြင်းဖြစ်ကြောင်း ဖြစ်စဉ်ကို ဒေသခံတစ်ဦးက ပြောပြသည်။

"ရွာမြောက်ဘက် တောင်နားတွေကို ပစ်ခဲ့တာပါ။ ရွာနဲ့ကနီးကပ်နေတာ အဲ့ဒီနေရာတွေက ရွာနဲ့ ၅ မိနစ်တောင်မသွားရဘူး။ ၅ မိနစ်၊ ၆ မိနစ်လောက် ရှိမယ်။ ပစ်တဲ့ကြာချိန်က ဂျက်လေယာဉ်နဲ့ တစ်ခေါက်လာပြီး သုံးလေးလုံးလောက် ဗုံးကြဲတယ်။ ပြီးတော့ ဝဲပျံသွားတယ်။ ပြန်လာပြီး ထပ်ပစ်ပါတယ်။ ရွာမှာတော့ ထိခိုက်မှုတော့မရှိပါဘူး"ဟု ပြောသည်။

လက်ရှိ ဗုံးကြဲခံရသည့် တမန်းသားကျေးရွာအနီးတွင် ယခုရက်ပိုင်းအတွင်းတိုက်ပွဲဖြစ်ပွားခြင်းမရှိသလို တိုက်ပွဲဖြစ်ပွားသည့် နေရာများနှင့်လည်း နီးစပ်မှုမရှိဘဲ တမင်လာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ရွာထဲတွင် ထိခိုက်မှုတစ်စုံတစ်ရာမရှိသော်လည်း ဒေသခံများ စိုးရိမ်ကြောက်လန့်ခဲ့ရကြောင်း နောက်ထပ်ဒေသခံတစ်ဦးက ပြောသည်။

"တိုက်ပွဲတွေ ဘာတွေလည်းဖြစ်တာမရှိပါဘူး။ စခန်းသိမ်းတဲ့နေရာတွေ တိုက်ပွဲတွေ ဖြစ်တဲ့နေရာတွေနဲ့လည်း ဝေးပါတယ်။  ဒီရွာနားအနီးဝန်းကျင်ကို လာပစ်တာပါ။ တခြား ဘယ်နေရာတွေကို ပစ်သေးလဲတော့ ကျနော်မသိဘူး။ ညဘက်ကြီး ကြောက်လို့ အိမ်အောက် ဆင်းပုန်းနေရသေးတယ်" ဟု ပြောသည်။

တမန်းသားကျေးရွာသည် အိမ်ခြေ ၂၀၀ ဝန်းကျင်ရှိပြီး လူဦးရေ ၇၀၀၊ ၈၀၀ ခန့်ရှိကာ အတိအကျ မပြောနိုင်ဟု ၎င်းက ပြောကြားသည်။

ရက္ခိုင့်တပ်တော် (AA) က စက်တင်ဘာလ (၁၀) ရက်၊ မနက် (၆) နာရီ (၁၇) မိနစ်လောက်မှာ  မောင်တော မြို့နယ်မြောက်ပိုင်း  ဂုတ်ပီကျော်လမ်း (ပဲရွမ်းတောင်) က စစ်ကောင်စီတပ် ခမရ (၃၅၂) တပ်ရင်း စခန်းကုန်း ကိုသိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်သားအများအပြားကျဆုံးကာ သုံ့ပန်းဖမ်းဆီးရမိမှု၊ လက်နက်ခဲယမ်းများသိမ်းဆည်းရမိမှုကို ထုတ်ပြန်ခဲ့သည်။

သြဂုတ်လ ၃၁ ရက်နေ့ကလည်း မောင်တောမြို့နယ်မှ မိုင်တိုင် (၄၀) နယ်ခြား စောင့်တပ်စခန်းကို AA က အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရမိခဲ့ကာ စစ်ကောင်စီတပ်သား အများအပြားကျဆုံးခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီတပ်ကလည်း စခန်းပြန်လည်ရရှိရေး စစ်ရဟတ်ယာဉ်များ၊ ဂျက်တိုက်လေယာဉ်များဖြင့် အပြင်းအထန်တိုက်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ် နယ်စပ်အထိ စစ်လေယာဉ်များကျူးကျော်ဝင်ရောက်လာမှုနှင့် လက်နက်ကြီး ကျရောက်မှုတို့ကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ၃ ကြိမ်တိုင်တိုင် သတိပေးခြင်းကို ခံထားရကြောင်း သိရသည်။

ဓာတ်ပုံမှာ ယနေ့ ညဉ့်အချိန် တိုက်ပွဲနှင့် သက်ဆိုင်မှု မရှိပါ။

April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...
April 7, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှတဆင့် ရခိုင်ပြည်အတွင်းသို့ သယ်ဆောင်သည့်စက်သုံးဆီများသည်...
April 4, 2026
ကျော်သီဟ — ရခိုင်ပြည်တွင် ပြီးခဲ့သည့်မတ်လအတွင်း အကြမ်းဖက်စစ်ကော်မရှင်တပ်၏ လေကြောင်းအသုံးပြုကြဲ၍...
April 3, 2026
ကျော်သီဟ — နိုင်ငံခြားဖြစ် အရက်နှင့် ဘီယာများကို အာရက္ခတပ်တော်(AA)က သင်္ကြန်ကာလအတွင်း...