ရခိုင်မှ ဆေးတက္ကသိုလ်ဝင်ခွင့်ရကျောင်းသူ/သား ၃ ဦး၏လျှောက်လွှာများကို စာတိုက်က အချိန်မီမပေးပို့၍ ဆေးကျောင်းဝင်ခွင့် ဖြေဆိုခွင့်မရဖြစ်နေဟုဆို

ရခိုင်မှ ဆေးတက္ကသိုလ်ဝင်ခွင့်ရကျောင်းသူ/သား ၃ ဦး၏လျှောက်လွှာများကို စာတိုက်က အချိန်မီမပေးပို့၍ ဆေးကျောင်းဝင်ခွင့် ဖြေဆိုခွင့်မရဖြစ်နေဟုဆို

ရခိုင်ပြည်နယ်မှ ဆေးတက္ကသိုလ်ဝင်ခွင့်ရကျောင်းသူ၊ ကျောင်းသား ၃ ဦး၏လျှောက်လွှာများကို သက်ဆိုင်ရာ စာတိုက်များက အချိန်မီ မပေးပို့ခဲ့သည့်အတွက် ဆေးတက္ကသိုလ်ဝင်ခွင့်ဖြေဆိုခွင့် မရဘဲဖြစ်နေကြသည်ဟု သိရသည်။

ဆေးတက္ကသိုလ်ဝင်ခွင့်ဖြေဆိုခွင့်မရဘဲဖြစ်နေကြသည့်ကျောင်းသူ၊ ကျောင်းသားများမှာ ရသေ့တောင်မြို့၊ ချောင်းဝရပ်ကွက်မှ ဦးဇော်ဝင်းနှင့် ဒေါ်ခင်နှောင်းရီတို့၏သမီး မခင်ခင်ဇော်၊ ရမ်းဗြဲမြို့နယ် ကျောက်နီမော် ကျေးရွာမှ ဦးသန်းဌေးအောင်နှင့် ဒေါ်မာရီအောင်တို့၏သား ‌မောင်‌ဇော်ထက်ပိုင်နှင့် ဦးအေးရွှေဦးနှင့် ဒေါ်အောင်သန်းတင်တို့၏သား မောင်ဘုန်းမြင်နိုင်တို့ ဖြစ်ကြသည်။

သူတို့ ၃ ဦးအနက် ရသေ့တောင်မြို့မှ မခင်ခင်ဇော်သည် ရသေ့တောင်မြို့၊  အ.ထ.က (၂) မြို့မကျောင်းမှ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဂုဏ်ထူး ၆ ဘာသာဖြင့် သိပွံဘာသာတွဲနှင့် အောင်မြင်ခဲ့သူဖြစ်သည်။

သူမ၏ရမှတ်များမှာ မြန်မာစာ ၇၅၊ အင်္ဂလိပ်စာ ၇၅၊ သင်္ချာ ၈၈၊ ဓာတုဗေဒ ၈၄၊ ရူပဗေဒ ၈၉၊ ဇီဝဗေဒ ၉၁ ဖြစ်ပြီး စုစုပေါင်းရမှတ် ၅၀၂ မှတ်ဖြင့် အောင်မြင်ခဲ့သူလည်း ဖြစ်သည်။

ထိုကျောင်းသူ၏ရမှတ်များနှင့်အတူ ဆေးတက္ကသိုလ်ဖြေခွင့်လျှောက်လွှာကို ပြီးခဲ့သည့် ဩဂုတ်လ ၃၁ ရက်တွင် ရသေ့တောင်မြို့ရှိ စာတိုက်တွင် တင်ထားခဲ့သော်လည်း ဆေးကျောင်း‌ဖြေခွင့်ကျသည့်အထိ လျှောက်လွှာကို စာတိုက်က မပို့ရသေးကြောင်းသိရသည်ဟု ဆေးကျောင်းဖြေခွင့်လျှောက်ထားသူ ကာယကံရှင် မခင်ခင်ဇော်က နိရဥ္စရာကိုပြောသည်။

“လျှောက်လွှာက လုံးဝမတင်ရသေးတာပါ။ ပညာရေးမှူးရုံးကိုလည်း အကူအညီတောင်းထားပါတယ်။ နေပြည်တော်ကိုပို့ပေးမယ်လို့‌တော့ ပြောထားပါတယ်။ ဆရာဝန်မ တစ်‌ယောက်ဖြစ်ချင်ပါတယ်။ ဝါသနာပါတဲ့အရာတစ်ခုကို မလုပ်ရတဲ့အတွက် စိတ်မကောင်းဖြစ်ရပါတယ်"ဟု ပြောသည်။

လက်ရှိတွင် အုပ်ချုပ်‌ရေးမှူးရုံးများကလည်း အကူအညီ ဆောင်ရွက်‌ပေး‌နေကြပြီး သက်ဆိုင်ပညာရေးဌာနများကလည်း ဖြေခွင့်ရအောင် အတတ်နိုင်ဆုံးလုပ်ပေးမည်ဆိုလျှင် ဝမ်းသာမိမည်ဟုလည်း ဆက်ပြောသည်။

အလားတူ ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာမှ ‌မောင်‌ဇော်ထက်ပိုင်နှင့် မောင်ဘုန်းမြင့်နိုင်တို့သည်လည်း ကျောက်နီ‌မော် အ.ထ.က စာစစ်ဌာနမှ ဂုဏ်ထူး (၄) ဘာသာဖြင့်အောင်မြင်ခဲ့သူများဖြစ်ကြသည်။

သူတို့ ၂ ဦးအနက် မောင်‌ဇော်ထက်ပိုင်၏ရမှတ်များမှာ မြန်မာစာ ၇၁၊ အင်္ဂလိပ်စာ ၆၅၊ သင်္ချာ ၈၉၊ ဓါတုဗေဒ ၉၅၊ ရူပဗေဒ ၉၆၊ ဇီဝဗေဒ ၉၅၊ စုစုပေါင်း ရမှတ်ပေါင်း ၅၁၁ မှတ်ဖြစ်သည်။

မောင်ဘုန်းမြင့်နိုင်၏ရမှတ်များမှာလည်း မြန်မာစာ ၇၂၊ အင်္ဂလိပ်စာ ၆၆၊ သင်္ချာ ၈၇၊ ဓါတုဗေဒ ၉၁၊ ရူပဗေဒ ၉၀၊ ဇီဝဗေဒ ၉၅၊ စုစုပေါင်း ရမှတ်ပေါင်း ၅၀၁ မှတ်ဖြစ်သည်။

သူတို့ ၂ ဦးသည်လည်း ဆေးကျောင်းဖြေခွင့်လျှောက်လွှာများကို ပြီးခဲ့သည့် ဩဂုတ်လ ၃၀ ရက်က ရမ်းဗြဲမြို့ စာတိုက်ရုံးခွဲတွင် ပေးပို့လျှောက်ထားခဲ့သည်ဟု သိရသည်။

သို့ရာတွင် ထိုလျှောက်လွှာများသည် ကျောက်ဖြူစာတိုက်တွင် သောင်တင်နေ၍ ဆေးတက္ကသိုလ်ဝင်ခွင့်ဖြေဆိုခွင့်မရသည့်အတွက် အသနားခံစာတင်ရန် ထိုကျောင်းသား ၂ ဦးနှင့် ကျောင်းအုပ်ဆရာကြီးတို့သည် ရန်ကုန်သို့သွားရောက်နေကြရသည်ဟု ရမ်းဗြဲမြို့ခံတစ်ဦးဖြစ်သူ ကိုကိုနိုင်က နိရဥ္စရာကို ပြောသည်။

"ကျောင်းသား  ၂ ယောက်နဲ့ သူတို့ ဆရာဦးထွေးစံနဲ့အတူ အခု ရန်ကုန် သွား‌နေပါတယ်။ အခြေအနေအရ အဆင့်မြင့် ပညာဦးစီးဌာနသို့ သနားခံစာနဲ့တင်မယ်လို့‌ပြောတယ်" ဟုပြောသည်။

ရခိုင်လူငယ်များ၏အနာဂတ်သည် ရခိုင်ပြည်၏အနာဂတ်ဖြစ်ပြီး ထို‌ကျောင်းသားများ ဆေးတက္ကသိုလ်ဝင်ခွင့် ဖြေဆိုခွင့်မရရှိခဲ့လျှင် သူတို့၏အနာဂတ်တစ်ခုလုံး နစ်နာပြီး လမ်းပျောက်သွားမည်ကို စိုးရိမ်မိသည်ဟုလည်း  ဆက်ပြောသည်။

၂၀၂၂ ခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်လ ၃၁ ရက်မှစ၍ ဧပြီလ ၉ ရက်အထိ ကျင်းပခဲ့ခြင်းဖြစ်ပြီး ရခိုင်မှ ကျောင်းသူကျောင်းသား ၄၁၇၅၅ ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ ၁၉၇၂၉ ဦး ဖြေဆိုအောင်မြင်ခဲ့ကြောင်း ပြည်နယ်ပညာရေးမှူးရုံးစာရင်းအရ သိရသည်။

ယင်းအနက် စစ်တွေတွင် ၈၈ ဦး၊ တောင်ကုတ်တွင် ၂၄ ဦး၊ သံတွဲတွင် ၁၄ ဦး၊ မြောက်ဦးတွင် ၁၂ ဦး၊ မင်းပြားတွင် ၁ဝ ဦး၊ ဘူးသီးတောင်တွင် ၁ဝ ဦး၊ ပုဏ္ဏားကျွန်းတွင် ၇ ဦး၊ ကျောက်ဖြူတွင် ၇ ဦး၊ ကျောက်တော်တွင် ၆ ဦး၊ မြေပုံတွင် ၄ ဦး၊ အမ်းတွင် ၄ ဦး၊ မာန်အောင်တွင် ၄ ဦး၊ မောင်တောတွင် ၃ ဦး၊ ပေါက်တောတွင် ၂ ဦး၊ ဂွတွင် ၁ ဦးစသည်ဖြင့် ရခိုင်တစ်ပြည်လုံးမှ ဆေးတက္ကသိုလ် ဝင်ခွင့်ဖြေဆိုခွင့်ရသူ စုစုပေါင်း ၁၉၆ ဦးရှိသည်ဟု သိရသည်။

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...