ရှဒူးဇွပ်ကျေးရွာဘက်က KIA စခန်းငယ်နှင့် အနီးတစ်ဝိုက် စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲနေသည့်အပြင် မြေပြင်ပါ ထိုးစစ်ဆင်နေဟုဆို

ရှဒူးဇွပ်ကျေးရွာဘက်က KIA စခန်းငယ်နှင့် အနီးတစ်ဝိုက် စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲနေသည့်အပြင် မြေပြင်ပါ ထိုးစစ်ဆင်နေဟုဆို

စစ်ကောင်စီဘက်ကနေ ဂျက်လေယာဉ် နှစ်စင်းနဲ့ ဖားကန့်မြို့နယ်၊ ဝါရာဇွပ်ကျေးရွာအုပ်စု၊ ရှဒူးဇွပ်ဘက်က ကေအိုင်အေ ရှေ့တန်းစခန်းငယ်တစ်ခုဖြစ်တဲ့ ဝခါးပိုစ့် (Wahka post) နဲ့ အနီးအနားက တောင်အနှံ့ ဗုံးကြဲချ‌နေတဲ့အပြင် မြေပြင်စစ်ကြောင်းပါ ထိုးနေတယ်လို့ ‌ဒေသခံပြည်သူတွေ ဆီကနေ သိရပါတယ်။

ဒီကနေ့ မနက် (၉) နာရီခွဲကနေ စပြီး လက်ရှိအချိန်အထိ KIA တပ်ရင်း (၁၄) ဘက်နဲ့ အောက်လျန့်ကျေးရွာဘက် ဆက်တိုက်ဆိုသလို လေယာဉ်ပေါ်ကနေ ဗုံးအပြင် သေနတ်နဲ့ပါ ပစ်ခတ်ပေးနေတယ်လို့ ဒေသခံပြည်သူ အမျိုးသားတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

"ဝခါးဘက် ဗုံးလာချတယ်။ ခုလည်း အပေါ်မှာ ဝဲပြီး ချပေးနေတယ်။ ဝခါးမှာပဲ မဟုတ်ဘူး သူတို့ မင်္သကာတဲ့ နေရာတွေမှာရောပဲ။ ဗုံးရောချ၊ သေနတ်လည်း ပစ်ပေးတယ်။ ပြောနေရင်း ခုလည်းတစ်ခါ ကြားပြီ"လို့ ဒေသခံကပြောပါတယ်။

နောက်ထပ် ဒေသခံအမျိုးသမီးတစ်ဦးရဲ့ ပြောပြချက်အရ ရွာကနေ မြင်နေရတဲ့ နေရာတစ်နေရာမှာ ဗုံးနှစ်ခေါက်ပစ်ချပြီး မီးခိုးတွေ ထွက်ပေါ်နေတဲ့အပြင် အလှန်းဝေးတဲ့ နေရာ‌တွေမှာပါ ဗုံးပေါက်ကွဲသံ ဆက်တိုက်ထွက်ပေါ်နေတယ်လို့ ဆိုပါတယ်။

"နှစ်ခေါက်လာချတယ်။ ဟိုးမမြင်ရတဲ့ဘက် ဆက်တိုက်ဆက်တိုက် ဆိုသလို ပေါက်ကွဲသံတွေ ကြားရတယ်။"လို့ ဆိုပါတယ်။

လက်ရှိ စစ်ကောင်စီဘက်ကနေ ရှဒူးဇွပ် ပြည်သူ့စစ် စစ်သားတွေနဲ့ ပူးပေါင်းပြီး ဝခါးပိုစ့်ဘက် လူ အင်အား (၃၀၀) လောက် ခြေလျင် စစ်ကြောင်း ချီတက်မှုတွေ ရှိနေတယ်လို့ ပြောဆိုနေကြပေမယ့် အသေးစိတ်တော့ မသိရှိရ သေးပါဘူး။

အဲဒီ လေယာဉ်နှစ်စင်းဟာ လေပေါ် ကနေပြီး ဗုံး၊ သေနတ်တွေနဲ့ ပစ်ခတ်ပေးနေတာ ဖြစ်တယ်လို့ နောက်ထပ် ဒေသခံအမျိုးသားတစ်ဦးကလည်း အခုလို ပြောပါတယ်။

"ဟုတ်တယ် ဝခါးဘက်ဟုတ်တယ်။ ခုတောင် မီးခိုးတွေ ထွက်နေတယ်။ KIA ရဲ့ ဝခါးပိုစ့်မှာ။ အဲဒီနေရာနဲ့ နေရာအနှံ့ပဲ ဟိုးတောင်ပေါ်မှာရောပဲ။ ခုလည်း ဝခါးဘက် မြေပြင်ကနေရော စစ်ကြောင်းထိုးနေတယ်ကြားတယ်"လို့ ပြောပါတယ်။

ရှဒူးဇွပ်ဘက်က ကေအိုင်အေ ရှေ့တန်းစခန်းငယ်တစ်ခုဖြစ်တဲ့ ဝခါးပိုစ့် (Wahka post) ကို ပြည်သူ့စစ်တပ်စခန်းဘက်ကနေ စက်တင်ဘာလ (၇) ရက်နေ့ကလည်း Droneနဲ့ တစ်ကြိမ် လာရောက်ပစ်ခတ်မှုတွေ ရှိခဲ့ပါတယ်။

April 25, 2026
ဦးမင်းအောင်လှိုင် သမ္မတရာထူးယူပြီးနောက် ပထမဦးဆုံးအကြိမ် အရေးပေါ် အခြေအနေ ကြေညာချက်ထုတ်ပြန်တဲ့အထဲ...
April 24, 2026
ကချင်ပြည်နယ် ဖားကန့်မြို့ နယ် လုံးခင်းကျေးရွာက ဆေးရုံတစ်ခုမှာ ဆရာဝန်တွေနဲ့ သူနာပြုတွေအပါ အယောက်...
April 23, 2026
ကချင်ပြည်နယ် ဖားကန့်ဒေသဘက် စစ်ကော်မရှင်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေ ရှိတဲ့အတွက်...
April 22, 2026
လျှပ်စစ်မီးပြတ်တောက်နေတဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဘက်ထရီဆိုင်ကယ် အသုံးပြုတဲ့သူတွေ...