(၈၃)နှစ်မြောက် ဆရာတော်ဦးဥတ္တမနေ့အခမ်းအနား ဂျပန်နိုင်ငံတွင် ကျင်းပ

(၈၃)နှစ်မြောက် ဆရာတော်ဦးဥတ္တမနေ့အခမ်းအနား ဂျပန်နိုင်ငံတွင် ကျင်းပ

(၈၃) နှစ်မြောက် မြန်မာ့လွတ်လပ်ရေး မီးရှူးတန်ဆောင် ဆရာတော်ဦးဥတ္တမနေ့ အခမ်းအနားကို ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် ဂျပန်ရောက် ရခိုင်အမျိုးသားများက ယနေ့ စက်တင်ဘာ ၁၁ ရက်နေ့တွင် ပူးပေါင်းကျင်းပခဲ့ကြသည်ဟု သတင်းရရှိသည်။

ဂျပန်ရောက်ရခိုင်အမျိုးသားများက ဆရာတော် ဦးဥတ္တမနေ့ ကျင်းပရေးကော်မတီတစ်ရပ်ကို ဖွဲ့စည်းကာ စုပေါင်းကျင်းပခဲ့ကြပြီး လူပေါင်း တစ်ရာကျော်တက်ရောက်ခဲ့ကြသည်။

(၈၃) နှစ်မြောက် ဆရာတော် ဦးဥတ္တမနေ့သည် စက်တင်ဘာ (၉) ရက်ဖြစ်သော်လည်း စက်တင်ဘာ ၁၁ ရက်နေ့မှာ ရုံးပိတ်ရက်ဖြစ်သဖြင့် ရခိုင်အမျိုးသားများအားလုံးစုံညီစွာ တက်ရောက်နိုင်ရေးကို ရည်ရွယ်ပြီး ယနေ့တွင် ကျင်းပခဲ့ကြခြင်းဖြစ်သည်။

အခမ်းအနားကို ညနေ ၃ နာရီမှ ည ၈ နာရီထိ တိုကျိုမြို့   Arakawa  City တွင် ကျင်းပခဲ့ကြသည်ဟု သိရသည်။

အခမ်းအနားတွင် အာရက္ခနိုင်ငံတော်သီချင်းကို သံပြိုင်ရွတ်ဆိုပြီး ဖွင့်လှစ်ကာ တက်ရောက်လာကြတဲ့ ခေါင်းဆောင်အသီးသီးမှ ဆရာတော်အားဂုဏ်ပြုစကားများဖြင့်ချီးမြှင့်ခဲ့ကြပါသည်။

ဆရာတော်နေ့ အခမ်းအနားကျင်းပရေး ဦးဆောင်ကော်မတီ တစ်ဦးဖြစ်သူကိုသက်ထွန်းအောင်က “ ဆရာတော် ဦးဥတ္တမနေ့ကို ယခုလို ကျင်းပခြင်းက သမိုင်းပေးတာဝန်တစ်ခုကို လက်ဆင့်ကမ်း သယ်ယူလာခြင်းဖြစ်သလို ရခိုင်တို့ရဲ့ အမျိုးဂုဏ် ဇာတိဂုဏ် မြင့်မားမှုကို ထုတ်ဖော်ပြသရာလည်း ရောက်ပါတယ်။ ရခိုင်အာဇာနည်တွေကို ဂုဏ်ပြုခြင်းအားဖြင့် နောက်လာတဲ့ မျိုးဆက်သစ် လူငယ်တွေအတွက် မျိုးချစ်စိတ်ဓာတ် နိုးထလာပြီး ရခိုင်နိုင်ငံရေး၊ တော်လှန်ရေးမှာ တတတ်တအား သလောက် ပါဝင်လာနိုင်လိမ့်မည်ဟုလည်း မျှော်လင့်မိပါတယ်” ဟု ပြောသည်။

ဆရာတော် ဦးဥတ္တမသည် မြန်မာနိုင်ငံ အင်္ဂလိပ်နယ်ချဲ့လက်အောက်သို့ ကျရောက်နေစဉ် မြန်မာတစ်မျိုးသားလုံး သူ့ကျွန်ဘဝမှ လွတ်မြောက်ရေး အတွက် အင်္ဂလိပ်နယ်ချဲ့တို့အား ဆန့်ကျင် တော်လှန်ရန် နိုင်ငံရေးမျိုးစေ့ကို စတင်ချပေးခဲ့သော ရဟန်းတော်တစ်ပါးဖြစ်သည်သာမက အင်္ဂလိပ်တို့အား မကြောက်တရားများ လှုံ့ဆော်ရေးသား ဟောကြားမှုကြောင့် ထောင်အကြိမ်ကြိမ် ချခံခဲ့ရသည့် ရဟန်းတော်တစ်ပါးလည်း ဖြစ်သည်။

အခမ်းအနားကျင်းပရေးကော်မီတီကိုယ်စား ကိုဘုန်းမြင့်မှ  ဆရာတော် ဦးဥတ္တမနေ့ ကျင်းပရခြင်း၏ ရည်ရွယ်ချက် အဖွင့်အမှာစကား ပြောကြားခဲ့ကြပြီး ကိုသက်ထွန်းအောင်၊ ကိုအောင်ကျော်မင်း၊ ဦးလှအေးမောင်၊ ကိုခင်မောင်အေး တို့က ဆရာတော်၏ ဂုဏ်ကျေးဇူးများကို ဟောပြောခဲ့ကြပြီး ကိုခင်မောင်ချင်းမှ ပွဲကျင်းပရေးကော်မတီကိုယ်စား ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...
April 7, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှတဆင့် ရခိုင်ပြည်အတွင်းသို့ သယ်ဆောင်သည့်စက်သုံးဆီများသည်...
April 4, 2026
ကျော်သီဟ — ရခိုင်ပြည်တွင် ပြီးခဲ့သည့်မတ်လအတွင်း အကြမ်းဖက်စစ်ကော်မရှင်တပ်၏ လေကြောင်းအသုံးပြုကြဲ၍...
April 3, 2026
ကျော်သီဟ — နိုင်ငံခြားဖြစ် အရက်နှင့် ဘီယာများကို အာရက္ခတပ်တော်(AA)က သင်္ကြန်ကာလအတွင်း...