ပလက်၀မြို့နယ်က အိန္ဒိယသို့ထွက်ပြေးလာသည့် စစ်ဘေးရှောင် ၆ဝဝ ခန့်ကို အိန္ဒိယရှိ ရခိုင်မိသားစုများက စားနပ်ရိက္ခာများကူညီထောက်ပံ့မှုပြုလုပ်

ပလက်၀မြို့နယ်က အိန္ဒိယသို့ထွက်ပြေးလာသည့် စစ်ဘေးရှောင် ၆ဝဝ ခန့်ကို အိန္ဒိယရှိ ရခိုင်မိသားစုများက စားနပ်ရိက္ခာများကူညီထောက်ပံ့မှုပြုလုပ်

ချင်းပြည်နယ်၊ ပလက်၀မြို့နယ်၊  မြိတ်ဝကျေးရွာဘက်မှ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးလာကြသည့် ရခိုင်စစ်ဘေးရှောင် ၆ဝဝ ခန့်ကို အိန္ဒိယနိုင်ငံရှိ ရခိုင်မိသားစုများက စားနပ်ရိက္ခာများ ကူညီ ထောက်ပံ့ ခဲ့ကြသည်ဟု သတင်းရရှိသည်။

အဆိုပါစားနပ်ရိက္ခာများကို အိန္ဒိယနိုင်ငံ ဘာဇီကိုင်ရွာဘက်ရှိ ရခိုင် မိသားစုများက ယမန်နေ့ စက်တင်ဘာလ ၉ ရက်တွင် ထောက်ပံ့ ကူညီခဲ့ကြသည်ဟု ရွာသစ်ဆရာတော် ဦးပညာဇောတက နိရဥ္စရာကိုမိန့်သည်။

“ရွာတစ်ရွာမှာ လူဦးရေဘယ်လောက်ရှိလဲ။ အဲဒါတွေကို အားလုံး ရိက္ခာတွေကို ဝေငှပြီးတော့ ပေးကြတယ်။ စုစုပေါင်း လူ ၆၀၀ လောက်ရှိပါတယ်”ဟု ဆရာတော်ကမိန့်ကြားသည်။

မြိတ်၀ရွာက ထွက်ပြေးလာကြသူများသည် မီဇိုရမ်ပြည်နယ်အတွင်းမှ ရွာသစ်ကျေးရွာ၊ တပ်ပေါင်းချေ ကျေးရွာ၊ လိုင်တလန်ကျေးရွာနှင့် ရွာသာယာကျေးရွာတို့တွင် ခိုလှုံနေကြပြီး လက်ရှိ စစ်ဘေးရှောင် ၆ဝဝ ခန့် ရှိသည်ဟု သိရသည်။

ယမန်နေ့က ထောက်ပံ့ခဲ့သည့်စားနပ်ရိက္ခာများတွင် ဆန်၊ အာလူး၊ ကြက်သွန်နီ/ဖြူ၊ ပဲ၊ ငရုပ်သီး၊ ငပိ၊ ဆား၊ အသားတု၊ ငါးခြောက်နှင့် သခွားသီးစသည်တို့ပါဝင်ပြီး စစ်ဘေးရှောင်များအတွက် ရက်သတ္တပတ် တစ်ပတ်စာအတွက်သာ လုံလောက်မည်ဟု ဆိုသည်။

အဆိုပါစားနပ်ရိက္ခာများကုန်သွားပါက နောက်ထပ်စားသောက်ရန် စားနပ်ရိက္ခာများ အရေးတကြီးလိုအပ်နေပြီး မိုးတွင်းကာလဖြစ်၍ ခြင်ထောင်နှင့် အဝတ်အထည်များလည်း လိုအပ်နေသည်ဟု ရွာသစ်ဆရာတော် ဦးပညာဇောတက နိရဥ္စရာကို မိန့်သည်။

“တစ်ပတ်စာကုန်သွားရင် လှူမဲ့သူတွေမရှိသေးဘူး။ ဒီအတွက် နောက်ထပ် အလှူရှင်တွေကို ရှာဖွေပြီး ကူညီပေးသွားရမှာဖြစ်ပါတယ်”ဟု မိန့်သည်။

လက်ရှိတွင် စစ်ဘေးရှောင် လူဦးရေ အရေအတွက်မှာ ရွာသစ်ကျေးရွာတွင် အိမ်ထောင်စု ၅၁ စု (လူဦးရေ ၂ဝ၇ ဦး)၊ တပ်ပေါင်းချေကျေးရွာတွင် အိမ်ထောင်စု ၂၇ စု (လူဦးရေ ၁၁၅ ဦး) ၊ လိုင်တလန်ကျေးရွာတွင် အိမ်ထောင်စု ၃၉ စု (လူဦးရေ ၁၆၃ ဦး) နှင့် ရွာသာယာကျေးရွာတွင် အိမ်ထောင်စု ၂၁ စု (လူဦးရေ ၁ဝ၅ ဦး) တို့ရှိပြီး ဘုန်းကြီးကျောင်းများနှင့် နေအိမ်များတွင် ဖြန့်ခွဲနေထိုင်လျက်ရှိသည်ဟု သိရသည်။

သူတို့သည် အိန္ဒိယနယ်စပ်အနီး ချင်းပြည်နယ် မြိတ်ဝစစ်တပ် အခြေစိုက် စခန်းကို AA က ပြီးခဲ့သည့် စက်တင်ဘာလ ၁ ရက် ညနေပိုင်းက တိုက်ခိုက်ခဲ့ပြီးနောက် နောက်တစ်နေ့တွင် စစ်တပ်တပ်စခန်း အနီးဝန်းကျင်ကို စစ်တပ်ဘက်ကလည်း တိုက်လေယာဉ်များဖြင့် လာရောက်ပစ်ခတ်မှုများ ရှိခဲ့သည့် အတွက် လုံခြုံရေးစိုးရိမ်၍ ထွက်ပြေးတိမ်းရှောင်လာခဲ့သူများ ဖြစ်သည်။

AA က တိုက်ခိုက်ခဲ့သည့် မြိတ်ဝတပ်စခန်းသည် အိန္ဒိယနိုင်ငံ၊ မီဇူရမ်နယ်စပ် အနီးတွင်တည်ရှိပြီး စစ်ရေးအရအရေးပါသည့် ခြေကုတ်စခန်းတစ်ခုဖြစ်သည်။

ပလက်ဝမြို့နယ် နှမဒါချောင်း၊ ရီးမဝကျေးရွာစသည့်နေရာများတွင်လည်း AA နှင့် စစ်ကောင်စီတပ်တို့  တိုက်ပွဲပြင်းထန်လျက်ရှိသည်ဟု ဒေသခံများက ပြောသည်။

ဓာတ်ပုံ - အိန္ဒိယရောက်စစ်ဘေးရှောင် ၆ဝဝ ခန့်အတွက် စားနပ်ရိက္ခာများထောက်ပံ့စဉ်နှင့် မြိတ်ဝဘက်မှ အိန္ဒိယဘက်သို့ ထွက်ပြေးလာခဲ့ကြစဉ်။ (Photo - Narinjara and မာဃလုလင်)

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...