မောင်တောနယ်စပ် တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီက ရဟတ်ယာဉ်နှစ်စီးဖြင့် အသုံးပြုတိုက်ခိုက်

မောင်တောနယ်စပ် တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီက ရဟတ်ယာဉ်နှစ်စီးဖြင့် အသုံးပြုတိုက်ခိုက်
ဓာတ်ပုံ- စစ်ကောင်စီလေတပ်က မောင်တောမြို့နယ် မြောက်ပိုင်းတွင် အသုံးပြုတိုက်ခိုက်ခဲ့သည့် ဗုံးသီးအခွံများကိုတွေ့ရစဉ်
ဓာတ်ပုံ- စစ်ကောင်စီလေတပ်က မောင်တောမြို့နယ် မြောက်ပိုင်းတွင် အသုံးပြုတိုက်ခိုက်ခဲ့သည့် ဗုံးသီးအခွံများကိုတွေ့ရစဉ်

မောင်တောမြို့နယ်မြောက်ပိုင်းတွင် ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့ အကြား ယနေ့ နံနက်ကစပြီး တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေပြီး စစ်ကောင်စီက ရဟတ်ယာဉ်များဖြင့် အသုံးပြု တိုက်ခိုက်နေသည်ဟု သတင်းရရှိသည်။

တိုက်ပွဲဖြစ်ပွားသည့်နေရာမှာ မောင်တောမြို့နယ် ကြိမ်ချောင်းနှင့် ဂုပ္ပီကျေးရွာအကြား လောင်းဒုံနယ်ခြားစောင့် စခန်းအနီးတွင် ဖြစ်ပွားနေခြင်း ဖြစ်ကြောင်း သိရသည်။

ယနေ့ စက်တင်ဘာ (၁၀) ရက် နံနက် ၅ နာရီ ၄၅ မိနစ်ခန့်မှစတင်ကာ ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့ ပြင်းပြင်းထန်ထန် တိုက်ပွဲ ဖြစ်ပွားနေ၍ အနီးအနားကျေးရွာမှ ဒေသခံများ ထွက်ပြေး တိမ်းရှောင် နေရကြောင်း အမည်မဖော်လိုသူ ကြိမ်ချောင်း ကျေးရွာသားတစ်ဦးက ပြောသည်။

"မနက် ၅ နာရီခွဲကျော်လောက်ကနေ ဖြစ်နေတာ အခုအချိန်အထိပါပဲ။ ပစ်ခတ်နေကြတာတော့ အပြင်းအထန်ပါပဲ။ ရွာသားတွေကတော့ ချက်ချင်းကြီး တခြားနေရာကို ထွက်ပြေးဖို့ကလည်း မလွယ်ကူဘူး။ အဆင်ပြေမယ့်နေရာ၊ ဘေးလွတ်မယ်ထင်တဲ့နေရာတွေမှာ ပုန်းရှောင်နေရပါတယ်" ဟု ပြောသည်။

နံနက် ၈ နာရီ ၄၅ မိနစ်ခန့်တွင် ရဟတ်ယာဉ်နှစ်စီးဖြင့် စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားသည့် နေရာများကို လေကြောင်းပစ်ကူကာ ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

"ဂုပ္ပီ နဲ့ ကြိမ်ချောင်းကြားမှာ ဖြစ်နေတာပါ။ အဲ့ဒီမှာလောင်းဒုံတပ်စခန်းရှိပါတယ်။ ၈ နာရီ ၄၅ လောက်မှာ ရဟက်ယာဉ်နှစ်စီးနဲ့ ဗုံးကြဲပါတယ်။ အခုကတော့ လက်နက်ကြီးတွေလည်း ပစ်နေတုန်းပါပဲ"ဟု ဒေသခံတစ်ဦးက ပြောသည်။

ယင်းအပြင် ယမန်နေ့ စက်တင်ဘာ ၉ ရက် နံနက်ပိုင်းတွင် ပလက်ဝမြို့နယ် နှမဒါကျေးရွာအနီး တိုက်ပွဲဖြစ်ပွားခဲ့ပြီး ညနေ ၄ နာရီကျော်ခန့်တွင် မောင်တောမြောက်ပိုင်း မီးတိုက်ကျေးရွာအနီးရှိ နယ်ခြားစောင့်တပ်စခန်းကို အေအေကဝင်ရောက်တိုက်ခိုက်ခဲ့သည့်အတွက် တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

တိုက်ပွဲအခြေအနေများနှင့်ပတ်သက်၍ ရက္ခိုင့်တပ်တော် (AA) ပြောခွင့်ရသူ ဦးခိုင်သုခနှင့် စစ်ကောင်စီ၏ ရခိုင်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရတို့ကို ဆက်သွယ်မေးမြန်းထားသော်လည်း ပြန်လည်ဖြေကြားခြင်း မရှိသေးပါ။

သြဂုတ်လ ၃၁ ရက်နေ့တွင် မောင်တောမြို့နယ်မှ မိုင်တိုင် (၄၀) နယ်ခြား စောင့်တပ်စခန်းကို AA ကအပြီးသတ်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး လက်နက်ခဲယမ်းအများအပြားသိမ်းဆည်း ရမိခဲ့ကာ စစ်ကောင်စီတပ်သား အများအပြားကျဆုံးခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီတပ်ကလည်း စခန်းပြန်လည်ရရှိရေး စစ်ရဟတ်ယာဉ်များ၊ ဂျက်တိုက်လေယာဉ်များဖြင့် အပြင်းအထန်တိုက်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ် နယ်စပ်အထိ စစ်လေယာဉ်များကျူးကျော်ဝင်ရောက်လာမှုနှင့် လက်နက်ကြီး ကျရောက်မှုတို့ကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ၃ ကြိမ်တိုင်တိုင် သတိပေးခြင်းကို ခံထားရကြောင်း သိရသည်။

April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...
April 7, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှတဆင့် ရခိုင်ပြည်အတွင်းသို့ သယ်ဆောင်သည့်စက်သုံးဆီများသည်...
April 4, 2026
ကျော်သီဟ — ရခိုင်ပြည်တွင် ပြီးခဲ့သည့်မတ်လအတွင်း အကြမ်းဖက်စစ်ကော်မရှင်တပ်၏ လေကြောင်းအသုံးပြုကြဲ၍...