မြန်မာငြိမ်းချမ်းလုပ်ငန်းစဉ်ကို ပုံဖော်ခြင်းစာအုပ်မိတ်ဆက်ပွဲပြုလုပ်၊ AA နှင့် UWSA ကို အင်အားကြီးဆုံးတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အဖြစ်ဖော်ပြ

မြန်မာငြိမ်းချမ်းလုပ်ငန်းစဉ်ကို ပုံဖော်ခြင်းစာအုပ်မိတ်ဆက်ပွဲပြုလုပ်၊ AA နှင့် UWSA ကို အင်အားကြီးဆုံးတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အဖြစ်ဖော်ပြ

BNI ( Burma News International) က ထုတ်ဝေသည့် မြန်မာငြိမ်းချမ်းလုပ်ငန်းစဉ်ကိုပုံဖော်ခြင်း စာအုပ် (၂) အုပ်ထုတ်ဝေခြင်း မိတ်ဆက်ပွဲအခမ်းအနားကို ယနေ့ နံနက်က ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ပြုလုပ်ခဲ့သည်။

၎င်းစာအုပ်နှစ်အုပ်မှာ မြန်မာနိုင်ငံ၏ ၂၀၁၉-၂၀၂၀ လက်နက်ကိုင် ပဋိပက္ခ နှင့် ၂၀၂၁-၂၀၂၂ လက်နက်ကိုင် ပဋိပက္ခများနှင့် ပတ်သက်ပြီး ကောက်ယူ စုဆောင်းရရှိထားသော အချက်အလက်များကို ပြည့်ပြည့်စုံစုံ ကိန်းဂဏန်းအချက်အလက်များ၊ အညွှန်းများနှင့်အတူ ပြည့်ပြည့်စုံစုံ ဖော်ပြထားသည်။

အဆိုပါ ထုတ်ဝေသောစာအုပ်တွင် တိုင်းရင်းသားလက်နက်ကိုင်များ၏ အင်အားကို ဖော်ပြရာတွင် စစ်ကောင်စီနှင့် ငြိမ်းချမ်းရေး ယူထားသော NCA လက်မှတ်ရေးထိုးထားသောအဖွဲ့များနှင့် NCA လက်မှတ်ရေးထိုးခြင်းမရှိသော လက်နက်ကိုင်အဖွဲ့များဟု  Desk boards ၂ ခုခွဲ၍  ဖော်ပြထားသည်။

NCA လက်မှတ်ရေးထိုးခြင်း မရှိသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များ အထဲတွင် UWSA (၀ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော်) နှင့် ရက္ခိုင့်တပ်တော် (AA) တို့ကို အင်အား ၃ သောင်းခန့်ဖြင့် အင်အားအများဆုံး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအဖြစ် ထိပ်ဆုံးစာရင်းတွင် ဖော်ပြထားသည်။

ယင်အပြင် စစ်အစိုးရနှင့် လက်မှတ်ရေးထိုးမထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ အင်အားမှာ ၇၈. ၅၅ ရှိပြီး စစ်အစိုးရနှင့်  NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ အင်အားမှာ ၂၁. ၄၅ သာရှိကြောင်း ဖော်ပြသည်။

ဘီအမ်းအိုင် ဥက္ကဋ္ဌ (၁) ဒေါ်နန်းဖော့ဂေက “  ဒီစာအုပ်ကတော့ အချိန် တော်တော်ယူပြီး သတင်းဌာန ၂၀ ကျော်၊ မြေပြင် သတင်းထောက် တွေဆီက ရရှိလာတဲ့ အချက်အလက်တွေကို သေချာစိစစ်ပြီးမှ ဘီအမ်အိုင် ငြိမ်းချမ်းရေး အဖွဲ့က ရေးသား ထုတ်ဝေထားတာဖြစ်ပါတယ်။ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လေ့လာသူတွေ၊ လုပ်ကိုင်နေတဲ့ အဖွဲ့အစည်းတွေ အတွက်  အကျိုးရှိရှိ အသုံးပြုနိုင်မယ့် စာအုပ်နှစ်အုပ်ပါ။ ဒီလို ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ စာတွေကို ပြုစုထုတ်ဝေနိုင်တဲ့ အတွက် ဘီအမ်းအိုင်အတွက် ဂုဏ်ယူသလို ပြုစုရေးသားထုတ်ဝေတဲ့ ငြိမ်းချမ်းရေး Peace Team ကိုလည်း ကျေးဇူးတင်ပါတယ်။ ကူညီထောက်ပံ့ပေးကြတဲ့ အလှူရှင်တွေကိုလည်း ကျေးဇူးတင်ပါတယ်”ဟု စာအုပ်မိတ်ဆက်ပွဲ အခမ်းအနားတွင် ပြောကြားသည်။

တိုက်ပွဲများနှင့်ပတ်သက်ပြီး ဖော်ပြရာတွင် ၂၀၁၉-၂၀၂၀ ခုနှစ်များအတွင်း တိုက်ပွဲများကို လေ့လာကြည့်ပါက ရက္ခိုင့်တပ်တော် (AA) နှင့် တပ်မတော် အကြား တိုက်ပွဲအရှိန်အမြင့်ဆုံးနှင့် အပြင်းထန်ဆုံးဖြစ်ကြောင်း ဖော်ပြထားသည်။

အဆိုပါ စာအုပ်ထဲတွင် ၂၀၁၉- ၂၀၂၀ ခုနှစ်အတွင်း ရက်ပေါင်း ၄၁၈ ရက် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် တိုက်ပွဲအများဆုံး ဖြစ်ပွားခဲ့သည့် ဒေသမှာ ရခိုင်ပြည်နယ်ဖြစ်ပြီး ရက်ပေါင်း ၂၆၉ ရက်ဖြစ်ကာ ကျောက်တော်မြို့နယ်တွင် စုစုပေါင်း ရက်ပေါင်း ၅၃ ရက် ဖြစ်ပွားခဲ့သည်ဟု ဖော်ပြသည်။

တစ်နှစ်ရက်အရေအတွက်မှာ ၃၆၅ ရက်ရှိသော်လည်း တိုက်ပွဲဖြစ်ပွားမှုမှာ နေ့ရက်များနေရခြင်းမှာ တိုက်ပွဲဖြစ်ပွားမှု ကြိမ်ရေလိုက်ယူရန် မလွယ်ကူ၍ ရက်လိုက်မှတ်တမ်းတင်ကာ ဖော်ပြထားခြင်းဖြစ်ကြောင်း ငြိမ်းချမ်းရေး စာအုပ်ရေးသားရာတွင် ပါဝင်သူတစ်ဦးက နိရဉ္စရာကို ပြောသည်။

“  ပြောရမယ်ဆိုရင် တစ်နေ့တည်း ရခိုင်မှာလည်းတိုက်ပွဲဖြစ်တယ်။ ရှမ်းမြောက်မှာလည်း တိုက်ပွဲဖြစ်တယ်ဆိုရင် ကျနော်တို့ တိုက်ပွဲဖြစ်ရက် ၂ ရက်ယူလိုက်တာပေါ့။ ရခိုင်မှာ တစ်ရက်တည်း ၅ ပွဲဖြစ်ချင်ဖြစ်မယ်။ ရှမ်းမြောက်မှာ ၃ ပွဲဖြစ်ချင်ဖြစ်မယ်။ တိုက်ပွဲဖြစ်တဲ့ အကြိမ်ရေကို ယူရမှာ ခက်ခဲတဲ့ အတွက် ဒေသ အလိုက် တိုက်ပွဲဖြစ်တဲ့ ရက်အရေအတွက်ကို ယူထားတာဖြစ်ပါတယ်။ တစ်ရက်တည်းမှာ ကချင်မှာလည်းဖြစ်မယ်၊ ရခိုင်မှာလည်းဖြစ်မယ်။ ရှမ်းမှာလည်း ဖြစ်မယ်ဆိုရင် ၃ ရက်လို့ ယူလိုက်တာပေါ့။ ဒါကြောင့် တိုက်ပွဲဖြစ်တဲ့ရက်အရေအတွက်က တစ်နှစ် ၃၆၅ ရက်ထက် များနေတာဖြစ်ပါတယ်” ဟု ရှင်းပြပြောဆိုသည်။

၂၀၁၉-၂၀၂၀ တွင် တစ်နိုင်ငံလုံး စစ်ဘေးရှောင် အရေအတွက်မှာ ၁၂၆၄၃၃ ရှိခဲ့ရာမှ ၂၀၂၁-၂၀၂၂ ခုနှစ်တွင် စစ်ဘေးရှောင်ဦးရေ ၃၂၁၈၇၈ ထိ တိုးလာကြောင်း ဖော်ပြသည်။

၎င်းစာအုပ်နှစ်အုပ်ကို သက်ဆိုင်ရာဘီအမ်းအိုင် အဖွဲ့ဝင်မန်ဘာ အဖွဲ့အစည်းများမှ တစ်ဆင့်ဖြန့်ဝေသွားမှာ ဖြစ်သလို အွင်လိုင်း ပလက်ဖောင်းများတွင် ဖတ်ရှုနိုင်ရန် စီစဉ်သွားမည်ဟု သိရသည်။

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...