စက်သုံးဆီစျေး ကြီးမြင့်မှုကြောင့် ပူတာအို ဒေသငါးဖမ်းရောင်းဝယ်သူများ အရှုံးပေါ်

စက်သုံးဆီစျေး ကြီးမြင့်မှုကြောင့် ပူတာအို ဒေသငါးဖမ်းရောင်းဝယ်သူများ အရှုံးပေါ်

စက်သုံးဆီစျေးနှုန်း မြင့်တက်နေတာကြောင့် ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်မှာ ဒေသထွက် ငါးဖမ်းသူတွေနဲ့ ပြန်လည်ရောင်းချသူတွေ အရှုံးပေါ်နေပြီး  အများစု ရပ်နားထားတယ်လို့ သိရပါတယ်။

ဒေသငါးတွေကို ဖမ်းဖို့အတွက် စက်လှေကို အသုံးပြုကြရတာဖြစ်ပြီး လက်ရှိမှာ ဓာတ်ဆီဈေး တစ်ဂါလံကို (၂၀၀၀၀) ကျပ်အထိ ပေးဝယ်နေရပြီး  ငါးတစ်ပိဿာကို ၈၀၀၀/ ၉၀၀၀ ကျပ်နဲ့ ဖောက်သယ် ပေးရောင်းချနေရတာကြောင့် အရှုံးဘက်ကို ဦးတည်နေတဲ့အတွက် ခေတ္တရပ်နားထားတာ ဖြစ်တယ်လို့ မချမ်းဘော့မြို့နယ်က ငါးရောင်းချသူတစ်ဦးက ပြောပါတယ်။

“ဓာတ်ဆီဈေးတက်တာနဲ့ မဖြစ်တော့ဘူး။ ငါးဖမ်းတဲ့သူတွေက မလိခမြစ်ဆိုပေမယ့် အနီးအနားမှာမဟုတ်ဘူးလေ။ အရမ်းဝေးတဲ့နေရာကို သွားရတဲ့အခါကြတော့ သူတို့စက်တွေကလည်း ဓာတ်ဆီစက်တွေဆိုတော့ သူတို့က ရတာနဲ့ ဝေးတာနဲ့ မကိုက်တဲ့အခါကြတော့ မဖမ်းကြတော့ဘူး။ အဲဒီလိုဆိုတော့ ကျွန်တော်တို့လည်း မလုပ်နိုင်တော့ဘူး။ ”လို့ ဆိုပါတယ်။

အရင်အချိန်က ဒေသငါးတစ်ပိဿာကို ဖောက်သယ်ဈေး ၆၀၀၀ ကျပ်နဲ့ဝယ်ယူပြီး ငါးအမျိုးအစားပေါ်မူတည်ပြီးတော့ ၇၀၀၀/ ၈၀၀၀ ကျပ်နဲ့ရောင်းချနိုင်ခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ ၉၀၀၀ ကျပ်ဝန်းကျင်နဲ့ ဝယ်ယူပြီး ၁၀၀၀၀ ကျပ်နဲ့ပြန်ရောင်းချနေရတယ်လို့လည်း ဆိုပါတယ်။

အခုချိန်မှာ ဒေသငါးတွေရောင်းချတာ မရှိတော့တဲ့အတွက် မြစ်ကြီးနားဘက်ကလာတဲ့ ရေခဲရိုက်ငါးကြင်း တစ်ပိဿာကို ၉၀၀၀ ကျပ် ငါးမုန့်ငါးတစ်ပိဿာကို ၄၅၀၀ ကျပ်နဲ့ ဝယ်ယူစားသုံးနေကြတယ်လို့လည်း သိရပါတယ်။

“ဟုတ်တယ် ဒေသထွက်ငါးတွေက ဈေးမှာ သိပ်မတွေ့ရတော့ဘူး။ ရေခဲရိုက်ငါးတွေပဲများတယ်။ ဒေသထွက်ငါးခြောက်တော့ ရောင်းတာတွေ့တယ်လို့” ပူတာအိုမြို့က အသက် (၃၀) ဝန်းကျင်အရွယ် အမျိုးသား တစ်ဦး ကဆိုပါတယ်။

လက်ရှိအချိန်မှာ ပူတာအိုမြို့ရှိ စက်သုံးဆီအရောင်းဆိုင်ကြီးတွေဟာ မနက်  ၇ နာရီလောက်မှာဆိုင်ဖွင့်ပြီး ၁၁ နာရီမှာ ပိတ်တဲ့အတွက် သုံးစွဲသူတွေအနေနဲ့ အမြန်သွားဝယ်ယူရပြီး ဝယ်ယူတဲ့အချိန်မှာလည်း ကန့်သတ်ချက်နဲ့သာ ဝယ်ယူရတယ်လို့လည်း သိရပါတယ်။

လက်ရှိအချိန် ပူတာအိုမြို့မှာ ဒီဇယ်ဆီကို လိုအပ်သလောက် ဝယ်ယူလို့ရပေမယ့် ဓာတ်ဆီကတော့ လိုသလို ဝယ်ယူလို့ မရသေးဘူးလို့လည်း ဒေသခံတွေက ပြောပါတယ်။

Most read this week

December 4, 2025
ကချင်ပြည်နယ်၊ နမ္မတီးမြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ လီဒိုလမ်းပိုင်းက စစ်ရှောင်ပြည်သူတွေဟာ...
December 3, 2025
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တစ်ဖက်ကမ်း မိုင်းကာနဲ့ မိုးစိမ်းကျွန်းရွာဘက်က ပြည်သူလူထုတွေ...
December 2, 2025
ကျည်၊ ဘတ်ဂျတ်မရှိတာနဲ့ ရဲဘော်အင်အား နည်းလာတာကြောင့် မိုးကုတ်၊ မိုးမိတ်ကိုပေးပြီး အပစ်ရပ်...
Photo credit - CJ
December 1, 2025
စစ်အုပ်စုရဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း...