ရခိုင်ပြည်၊ အမ်းမြို့နယ်၊ မွှားကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင် ဒေသခံ (၃) ဦးကို အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ) မှ တွေ့ဆုံ မေးမြန်းစရာရှိသည်ဆိုပြီး ခေါ်ယူသွားကာ ဖမ်းဆီး ထိန်းသိမ်းထားသည်ဟု သူတို့နှင့် နီးစပ်သူများက နိရဉ္စရာသတင်းဌာနကို ပြောဆိုသည်။
ဖမ်းဆီးခံထားရသူများမှာ မွှားကျေးရွာ အုပ်ချုပ်ရေးမှူး ဦးညီတင်မောင်၊ ညောင်ချောင်းကျေးရွာမှ ပန်းချစ်သူထမင်းဆိုင်ပိုင်ရှင် ဦးဝင်းအောင်နှင့် နောက်ထပ် တန်းတင်ကျေးရွာသားတစ်ဦးဖြစ်ကြောင်း သိရသည်။
၎င်းတို့ကို ယမန်နေ့ စက်တင်ဘာ (၆) ရက် နံနက် (၁၀) နာရီခန့်က တွေ့ဆုံ မေးမြန်းစရာရှိသူဟုဆိုကာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ခေါ်ယူသွားပြီး ယခုအချိန်အထိ ပြန်လွှတ်ပေးခြင်းမရှိသေးသည့် အပြင် မိသားစုများနှင့်လည်း အဆက်အသွယ်မရဖြစ်နေသည်ဟု မွှားကျေးရွာအုပ်ချုပ်ရေးမှူး မိသားစုနှင့်နီးစပ်သူတစ်ဦးက ပြောသည်။
“သူတို့ သုံးဦးကို မနေ့က လာဖမ်းတာမဟုတ်ဘဲ မေးမြန်းစရာရှိတယ်ဆိုပြီး နပခကိုခေါ်သွားတာပါ။ ခေါ်သွားပြီး အခုပြန်မလွှတ်တော့တာပါ။ အခု ဖမ်းထားတယ်လို့ သိရတယ်’’ ဟု ပြောသည်။
၎င်းတို့အား အဘယ်ကြောင့်ဖမ်းဆီးထားသည်ကို မသိရသေးကြောင်း၊ မိသားစုဝင်များအနေဖြင့် သူတို့ ပြန်လည်လွတ်မြောက်လာရန် သွားရန်ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်နေကြောင်း ၎င်းကဆက်ပြော သည်။
“မိသားစုတွေတော့ သွားပြီးညှိနှိုင်းနေကြတယ်။ အခြေအနေကတော့ အတိအကျမသိရသေးပါဘူး။ ဘာမှလည်းအပြစ်မရှိဘဲ အခုလိုတော့ ဖမ်းဆီးထားတာမျိုး မလုပ်သင့်ဘူး”ဟု ပြောသည်။
ယခုကဲ့သို့ တွေ့ဆုံစရာရှိသည်ဆို၍ ခေါ်ယူသဖြင့် လူကြီးလူကောင်းပီပီ သွားရောက်တွေ့ဆုံသူများကို ဖမ်းဆီးထိန်းသိမ်းထားပါက နောက်နောင် မည်သူမျှ နပခမှ ခေါ်ယူလျှင် သွားရဲတော့မည်မဟုတ်ဟုလည်း ၎င်းက ပြောဆိုသည်။
ယခုကဲ့သို့ ရခိုင်တွင် စစ်ရေး၊ နိုင်ငံရေး တင်းမာနေချိန်မှာ အပြစ်မဲ့ အရပ်သား ပြည်သူများကို မတရားဖမ်းဆီးနေမှုများကြောင့် ဒေသခံများအကြား စိုးရိမ်မှုပိုမို မြင့်တက်လာသလို ဒေသတည်ငြိမ်ရေးလည်း ပိုမိုပြီး ဆိုးရွား လာနေသည်ဟု ရခိုင်နိုင်ငံရေးလေ့လာသုံးသပ်သူများက ပြောသည်။
စက်တင်ဘာလ (၄) ရက်နေ့ကလည်း စစ်ကောင်စီနှင့်ရဲတပ်ဖွဲ့ဝင်များသည် မြောက်ဦးမြို့မှ ဟာသပို့စ်တင်သူ ကိုရင်ဆို့ (ခ) ကိုကျော်ဇံဝေကို မတရားသဖြင့် ဖမ်းဆီးခေါ်ဆောင်သွားသဖြင့် အများပြည်သူများအတွင်း မကျေနပ်မှုများလည်း တိုးပွားနေသည်ဟု သိရသည်။
ယင်းအပြင် ဇူလိုင်လအတွင်း စစ်ကောင်စီက မောင်တော၊ ကျောက်တော်၊ မြောက်ဦး၊ ပုဏ္ဏားကျွန်းနှင့် ကျောက်ဖြူမြို့နယ်တို့မှ အပြစ်မဲ့ ဒေသခံ အရပ်သား (၄၀) ခန့်ကိုလည်း ဖမ်းဆီးထားခဲ့ပြီး လက်ရှိမှာ တရားစွဲဆိုမှု များလည်းရှိနေကြောင်းသိရသည်။







