ရခိုင်နှင့်ချင်းပြည်နယ်ပလက်၀တွင် ဖြစ်ပွားနေသောတိုက်ပွဲများကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရသူ ၉၆၀၀ ခန့်ရှိကြောင်း ကုလသမဂ္ဂမှ သတင်းထုတ်ပြန်

ရခိုင်နှင့်ချင်းပြည်နယ်ပလက်၀တွင် ဖြစ်ပွားနေသောတိုက်ပွဲများကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရသူ ၉၆၀၀ ခန့်ရှိကြောင်း ကုလသမဂ္ဂမှ သတင်းထုတ်ပြန်

ဇွန်လမှစတင်၍  ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တောင်ပိုင်းတို့တွင် မြန်မာတပ်မတော် နှင့် ရက္ခိုင့်တပ်မတော် (AA) တို့အကြား ဖြစ်ပွားနေသောတိုက်ပွဲများကြောင့် အိုးအိမ်များကို စွန့်ခွာ ထွက်ပြေးလာရသူ စစ်ဘေးရှောင် ၉၆၀၀ နီးပါးရှိကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှု အကူအညီပေးရေးဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး UNOCHA က  စက်တင်ဘာ ၅ ရက်နေ့စွဲဖြင့် သတင်းထုတ်ပြန်သည်။

တိုက်ပွဲမှာ ရခိုင်ပြည်နယ်ရှိ မောင်တော၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မြောက်ဦးမြို့နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် တိုက်ပွဲအများစု ဖြစ်ပွားခဲ့ကြောင်း ဖော်ပြသည်။

စက်တင်ဘာ ၅ ရက်အထိ ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်းနှင့်  ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများဖြစ်ပွားခဲ့ရာ ပြည်တွင်းနေရပ်စွန့်ခွာ ထွက်ပြေးရသူ စုစုပေါင်း ၉,၆၀၀ နီးပါးရှိခဲ့ပြီး ယခင် လူများနှင့် ဆိုလျှင် စုစုပေါင်း စစ်ဘေးရှောင် ၈၄,၀၀၀ နီးပါးအထိ ရှိလာခဲ့ကြောင်း ကုလသမဂ္ဂ၏ နောက်ဆုံးစာရင်းများအရ သိရသည်ဟု ဆိုသည်။

အေအေနှင့် စစ်ကောင်စီကြား စစ်ရေး တင်းမာမှုများ မြင့်တက်လာခြင်းကြောင့် လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများ အပါအဝင် မကြာခဏ တိုက်ပွဲများ ဖြစ်ပွားခဲ့သည့်အတွက် ယခုလို ထွက်ပြေးလာကြခြင်းဖြစ်ကြောင်း ဖော်ပြသည်။

အေအေနှင့် စစ်ကောင်စီတို့  ၂၀၂၀ ခုနှစ် နိုဝင်ဘာလကတည်းက စတင်ခဲ့သော ယာယီအပစ်အခတ် ရပ်စဲရေးအပြီးတွင် ပြန်လည်ဖြစ်ပွားခဲ့သော ပဋိပက္ခဖြစ်သည်။

အဓိကကျသောလမ်းများနှင့် ရေလမ်းများကို ပိတ်ဆို့ထားပြီး အရပ်သားများ၏ သွားလာမှုကို ကန့်သတ်ထားပြီး လိုအပ်နေသူများထံ လူသားချင်း စာနာမှု အကူအညီများ မရောက်ရှိစေရန် တားဆီးထားသည်ဟုလည်း သတင်းတွင် ဖော်ပြသည်။

ပြည်တွင်းနှင့် နိုင်ငံတကာမှ မိတ်ဖက်အဖွဲ့အစည်းများသည် ဝင်ရောက် ခွင့်ပြုထားသည့် ဒုက္ခရောက်နေသူများကို အရေးပေါ်အကူအညီများ ပံ့ပိုးပေးနေကြသော်လည်း နေရာအများအပြားတွင် လက်လှမ်းမမီနိုင်သေးဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးသူများသည် ဘေးဒဏ်သင့်ဒေသများသို့ အတားအဆီးမဲ့ဝင်ရောက်ခွင့်နှင့် ဗျူရိုကရက် အဟန့်အတားများကို ဖယ်ရှားပေးရန်လိုအပ်ပြီး လိုအပ်နေသူများကို အချိန်မီ အသက်ကယ်ထောက်ပံ့မှုများ ပေးအပ်နိုင်ရန် လိုအပ်ပါသည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

Most read this week

July 22, 2026
ရခိုင်ပြည်၏ မြို့တော်၊ စစ်တွေမြို့၊ ဆင်ကူးလမ်းရပ်ကွက်ရှိ ဆင်ကူးလမ်းကျောင်း စစ်ဘေးရှောင်စခန်းမှ...
July 20, 2026
ရခိုင်ပြည်၊ သံတွဲ၊ မအီနှင့် ပုဏ္ဏားကျွန်းမြို့များကို ဇူလိုင်လ ၁၉ ရက်နေ့ တစ်ရက်တည်းအတွင်း...
July 18, 2026
ဧရာဝတီတိုင်းအတွင်း ခိုလှုံနေကြသည့် ရခိုင်စစ်ဘေးရှောင်များနှင့် ရခိုင်မှတ်ပုံတင် (၁၁/---)...
July 17, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ် တောင်မော်ဦးရေတပ်အနီးတွင် အာရက္ခတပ်တော် (AA) နှင့် စစ်တပ်တို့အကြား...