ရသေ့တောင်မြို့နယ်တွင် ထပ်တိုးစစ်ဘေးရှောင် ကျောင်းသား/ကျောင်းသူ ၅၆ ဦး၏ ပညာသင်ကြားခွင့်ရရေးကျောင်းသားမိဘများတောင်းဆို

ရသေ့တောင်မြို့နယ်တွင် ထပ်တိုးစစ်ဘေးရှောင် ကျောင်းသား/ကျောင်းသူ ၅၆ ဦး၏ ပညာသင်ကြားခွင့်ရရေးကျောင်းသားမိဘများတောင်းဆို

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်တွင် ထပ်တိုးလာသည့် စစ်ဘေးရှောင်များအထဲမှ ကျောင်းသား/သူ ၅၆ ဦးအတွက် ကျောင်းပညာသင်ယူရေးခက်ခဲနေ၍ အကူအညီများလိုအပ်နေသည်ဟု ကျောင်းသားမိဘများက ပြောသည်။

ရသေ့တောင်မြို့နယ် စေတီပြင်ကျေးရွာနှင့် အနီးဝန်းကျင်ကျေးရွာများတွင် ထပ်တိုးစစ်ဘေးရှောင် အိမ်ထောင်စု ၁၅၈ စု၊ လူဦးရေ ၅၅၇ ဦးရှိပြီး ၎င်းတို့အနက် ကျောင်းသား/ ကျောင်းသူ ၅၆ ဦးမှာ ကျောင်းဆက်တက်ရန် အခက်အခဲ ဖြစ်နေရဟု သိရသည်။

လက်ရှိ ကျောင်းသားများတွင် တိုက်ပွဲများကြားက ရုတ်တရက် ထွက်ပြေးလာကြသဖြင့် ကျောင်းထွက် လက်မှတ်လည်း ရယူရန်မလွယ်သလို စာအုပ်စာတန်းနှင့် ကျောင်းသုံးကရိယာများလည်း အတူ ပါမလာ၍ ကျောင်းအပ်ပြီး ပညာသင်ကြားရေးမှာ အခက်အခဲဖြစ်နေကြရသည်ဟု ရေမျက်ကျေးရွာမှ ထွက်ပြေးလာပြီး စေတီပြင်ရွာတွင် ယာယီခိုလှုံနေသည့်  ကျောင်းသားမိဘတစ်ယောက်က ပြောသည်။

" ရွာမှာသေနတ်တွေပစ်၊ လက်နက်ကြီးတွေပစ်နေကြတော ပြေးလာရတာပေါ့။ ကလေးတွေမှာ ကျောင်းထွက်လက်မှတ်၊ စာအုပ်စာတန်းဘာမှ ပါမလာကြဘူး။ အခုသူတို့က စေတီပြင် အထကမှာ ကျောင်းတက်ချင်‌နေကြပါတယ်။ ကျောင်းမတက်ရရင် ကလေးတွေအတွက် ပညာရေးနစ်နာတာပေါ့။ ကယ်ဆယ်ရေးကို ရောက်လာတဲ့ ကျောင်းသားတွေကို  စာသင်ခွင့်ရဖို့ အကူအညီပေးကြဖို့ တောင်းဆိုချင်ပါတယ် " ဟုပြောသည်။

၎င်း‌ကလေးငယ်များမှာ ရသေ့တောင်မြို့နယ် မြောက်ပိုင်း ကျောက်တန်း တိုက်နယ်ရှိ  သမီးလှ (သစ်/ဟောင်း)၊ ရက်ခုန်တိုင် (ကုန်တန်း)၊ ကုလားချောင်း၊ ပြိန်းတော၊ ရေမျက်၊ ညောင်ပင်လှ စသည့် ကျေးရွာများမှ ဖြစ်ကြပြီး လက်ရှိ စေတီပြင်ကျေးရွာ အပါအဝင် အနီးအနားရှိ ကျေးရွာများတွင် ခိုလှုံနေကြသည်ဟု သိရသည်။

ယခုကိစ္စနှင့် ပတ်သက်ပြီး ကျောင်းဝင်ခွင့်ရရေးနှင့် ပညာဆက်လက် သင်ကြားနိုင်ရေးတို့အတွက် ရသေ့တောင်မြို့နယ်ပညာရေးမှူးကို ဖုန်းဖြင့် ဆက်သွယ်မေမြန်းရာ ၎င်းမှာနေပြည်တော်သို့ စက်တင်ဘာ ၁ ရက်နေ့ ကတည်းက ရောက်ရှိနေကြောင်းပြောဆိုပြီး လောလောဆယ် တစ်စုံတစ်ရာ ဖြေကြားမှု မရှိခဲ့ပါ။

ထပ်တိုးစစ်ဘေးရှောင်များအနေဖြင့်  လတ်တလောထွက်ပြေးလာသည့် အတွက်ကြောင့် စေတီပြင် ဘုန်းကြီးကျောင်းနှင့်  ရွာထဲရှိဆွေမျိုးအိမ်များတွင် ကပ်ခိုနေထိုင်ကြရပြီး စေတီပြင်ရွာဦးတောင်ဘက် ဒုက္ခသည်စင်တာတစ်ခုတွင် အိမ်ထောင်စု ၅၀ ခိုလှုံနေထိုင်ကြသည်ဟု သိရသည်။

ရသေ့တောင်မြို့နယ် မြောက်ပိုင်း ကျောက်တန်းတိုက်နယ်အတွင်းရှိ မညင်းတောင်တွင် ရက္ခိုင့်တပ်တော် (AA) နှင့် မြန်မာ့စစ်ကောင်စီ တပ်တို့အကြား ပြီးခဲ့သည့် ဩဂုတ် ၃၀ ရက် ည ၆ နာရီခွဲခန့်က တိုက်ပွဲ တစ်နာရီခန့် ဖြစ်ပွားခဲ့သည်။ နောက်တစ်နေ့ ဩဂုတ်  ၃၁ရက်‌ နံနက်အချိန်တွင်လည်း နောက်ထပ်တစ်ကြိမ် ထပ်မံတိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟုသိရသည်။

လွန်ခဲ့သည့်လ သြဂုတ် ၁၃ ရက်၊ နံနက်ပိုင်းက ရသေ့တောင်မြို့နယ် ဒုံးပိုက်ကျေးရွာအနီး မေယုတောင်တန်းတွင် ဖြစ်ပွားသည့် တိုက်ပွဲကြောင့် အနီးအနားရှိ ကျေးရွာများမှ ဒေသခံ အမျိုးသမီးများ၊ သက်ကြီးပိုင်းများနှင့် ကလေးသူငယ် စုစုပေါင်း ၆၀၀ ကျော်ခန့်မှာလည်း မေယုတောင်ကိုကျော်ပြီး သံချောင်း၊ အောင်ဆိပ် လောင်းချောင်း၊ သံချောင်း၊ အောင်ဆိပ်၊ ကျည်းတပင်၊ မင်းဖူး၊ ဇီးကုန်တန်း၊ သရက်ချောင်းအစရှိသည့်  ကျေးရွာများဘက်သို့ ထွက်ပြေး တိမ်းရှောင်ခဲ့ကြရသည်။

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...