မောင်တောမြောက်ပိုင်းလောင်းဒုံအနီး မြန်မာစစ်တပ်နှင့် AA တို့ ထပ်မံတိုက်ပွဲဖြစ်ပွား

မောင်တောမြောက်ပိုင်းလောင်းဒုံအနီး မြန်မာစစ်တပ်နှင့် AA တို့ ထပ်မံတိုက်ပွဲဖြစ်ပွား

ရခိုင်ပြည်နယ်၊ မောင်တောမြောက်ပိုင်း လောင်းဒုံကျေးရွာအနီးတွင် ယနေ့ နေ့လယ်ပိုင်းက မြန်မာစစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ အကြား မိနစ် ၃၀ ခန့် ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

စက်တင်ဘာ ၆ ရက် နေ့လယ် ၃ နာရီခွဲခန့်တွင် မောင်တောမြို့နယ် လောင်းဒုံကျေးရွာအနီး ဖောကီးတောင်အနီဝန်းကျင်တွင် နာရီဝက်ခန့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

"နီးနီးကပ်ကပ်တော့ကြားရတယ်။ သိပ်မဝေးဘူး။ အသံတွေတော့ တော်တော်ကြားရပါတယ်။ လက်နက်ငယ်သံလည်းကြားရတယ်။ လက်နက်ကြီးသံလည်း တစ်ချက်တစ်ချက်ကြားရတယ်။ ဆက်တိုက်ကြီးဖြစ်တာလည်းမဟုတ်ဘူး။ ခဏရပ်သွားလိုက် ထပ်ပြီးပစ်လိုက်နဲ့ ကြားနေရပါတယ်။ သိပ်တော့မကြာခဲ့ပါဘူး။ နာရီဝက်လောက်ပဲ ဖြစ်ခဲ့တာပါ"ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။

အေအေနယ်မြေအတွင်း မြန်မာစစ်တပ်စစ်ကြောင်း ဝင်ရောက်လာ၍ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မြန်မာစစ်တပ်ဘက်က ထိခိုက်ဆုံးမှုတချို့ရှိခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

"မြန်မာစစ်တပ်စစ်ကြောင်းသွားချိန်မှာ အေအေက သူ့နယ်မြေထဲ အဝင်မခံဘဲ ကြားဖြတ် တိုက်တာလို့ ကြားပါတယ်။ ဒါ အတိအကျတော့ ကျနော်လည်း မသိဘူးပေါ့။ စစ်တပ်ဘက်က ထိခိုက် ကျဆုံးမှုတွေလည်းရှိခဲ့တယ်လို့ အေအေနဲ့ နီးစပ်သူတွေက ပြောပါတယ် ခင်ဗျ"ဟု ပြောသည်။

တိုက်ပွဲအခြေအနေအသေးစိတ်နှင့် ထိခိုက်ကျဆုံးမှုအခြေအနေများကို ရက္ခိုင့်တပ်တော် (AA) ပြောခွင့်ရသူ ဦးခိုင်သုခ နှင့် ရခိုင်ပြည်နယ်လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရ တို့ကို အတည်ပြုနိုင်ရန် ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။

ရခိုင်အနောက်ဘက်နယ်စပ် မောင်တောမြို့နယ် မြောက်ပိုင်းတွင် ၂၀၂၂ ခုနှစ် သြဂုတ်လ ၂ ရက်နေ့မှ စ၍  အေအေနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားခဲ့ပြီး သြဂုတ်လ (၃၁) ရက်နေ့ မနက်ပိုင်းက မိုင်တိုင် (၄၀) နခခ (၆) တပ် စခန်းတစ်ခုလုံးကို အေအေက အပြီးသတ် သိမ်းပိုက်ခဲ့သည်။

၎င်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က  ရဲအုပ် စိုးစိုးပိုင် အပါအဝင် စုစုပေါင်း (၁၉) ဦး ကျဆုံးခဲ့ပြီး ဒုတပ်ကြပ် (၁) ဦးကို အရှင်ဖမ်းဆီးကာ လက်နက် ခဲယမ်း၊ စစ်အသုံးအဆောင် ပစ္စည်း အမြောက်အမြားကို သိမ်းဆည်းရမိခဲ့ကြောင်း AA က သတင်း ထုတ်ပြန်ခဲ့သည်။

၎င်းနောက် အဆိုပါ စခန်းဝန်းကျင်နှင့် အေအေတပ်ဖွဲ့ဝင်များရှိနိုင်သည့် နေရာများကို စစ်ကောင်စီက ရဟတ်ယာဉ်၊ ဂျက်တိုက် လေယာဉ်များနှင့် ဗုံးကြဲ တိုက်ခိုက်ခဲ့သဖြင့် တိုက်ပွဲအရှိန်မှာမြင့်တက်ကာ ဘင်္ဂလားဘက်ထိ အမြောက်ကျည်ဆံများ ကျရောက် ခဲ့ကြောင်း သိရှိရသည်။  

April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...
April 7, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှတဆင့် ရခိုင်ပြည်အတွင်းသို့ သယ်ဆောင်သည့်စက်သုံးဆီများသည်...
April 4, 2026
ကျော်သီဟ — ရခိုင်ပြည်တွင် ပြီးခဲ့သည့်မတ်လအတွင်း အကြမ်းဖက်စစ်ကော်မရှင်တပ်၏ လေကြောင်းအသုံးပြုကြဲ၍...