မြောက်ဦးမြို့ပတ်ပတ်လည်ရှိ တောင်များတွင် စစ်ကောင်စီတပ်စခန်းချပြီး ဓာတ်ဆီဘူးများကို ဆောင်ထားခြင်းမှာ တိုက်ပွဲဖြစ်ပွားပါက မြောက်ဦးကို မီးရှို့ရန် ရည်ရွယ်ထားပုံရသည်ဟု စစ်ရေးလေ့လာအကဲခတ်သူ တစ်ဦးပြောဆို

မြောက်ဦးမြို့ပတ်ပတ်လည်ရှိ တောင်များတွင် စစ်ကောင်စီတပ်စခန်းချပြီး ဓာတ်ဆီဘူးများကို ဆောင်ထားခြင်းမှာ တိုက်ပွဲဖြစ်ပွားပါက မြောက်ဦးကို မီးရှို့ရန် ရည်ရွယ်ထားပုံရသည်ဟု စစ်ရေးလေ့လာအကဲခတ်သူ တစ်ဦးပြောဆို
မြောက်ဦး ဘုရားတောင်တစ်ခု/ မူရင်းပိုင်ရှင်ရိုက်ကူးသူကို Credit  ပေးပါသည်။
မြောက်ဦး ဘုရားတောင်တစ်ခု/ မူရင်းပိုင်ရှင်ရိုက်ကူးသူကို Credit ပေးပါသည်။

ရခိုင်ရှေးဟောင်းမင်းနေပြည်တော်တစ်ခုဖြစ်ခဲ့သည့် မြောက်ဦးမြို့ ပတ်ပတ်လည်လည်ရှိ တောင်များတွင် စစ်ကောင်စီတပ်သားများကို ၉ ယောက်တစ်စု၊ ၁၀ ယောက်တစ်စု ကင်းစခန်းချထားပြီး စစ်သားများကလည်း ဓာတ်ဆီဘူးနှင့် ပုလင်းများဆောင်ထားခြင်းမှာ အကယ်၍ မြောက်ဦးမြို့တွင် တိုက်ပွဲဖြစ်ပွားပါက မြို့ကိုမီးရှို့ရန် ရည်ရွယ်ထားပုံရသည်ဟု စစ်ရေး လေ့လာအကဲခတ်သူ တစ်ဦးကပြောဆိုသည်။

“ အခု သူတို့ လှုပ်ရှားမှုက အရင်နဲ့ မတူတဲ့ အချက်နှစ်ချက် သုံးချက်ကို တွေ့ရတယ်။ တစ်ချက်က မြောက်ဦးမြို့ ပတ်ပတ်လည်မှာရှိတဲ့ တောင်ထိပ်တွေမှာ ၁၀ ယောက်တစ်စု၊ ၉ ယောက်တစ်စု စစ်သားတွေကို နေရာချထားတယ်။ ဒါက အရင်ဒီလိုမျိုးဖြန့်ခွဲပြီး နေရာယူတာမျိုးမရှိဘူး။ ခုလိုလုပ်တာက အေအေကို လာတိုက်ဖို့ မျှားခေါ်တာ ဖြစ်နိုင်တယ်လို့ ယူဆလို့ရတယ်”ဟု ၎င်းက သုံးသပ်ပြောဆိုသည်။

နောက်ထပ်တစ်ခုထူးခြားမှုမှာ မြန်မာစစ်ကောင်စီတပ်သားများသည် တပ်စိတ်အလိုက်၊ တပ်စုအလိုက် ဓာတ်ဆီဘူးများနှင့် ပုလင်းများကို ဆောင်ထားကြခြင်းဖြစ်ပြီး သွားရာတိုင်းကို ယူဆောင်နေသည်မှာ ထူးခြားမှုတစ်ခုဟု ဆိုသည်။

“ ဒီဓာတ်ဆီဘူးတွေကို စစ်သားတွေက သွားလေရာရာကို ယူဆောင်နေတာက မြောက်ဦးကို အေအေ ဝင်တိုက်တာနဲ့ တိုက်ပွဲဖြစ်ရင် မီးရှို့မယ့် သဘော ဖြစ်တယ်။ ဒီလိုရည်ရွယ်ချက်တွေနဲ့ စစ်သား အနည်းစီကို တောင်ထိပ်တွေမှာ ဖြန့်ခွဲချပြီး အေအေကို လာတိုက်အောင် မျှားခေါ်နေတယ်။ အေအေက လာတိုက်တာနဲ့ မြောက်ဦးကို မီးရှို့ လိမ့်မယ်။ ဒါက သူတို့ မြန်မာစစ်တပ် လုပ်နေကျ သူတို့ရဲ့  အစဉ်အလာပေါ့။ ဒါမျိုးတွေကို ကရင်ပြည်နယ်တိုက်ပွဲမှာ ပြုလုပ်ခဲ့သလို အခုလက်ရှိ ချင်းနဲ့ စစ်ကိုင်းတိုင်းတွေဘက်မှာ လုပ်နေတယ်” ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

၎င်းအပြင် မြောက်ဦးကို မီးရှို့မည်ဟု စစ်ကောင်စီက ကောလဟလ သတင်းများ လွင့်ထားပြီး တစ်ဖက်တွင်လည်း စစ်သားများ  ဓာတ်ဆီများဝယ်ယူနေသည်ကို ပြည်သူများရှေ့ လူမြင်ကွင်းတွင် ပေါ်ပေါ်ထင်ထင် ပြသမှုပြုလုပ်ခဲ့မှုများမှာ ပြည်သူကို အကြောက်တရားဝင်အောင် ခြောက်လှန့်ထားခြင်းဖြစ်သည်ဟု ဆိုသည်။

“မြောက်ဦးသားတွေနဲ့ ဒီလို ခြိမ်းခြောက်တိုင်း ကြောက်မနေကြဖို့လိုတယ်။ ကိုယ့်အလုပ်ကိုယ်လုပ်၊ သွားနေကျအတိုင်းနေကြဖို့ပါပဲ။ စျေးရောင်းစရာ ရှိတာကိုရောင်း၊ ဝယ်ယူတဲ့သူက ဝယ်ကြ။ မြောက်ဦးကို စစ်တပ်က မီးရှို့ရင် ရာဇဝင်တွင်သွားပါလိမ့်မယ်။ ဒုတိယအကြိမ် သမိုင်းအမဲစက်ကြီး ဖြစ်သွားပါလိမ့်မယ်။ မြောက်ဦးဆိုတာက ရခိုင်တမျိုးသားလုံးရဲ့ အထွဋ်အမြတ် နေရာဖြစ်တယ်”ဟု ပြောဆိုသည်။

ယနေ့ စက်တင်ဘာ ၆ ရက် နံနက်ပိုင်း အခြေအနေမှာ မြောက်ဦးမြို့လယ် နေရာအများအပြားတွင် စစ်သားများ ဟိုတစ်စု ဒီတစ်စု နေရာယူထားပြီး စျေးကြီးကို ပိတ်ထားသော်လည်း စျေးပြင်ပတွင် သားငါးဟင်းသီး ဟင်းရွက်များကို ရောင်းချသူများနှင့် ဝယ်ယူသူများရှိခဲ့သည်ဟု ဆိုသည်။

မြောက်ဦးဒေသခံတစ်ဦးက “ စစ်တပ်က စျေးမရောင်းရ၊ ဆိုင်မဖွင့်ရလို့ တားမြစ်ထားပေမယ့် အငတ်ခံလို့ မနေနိုင်ဘူး။ ဒါကြောင့် တချို့က စျေးလာ ရောင်းတယ်။ တချို့က စျေးလာဝယ်။ ပုံမှန်လိုဘဲ ရှိခဲ့တယ်။ ဆိုက်ကားသမားတွေလည်း အငတ်မခံနိုင်တော့ ငွေထွက်ရှာရတာပေါ့။ဒီလိုတော့ နည်းနည်းပါးပါး သွားလာတာတွေရှိနေပါတယ်။ မလိုအပ်ရင်တော့ အများစုက အိမ်ပြင်မထွက်ဘဲ အိမ်ထဲမှာဘဲ နေကြတယ်။ လက်ရှိ အခြေအနေက မြန်မာစစ်ကောင်စီတပ်နဲ့ ဘာမှ အပြစ်မရှိတဲ့ မြောက်ဦးမြို့တို့ ရန်ဖြစ်နေသလိုပါပဲ”ဟု ပြောဆိုသည်။

 ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် ( ULA) ကလည်း စက်တင်ဘာ ၅ ရက် နေ့စွဲဖြင့် ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့ပြီး စစ်ကောင်စီသည် ၎င်းတို့အထိနာတိုင်း ပြုလုပ်နေကျအတိုင်း  ပြည်သူလူထုကို ပစ်မှတ်ထားတိုက်ခိုက်နေကြောင်း၊  မြောက်ဦးမြို့မစျေးကို မီးရှို့ရန် ကြံစည်နေကြောင်း၊ ၎င်းကြံစည်မှု  အထမမြောက်အောင်  စောင့်ကြည့်ကြရန်လိုကြောင်း၊  ယခုကဲ့သို့သော စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ပြစ်မှု ကျူးလွန်ခြင်း၊ ရှေးဟောင်းယဉ်ကျေးမှုသမိုင်းအမွေအနှစ်များကို ဖျက်ဆီးသည့် ပြစ်မှုကျူးလွန်ခြင်းမျိုးကို တချိန်ချိန်၌ အပြစ်ပေးအရေးယူနိုင်ရန်အတွက် နိုးနိုးကြားကြား သတိဖြင့်နေထိုင်သွားလာကြရန် နိုင်ငံတကာနှင့် မိဘပြည်သူလူထုများသို့ တိုက်တွန်းအပ်ပါသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...