စစ်တွေတွင် ပစ်သတ်ခံခဲ့ရသည့် မူဆလင်လူငယ်၏မိသားစုကို စစ်ကောင်စီက ငွေကျပ် ၅ သိန်းလျော်ကြေးပေး၊ အလောင်းကိုပြန်အပ်ကာ မတော်တဆ ဖြစ်ပွားမှုအဖြစ် ခံဝန်လက်မှတ်ရေးထိုးခိုင်းဟုဆို

စစ်တွေတွင် ပစ်သတ်ခံခဲ့ရသည့် မူဆလင်လူငယ်၏မိသားစုကို စစ်ကောင်စီက ငွေကျပ် ၅ သိန်းလျော်ကြေးပေး၊ အလောင်းကိုပြန်အပ်ကာ မတော်တဆ ဖြစ်ပွားမှုအဖြစ် ခံဝန်လက်မှတ်ရေးထိုးခိုင်းဟုဆို

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ စစ်တွေတက္ကသိုလ်အနီးတွင်ရှိသည့် အမှတ် (၃၆) ရဲတပ်ရင်းရှေ့တွင် ပစ်သတ်ခံရသည့် မူဆလင်လူငယ်၏ မိသားစုကို ပြည်နယ်စစ်ကောင်စီကငွေကျပ် ၅ သိန်း လျော်ကြေးပေးပြီး အလောင်းကို မိသားစုထံပြန်အပ်ကာ မတော်တဆဖြစ်မှုဟုဆိုကာ ခံဝန်လက်မှတ် ရေးထိုးခိုင်းခဲ့သည်ဟု သိရသည်။

၎င်းလူငယ်၏အလောင်းကို ရဲတပ်ဖွဲ့မှ ယမန်နေ့သြဂုတ်လ ၄ ရက်၊ နေ့လယ် ၃ နာရီခန့်က ဒါးပိုင်ကျေးရွာရှိ ၎င်း၏နေအိမ်သို့ပို့ဆောင်ခဲ့ကြောင်း၊  ပြည်နယ် အစိုးရမှ မိသားစုထံ ငွေကျပ် ၅ သိန်းလျော်ကြေးပေးကာ မတော်တဆ ဖြစ်သည်ဆိုသည့် ဝန်ခံလက်မှတ်ကို ထိုးခိုင်းခဲ့သည်ဟု ၎င်းမိသားစုနှင့် နီးစပ်သည့် မူဆင်လူငယ်တစ်ဦးက ပြောသည်။   

“ပြည်နယ်အစိုးရဆီက လာပေးတယ်လို့တော့ သိရတယ်။ နယ်လုံဝန်ကြီး ပါလာတယ်လို့လည်း ပြောသံကြားတယ်။ လျော်ကြေး ငါးသိန်းပေးပြီးတော့ လက်မှတ်ထိုးခဲ့ရတယ်ပေါ့နော်။ သူတို့ အပြစ်မရှိဘဲနဲ့ သတ်ပစ်ပြီးတော့ လူ့အသက်ကို ပိုက်ဆံနဲ့ လဲနေသလို ဖြစ်နေပါပြီ။ အပြစ်မရှိဘဲနဲ့ အလကား သက်သက် လူငယ်တစ်ယောက်ကို သတ်လိုက်တာက ပြောရမယ်ဆိုရင် ကျနော်တို့အတွက် လုံခြုံရေး အာမခံချက်မရှိဘူးဆိုတာကို ထောက်ပြနေတာပါ” ဟုပြောသည်။

ယမန်နေ့ စက်တင်ဘာ ၄ ရက်၊ နံနက် ၇ နာရီခန့်က ဒါးပိုင်ကျေးရွာမှ ဘုမေကျေးရွာသို့ ဆိုင်ကယ်ဖြင့် လာသည့် မူဆလင်လူငယ်နှစ်ဦးအနက် ဆိုင်ကယ်မောင်းသူဖြစ်သည့် မောင်ဇော်မိရ်ဟူးဆောင် (၂၀) နှစ်ကို  စစ်တွေတက္ကသိုလ်နှင့်ကပ်လျက်ရှိသော အမှတ် (၃၆) ရဲတပ်ရင်းမှ ရဲသားတစ်ဦးက ကိုဗစ်အပြင်ထွက် ကဒ်များကို စစ်ဆေးမေးမြန်းပြီး နောက်ပိုင်းတွင် သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်ဟု မျက်မြင်ဒေသခံများက ပြောသည်။

အခြားဘုမေရွာသားတစ်ဦးကလည်း “မနေ့က သေနတ်နဲ့ ပစ်သတ်ခံရတဲ့ ကလေးကို ရဲကကားနဲ့ ဆေးရုံကိုခေါ်သွားပြီးတော့ ပြန်ပြီးမိသားစုဆီကို သွားပေးခဲ့ပါတယ်။ နောက်ပြီး ပိုက်ဆံငါးသိန်း ပေးခဲ့တယ်လို့လည်း ကျနော်တို့ သတင်းတွေကြားနေရပါတယ်”ဟုပြောသည်။

အဆိုပါမူဆလင်လူငယ်အား ယမန်နေ့စက်တင်ဘာလ ၄ ရက်၊ ညနေ ၄ နာရီ ခန့်က ဒါးပိုင်မူလဆင် သုဿန်တွင် သဂြိုလ်လိုက်ပြီဖြစ်ကြောင်း သိရသည်။

အဆိုပါမူဆလင်လူငယ်သေနတ်ပစ်ခတ်ခံခဲ့ရသည့်ဖြစ်စဉ်ကြောင့် ယင်းဒေသ အတွင်းနေ မူဆလင်လူမျိုးများမှာ ၎င်းတို့၏လုံခြုံရေးနှင့် အသက်အန္တရာယ်ကို စိုးရိမ်ကြောက်လန့်နေကြကြောင်း ဒေသခံများကပြောသည်။

မောင်ဇော်မိရ်ဟူးဆောင်နှင့်အတူပါလာသည့် လူငယ်ကိုလည်း ယင်းတပ်ရင်းတွင် နာရီအနည်းငယ်ကြာ ထိန်းသိမ်းထားခဲ့ပြီးနောက်တွင် ပြန်လွှတ်ပေးခဲ့သည်ဟု ဒေသခံများကပြောသည်။

အဆိုပါ လူငယ်သေဆုံးမှုနှင့် ပတ်သက်ပြီး မျက်မြင် အရပ်သားပြောဆိုသလို ပြည်နယ်အစိုးရမှ ငွေကျပ် ငါးသိန်း လျှော်ကြေးပေးခဲ့ခြင်း ဟုတ်/မဟုတ်၊ မည်သည့်အတွက်ကြောင့် ယခု သတ်ဖြတ်မှု ဖြစ်ပွားသည်ကို သိရှိလိုသဖြင့် စစ်တွေမြို့နယ် ရဲမှူးနှင့် ရခိုင်ပြည်နယ် စစ်ကောင်စီ နယ်လုံဝန်ကြီးကို ဆက်သွယ်သော်လည်း ဆက်သွယ်၍ မရသဖြင့် ယခုဖြစ်စဉ်နှင့် စစ်ကောင်စီဘက်က သဘောထားကို တင်ပြနိုင်ခြင်း မရှိသေးပါ။

အမှတ် (၃၆) ရဲတပ်ရင်းသည် မူဆလင်များအား ကိုဗစ်အပြင်ထွက်ကတ်များကို အမြဲစစ်ဆေးလေ့ရှိသည်ဟုလည်း သိရသည်။

Most read this week

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...