KNU−ကရင်အမျိူးသားအစည်းအရုံး၊ မူတြော်(ဖာပွန်) ခရိုင်၊ တပ်မဟာ (၅) နယ်မြေ ကတိုင်တိကျေးရွာအုပ်စုရှိ နယ်ခြား စောင့်တပ် (BGF) ဂိတ်စခန်းငယ်တစ်ခုကို သြဂုတ်လ (၂၃) ရက်နေ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး လက်နက်ခဲယမ်းအချို့ ကို သိမ်းဆည်းရမိခဲ့ကြောင်း KNU တပ်မဟာ (၅) ဘက်က သတင်းထုတ်ပြန်ခဲ့သည်။
ကတိုင်တိကျေးရွာအုပ်စု၊ ဘောကျို့ထကျေးရွာအနီး၊ ကညင်ဒုံတံတားရှိ ကတိုင်တိကျေးရွာ အခြေစိုက်အမှတ် (၁၀၁၃) (BGF) ဂိတ်စခန်းငယ်တစ်ခုကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့က ကြာမြင့်ချိန် တစ်နာရီကျော်ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ၎င်းစခန်းအား ဝင်ရောက်ရှင်းလင်းခဲ့ရာ BGF တပ်သား (၄) ဦးသေဆုံးပြီး (၂) ဦး ဒဏ်ရာရရှိခဲ့သည့်အပြင် လက်နက်အချို့ကို သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ထားခြင်း ဖြစ်သည်။
စခန်းသိမ်းတိုက်ပွဲအပြီး စခန်းကို ရှင်းလင်းမှုပြုလုပ်ရာတွင် M-16 သေနတ် (၂) လက်၊ AK-47 (၁) လက်၊ စကားပြောစက် (၂) လုံး၊ လက်ပစ်ဗုံး (၆) လုံး၊ RPG−7ကျည် (၄) လုံး၊ M-16 ကျည်ဘောက် (၁) ခု၊ AK−47ကျည်ဘောက် (၃) ခုနှင့် နာတိုး စက်လတ်ကျည် (၉၄) တောင့် သိမ်းဆည်းရမိခဲ့ကြောင်း ကေအဲန်ယူ မူတြော်သတင်းစဉ်မှ အသေးစိတ် ထုတ်ပြန်ထား သည်။
၎င်းတိုက်ပွဲဖြစ်ပွားပြီးနောက် လက်ရှိအချိန်တွင် တိုက်ပွဲငြိမ်သက်သွားသော်လည်း ကတိုင်တိကျေးရွာနှင့် အနီးအနားရှိ ရွာများမှ ဒေသခံများအနေဖြင့် ပေါ်တာဖမ်းဆီးခြင်း၊ လူသားဒိုင်းအဖြစ် ပြုလုပ်ခြင်းများ ရှိလာမည်ကို စိုးရိမ်လျက်ရှိ ကြောင်းလည်း ကတိုင်တိရွာသားတစ်ဦးက ယခုလို ပြောသည်။
“အဲ့ဒီမနက် ဖြစ်ကတည်းကနေ တစ်နေ့လုံးက လက်နက်ကြီးသံတွေကြားနေရတာ။ အခုတော့ ဘာအသံမှမကြားတော့ ဘူး။ (BGF) စခန်းဂိတ်တံတားကနေ ကိုက် ၁၀၀လောက်မှာတော့ သေနတ်သံတွေ နည်းနည်းကြားရတယ်။ လက်နက် ကြီးသံတွေလည်း မကြားရတော့ဘူး တိတ်သွားပြီး။ ဒါပေမဲ့ ဟိုအရင်လကလည်း ဝဲပျံရွာတို့မှာ ပေါ်တာဆွဲတာ ရှိတယ် လေ။ အခုလဲဒီမှာ တိုက်ပွဲဖြစ်ထားတော့ ပေါ်တာဆွဲတာတွေ လူသားဒိုင်းလုပ်မှာတွေပဲ စိတ်ပူနေတာ”ဟု ကေအိုင်စီသို့ ပြောသည်။
လက်ရှိတွင် ဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်ကာ လက်နက်များကိုသိမ်းဆည်းသွားပြီးနောက် ၎င်းစခန်းမှ KNLA စွန့်ခွာပြန်ဆုတ်သွားပြီးချိန် သြဂုတ်လ (၂၄) ရက် ယနေ့မနက်ပိုင်းတွင် နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့က ၎င်းဂိတ် စခန်းထဲသို့ တပ်အင်အား ပြန်လည်ဖြည့်တင်း လာကြောင်း ကတိုင်တိရွာသား တစ်ဦးက ဆိုသည်။
၎င်းကတိုင်တိရွာသားက “စခန်းက ကျနော်တို့နဲ့ နီးနီးလေးပဲဆိုတော့ အင်အားထပ်ဖြည့်ထားတာ တွေ့နေရတယ်။ KNU ဘက်က အဲ့ဒီနေ့က စခန်းထဲဝင်ပြီး လက်နက်တွေသိမ်းသွားတယ်။ ပြီးတော့ ပြန်ဆုတ်သွားတာဆိုတော့ သူတို့က ဒီနေ့မနက်မှာ အင်အားထပ်ဖြည့်ထားတယ်။ ကျန်တဲ့သူတွေလည်းစခန်း ပြန်မရောက်သေးဘူးလို့ကြားတယ်။ စခန်းမှာ က (BGF) ပြန်ထိုင်နေပြီ။”ဟု ပြောသည်။
ထို့အပြင် သြဂုတ်လ (၂၀) ရက်နေ့ကလည်း နယ်ခြားစောင့် တပ်နယ်အမှတ် (၁၀၁၃) မှ ဗိုလ်လှကြိုင်သည် ဒွယ်လိုးမြို့ နယ် ကတိုင်တိနှင့် လေးဖိုးထာ့ကျေးရွာအုပ်စုအတွင်းရှိ ကတိုင်တိ၊ ကိုင်းတော၊ ဘောကျို့ထာ့၊ တောသူကလေးနှင့် ဘောကျို့လယ်ရွာများမှ ရွာသား (၅၀၀) ဝန်းကျင်အား ကမမောင်းမြို့တွင် အတင်းအဓမ္မ မှတ်ပုံတင်သွားရိုက်ယူစေခဲ့ပြီး လူတစ်ဦးအား မြန်မာကျပ်ငွေ သုံးသိန်း (၃၀၀,၀၀၀) တိတိကို တောင်းယူခဲ့ကြောင်း ဒေသခံများ၏ ပြောဆိုချက်ကို ကိုးကားပြီး မူတြော်သတင်းစဉ်က ထုတ်ပြန်ဖော်ပြထားသည်။







