ပလက်ဝနှင့် မောင်တောမြို့နယ်တို့တွင် တိုက်ပွဲပြင်းထန်၊ အေအေက ပလက်၀မြို့နယ်တွင် စစ်ကောင်စီစခန်းကုန်းများကိုသိမ်းပိုက်

ပလက်ဝနှင့် မောင်တောမြို့နယ်တို့တွင် တိုက်ပွဲပြင်းထန်၊ အေအေက ပလက်၀မြို့နယ်တွင် စစ်ကောင်စီစခန်းကုန်းများကိုသိမ်းပိုက်

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ် အနောက်ဘက်နယ်စပ် မောင်တောမြို့နယ် မြောက်ပိုင်းတို့တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ အကြား တိုက်ပွဲများ ပြင်းထန်စွာ ဆက်လက်ဖြစ်ပွားနေပြီး ပလက်၀မြို့နယ်တွင် စစ်ကောင်စီတပ်စခန်းကုန်းတချို့ကို အေအေက သိမ်းပိုက်ခဲ့သည်ဟု သတင်းရရှိသည်။   

ပလက်ဝမြို့နယ်တွင် ဖြစ်ပွားနေသည့်  တိုက်ပွဲမှာ ယခင်ဖြစ်ပွားခဲ့သည့်  သူဌေးကုန်းကျေးရွာအနီးတွင် ဖြစ်ပွားနေပြီး သြဂုတ်လ ၂၀ ရက်နှင့် ၂၁ ရက်နေ့တို့တွင်လည်း တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ယနေ့ သြဂုတ်လ ၂၂ ရက် နံနက်အထိ ဆက်တိုက်ဖြစ်ပွားနေခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ဒေသခံတစ်ဦးက “  မနေ့ည ၇ နာရီ၊  ၈ နာရီ လောက်အထိ တိုက်ပွဲက ပြင်းထန် ဖြစ်ပွားခဲ့တယ်။ မိုးကလည်း အရမ်းသည်းတယ်။ ဒီနေ့ မနက်ကျတော့ အာရုဏ်ဦးမနက် ၄ နာရီလောက်ကနေ ပြန်ဖြစ်နေကြတာပါ။ ၈ နာရီလောက်အထိ ပစ်ခတ်သံတွေကြားခဲ့ရတယ်။ အခုတော့ ငြိမ်သွားပါပြီ" ဟု ယနေ့ မနက် ၁၀ နာရီခန့်၌ ပြောသည်။

ယမန်နေ့က ဖြစ်ပွားခဲ့သည့် သူဌေးကုန်းအနီး တိုက်ပွဲတွင် အေအေဘက်က စစ်ကောင်စီတပ်စခန်း ၃ ခုအပါအဝင် သူဌေးကုန်းအရှေ့ဘက်တောင်ကြောတစ်ကြောလုံးကို သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီ တပ်သား ၂၀ ခန့်ဖမ်းဆီးရမိထားကြောင်း အေအေနှင့်နီးစပ်သူတစ်ဦးက နိရဉ္စရာကို ပြောသည်။

"သူဌေးကုန်းရဲ့ အရှေ့ဘက်တောင်ကြောတစ်ကြောလုံးကို အပိုင်သိမ်းနိုင်တယ်လို့ သိရတယ်။ အဲ့ဒီနေရာက စခန်းအကြီးအငယ် (၃) ခုကို သိမ်းထားလိုက်ပြီ။ အရှင် ၂၀ နီးပါးဖမ်းမိထားပါတယ်" ဟု ပြောသည်။

ပလက်ဝတွင် သြဂုတ်လ ၂၀ ရက်နေ့နှင့် ၂၁ ရက်နေ့တို့တွင် ဖြစ်ပွားခဲ့သည့်တိုက်ပွဲတွင်လည်း စစ်ကောင်စီဘက်က ၄၀ ဦးခန်း ကျဆုံးပြီး AA ဘက်ကလည်း ထိခိုက်ဒဏ်ရာရရှိသူ အနည်းငယ် ရှိခဲ့ကြောင်း ၎င်းက ပြောသည်။

အဆိုပါ အကျအဆုံး၊ ထိခိုက်မှုများကို စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူများကို နိရဉ္စရာသတင်းဌာနအနေဖြင့် ဆက်သွယ်သော်လည်း ဆက်သွယ်၍ မရသေးသဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါ။

ယင်းအပြင် မောင်တောမြို့နယ် မီးတိုက်နှင့် တောင်ပြိုမြို့အနီးတွင်လည်း ယနေ့ နံနက်က ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံများကပြောသည်။

ဒေသခံအမျိုးသမီး တစ်ဦးက "ဒီနေ့ မနက် ၅ နာရီလောက်ကနေ ၂ ဘက်တိုက်ပွဲဖြစ်ကြတာ။ ကျမတို့ ပစ်ခတ်သံတွေ ကြားရသလောက်ကတော့ လက်နက်ကြီး၊ လက်နက်ငယ်သံတွေဆက်တိုက်ပဲ။ ဆက်တိုက်ဆက်တိုက် ပစ်ကြတာ။ မနက် ၁၀ နာရီနီးပါးအထိကြားရပါတယ်။ အခုကတော့ နာရီဝက်လောက်နေမှ သုံးလေးချက်ပဲ ကြားရတော့တယ်"ဟု  ယနေ့နံနက် ၁၀ နာရီကျော် အချိန်ဆက်သွယ်စဉ် ဖုန်းမှတဆင့် ပြောသည်။

တောင်ပြိုအနီးတွင် ယမန်နေ့ သြဂုတ်၂၁ ရက်နေ့ နံနက်ပိုင်းကလည်း ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရက္ခိုင့်တပ်တော်(AA) နှင့် စစ်ကောင်စီတပ်တို့သည် ယခုသြဂုတ်လအတွင်း ရသေ့တောင်၊ မောင်တော နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့တွင် တကျော့ပြန်တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလျက်ရှိပြီး ယခုတိုက်ပွဲများမှာ နယ်မြေသိမ်းတိုက်ပွဲများ ဖြစ်သဖြင့် ယခင်တိုက်ပွဲများထက် ပိုပြင်း ထန်လာနိုင်ကြောင်း ရခိုင်စစ်ရေး လေ့လာသုံးသပ်သူများက ပြောဆိုထားသည်။

လက်ရှိ ဖြစ်ပွားနေသော မောင်တောမြို့နယ် မြောက်ပိုင်းဒေသများမှာ တစ်ဖက်နိုင်ငံ ဘင်္ဂလားဒေ့ရှ်နှင့် နီးကပ်စွာ တည်ရှိပြီး စစ်ရေး မဟာဗျူဟာအရ အရေးပါသောနယ်မြေများဖြစ်သဖြင့် နှစ်ဖက် တပ်များအနေဖြင့် ၎င်းနယ်မြကို ထိန်းချုပ်နိုင်ရေးအတွက် အပြန်အလှန်တိုက်ခိုက်နေကြခြင်းဖြစ်ကြောင်း ၎င်းတို့က ဆက်လက်သုံးသပ်ပြောဆိုသည်။

လက်ရှိတွင် စစ်ပွဲပြင်းထန်ခဲ့သည့် ရသေ့တောင်မြို့နယ်နှင့် မောင်တောမြို့နယ်တို့တွင် စစ်ကောင်စီက အငူမော်-မောင်တော ကားလမ်းနှင့် ရွာပြင်ထွက်သွားလာခွင့်များ ပိတ်ပင်ထားသည့် အတွက် ဒေသခံများ စားနပ်ရိက္ခာပြတ်တောက်မှုများနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။ (NN-7)

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...