ပုဏ္ဏားကျွန်းတွင် ညမထွက်ရဟု အမိန့်ထုတ်ပြန်

ပုဏ္ဏားကျွန်းတွင် ညမထွက်ရဟု အမိန့်ထုတ်ပြန်
ဓာတ်ပုံ - ပုဏ္ဏားကျွန်းမြို့မစျေးတစ်နေရာအားတွေ့ရစဉ်။
ဓာတ်ပုံ - ပုဏ္ဏားကျွန်းမြို့မစျေးတစ်နေရာအားတွေ့ရစဉ်။

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့တွင် ည ၉ နာရီမှ နံနက် ၅ နာရီအတွင်း ညမထွက်ရဟု အမိန့်ထုတ်ပြန်ထားကြောင်း မြို့ခံများက ပြောသည်။

အဆိုပါအမိန့်ကို ယမန်နေ့ သြဂုတ် ၃ ရက် ညနေက ရပ်ကွက်များထဲတွင် သက်ဆိုင်ရာက လိုက်လံကြေညာမှုရှိခဲ့ပြီး အဘယ်ကြောင့် ညမထွက်ရအမိန့်ထုတ်ပြန်သည်ကို မသိရှိရကြောင်း ရွာဟောင်းပိုင်းရပ်ကွက်နေ ဒေသခံအမျိုးသမီးတစ်ဦးက နိရဥ္စရာကို ပြောသည်။

"မနေ့က ညနေက လော်နဲ့လိုက်အော်တာ ကြားပါတယ်။ ညနေ ၉ နာရီကျော်ကနေ မနက် ၅ နာရီအထိအပြင်မထွက်နဲ့ဆိုပြီး ပြောသွားတယ်။ ဘာကြောင့် ထုတ်လဲတော့ မသိဘူး" ဟု ပြောသည်။

ဇူလိုင်လ ၁၇ ရက်နေ့တွင် ပုဏ္ဏားကျွန်းမြို့နယ်အုပ်ချုပ်ရေးမှူးကို ရက္ခိုင့်တပ်တော် AA ကဖမ်းဆီးသွားပြီးနောက် စစ်တပ်က မြို့ပေါ်ရပ်ကွက်များမှ ဒေသခံအများအပြားကို ဝင်ရောက်ဖမ်းဆီးစစ်ဆေးမှုများရှိခဲ့ကာ ကျောင်းနှင့် စျေးများပိတ်ထားရသည့်အထိ မြန်မာစစ်တပ် နှင့် AA တို့ စစ်ရေးတင်းမာမှုများရှိခဲ့သည်။

ယင်းဖြစ်စဉ်ဖြစ်ပွားခဲ့သည့် ဇူလိုင်လ ၁၇/၁၈ ရက်နေ့မှစကာ တရားဝင် ညမထွက်ရအမိန့်မကြေညာသော်လည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှတဆင့် အသိပေးမှုများရှိခဲ့ကြောင်း နောက်ထပ် ပုဏ္ဏားကျွန်းမြို့ခံတစ်ဦးက ပြောသည်။

"ကျနော်သိတာကတော့ ဒီအမိန့်က ဖမ်းဆီးမှုတွေရှိကတည်းကပါ။ ဒီလိုမျိုး တရားဝင်လိုက်ကြေညာပြီး အမိန့်ထုတ်တာမျိုးတော့ မဟုတ်ဘူး"ဟု ပြောသည်။

ယခုကဲ့သို့ ညမထွက်ရအမိန့်ထွက်ပြန်ခြင်းကြောင့် ဒေသခံများ၊ စျေးသည်များနှင့် ကုန်စည်ပို့ဆောင်သည့်ကားသမားများအတွက် အခက်အခဲ အကျပ်အတည်းများရှိကြောင်း ပုဏ္ဏားကျွန်းမြို့မစျေးမှ စျေးသည်တစ်ဦးက ပြောသည်။

"အသီးအရွက်တွေဆိုတာက မနက်စျေးမှာ အချိန်မီရောင်းချနိုင်ဖို့က စောစောစီးစီးသွားဝယ်ရတယ်။ ဒါမှလည်း လတ်လတ်ဆတ်ဆတ်ရောင်းနိုင်တာ။ အခုကတော့ ကားသမားတွေရော၊ စျေးသည်တွေရော အချိန်ကိုကြည့်ပြီး သတိနဲ့သွားရတာပေါ့လေ" ဟု ပြောသည်။

ရခိုင်ရှိမြို့နယ်များတွင် AA နှင့်ဆက်စပ်သံသယခံရှိသူများကို စစ်တပ်က နေ့အချိန်နှင့် ညဥ့်အချိန်တို့တွင် ဝင်ရောက်စစ်ဆေးရှာဖွေခြင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံများကို AA နှင့်မပူးပေါင်းရန် ခေါ်ယူသတိပေးခြင်းများကို မြန်မာစစ်တပ်က လုပ်ဆောင်လျက်ရှိသည်။

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် AA တို့ကြား သြဂုတ်လ ၂ ရက်နှင့် ၃ ရက်တို့တွင်လည်း မောင်တောမြို့နယ်နှင့် ပလက်ဝမြို့နယ်တို့၌ ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပြီး လက်ရှိတွင် စစ်ရေးတင်းမာလျက်ရှိသည်ဟု ဒေသခံများက ပြောသည်။

Most read this week

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...