ပဋိပက္ခသာပိုဖြစ်စေမယ့် စစ်ကောင်စီရဲ့ ထန်တလန်မြို့ ပြန်လည်ထူထောင်ရေး

ပဋိပက္ခသာပိုဖြစ်စေမယ့် စစ်ကောင်စီရဲ့ ထန်တလန်မြို့ ပြန်လည်ထူထောင်ရေး

မြန်မာတစ်နိုင်ငံလုံးမှာ ထန်တလန်မြို့ဟာ မြို့လုံးကျွတ်မီးရှို့ခံရတဲ့ ပထမဦးဆုံး မြို့ဖြစ်တယ်လို့ ဆိုရပါမယ်။ ၂၀၂၁ စက်တင်ဘာလကစတင်ပြီး မြို့လယ်ခေါင်မှာ စတင်မီးရှို့ခံရတာကနေ အခုချိန်ထိ မြို့တွင်း မီးရှို့ခံရတာဟာ အကြိမ်ပေါင်း ၃၀ ကျော်နေပြီဖြစ်ပါတယ်။

ထန်တလန်မြို့ဟာ ချင်းပြည်နယ်ရဲ့ အလယ်ပိုင်း မှာတည်ရှိပြီး အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်နဲ့ နယ်နိမိတ်ချင်းထိစပ်တဲ့ မြို့ဖြစ်သလို ချင်းအမျိုးသားတပ်ဦး/တပ်မတော်ရဲ့ ဌာနချုပ်တည်ရှိတဲ့ မြို့ဖြစ်ပါတယ်။

ထန်တလန်မြို့ဟာ တောင်ကုန်း တစ်ခုရဲ့ ထိပ်ပေါ်မှာ တည်ထားတဲ့မြို့ဖြစ်ပြီး မြို့အဝင်မှာ ဆင်းရဲသော်လည်း ပျော်ပါသည်ဟု ဆိုင်းဘုတ်ချိတ်ဆွဲကာ မြို့ကို ကျစ်ကျစ်လစ်လစ်နဲ့ တည်ထားသလို မြို့ပေါ်နေ ဒေသခံအချင်းချင်းလည်း သိနေတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်။

ချင်းတောင်ပေါ်ဒေသဟာ အေးပြီး ရာသီဥတုကြမ်းလွန်းလှတာကြောင့် ချင်းတောင်ပေါ်မှာ နေတဲ့ ဒေသခံတွေဟာ နေအိမ်ကို အဓိကအနေနဲ့ အလေးပေးတည်ဆောက်ပြီးနေထိုင်ကြပါတယ်။ အဲသလိုပဲ ထန်တလန်မှာဆိုရင် စုတ်ပြတ်တဲ့ အဆောက်အဦးမရှိပဲ ရာသီဥတုဒဏ်ခံနိုင်တဲ့ နေအိမ်ကောင်းတွေကို ဆယ်စုနှစ်မက စုဆောင်းပြီး အိမ်ကောင်းတွေနဲ့ ဆောက်တာဖြစ်တဲ့အတွက် နေအိမ်အားလုံးဟာ တန်ဖိုးကြီးနေအိမ်တွေဖြစ်ပါတယ်။ ဆောက်လုပ်ရေးပစ္စည်းတွေဟာလည်း မြို့နယ်သုံးလေးခုဖြတ်ပြီး ဝယ်ရတာကြောင့် ဆောက်လုပ်ရေးပစ္စည်းများဟာလည်း မြေပြန့်ဒေသထက် သုံးဆလောက်ပေးဝယ်ပြီး နေအိမ်ကို တည်ဆောက်ရတာဖြစ်ပါတယ်။

မြို့ပေါ်မှာ နီးနီးကပ်ကပ်ကျစ်ကျစ်လစ်လစ်နဲ့ တည်ဆောက်ထားတဲ့ ထန်တလန်မြို့ပေါ်မှာ နေအိမ်ပေါင်း ၂၀၀၀ ကျော်ရှိတဲ့အနက် ၁၃၀၀ ကျော် မီးလောင်ပြာကျသွားပြီဖြစ်ပါတယ်။ မြို့ပေါ်မှာ တိုက်ပွဲတစ်ခါဖြစ်ပြီး နှစ်ဖက်တပ်က တစ်ဦးနှစ်ဦးသေရုံနဲ့ နေအိမ်ကတော့ ဆယ်ကဏန်းလောက် အရှို့ခံပြီးဖြစ်ပါတယ်။ ဒီလိုနဲ့ပဲ ထန်တလန်မြို့ဟာ မြို့လုံးကျွတ်မီးလောင်ပြာကျတဲ့ မြင်ကွင်းမျိုး ကိုယခုအခါ တွေ့မြင်ရပြီဖြစ်ပါတယ်။

မီးလောင်မှုမှာ လူနေအိမ်များမကပဲ ဘာသာရေးအဆောက်အဦးများ၊ ရုံးများ၊ ကျောင်းများ၊ ဘုရားကျောင်းများလည်းအပါအဝင်ဖြစ်သလို မြို့နယ်ဆေးရုံဟာလည်း အခုအခါမှာတော့ ခြုံမြက်တွေနဲ့ပြည့်နှက်နေပါပြီ။ လူဦးရေသောင်းကဏန်းရှိတဲ့ မြို့ပေါ်ဒေသခံတွေကတော့ တစ်ဦးမှ မရှိကြတော့တာ ကြာပြီဖြစ်ပါတယ်။

မြို့ပေါ်ဒေသခံတွေဟာ အိန္ဒိယနိုင်ငံဖက်နဲ့ ပြည်တွင်းက အခြားမြို့နယ်တွေမှာ ပြောင်းရွှေ့နေထိုင်ကြသလို အချို့ဟာ ထန်တလန်မြို့နယ်တွင်းက ကျေးရွာတွေမှာ စုဖွဲ့ပြီး စစ်ဘေးတိမ်းရှောင်ကြရပါတယ်။ ထန်တလန်မြို့နယ်တွင်းက ကျေးရွာတွေမှာ စစ်ဘေးရှောင်တဲ့ သူတွေအနေနဲ့တော့ အခုချိန်မှာ ဆေးဝါးကုသမှုမလုံလောက်မှုအပြင် ကုန်စျေးနှုန်း လေးငါးဆ ကြီးမြင့်တဲ့ ဒဏ်တွေကြုံတွေ့ရသလို လူမှုရေးပြသနာတွေလည်း ကြုံတွေ့နေကြရပါတယ်။ စစ်ဘေးတိမ်းရှောင်စဉ်အတွင်းလည်း သက်ကြီးရွယ်အို တွေ ဆေးဝါးကုသမှုအလုံအလောက်မရနိုင်တာကြောင့် သက်ကြီးရွယ်အို ဆယ်ကဏန်းထိ သေဆုံးမှုလည်းရှိခဲ့ပါတယ်။

ထန်တလန်မြို့ဟာ ချင်းပြည်နယ်မြို့တော် ဟားခါးမြို့နဲ့ အဓိက ဆက်သွယ်ထားတာဖြစ်ပေမယ့်လည်း အဲဒီလမ်းကြောင်းပေါ်က အဓိကတံတားဖြစ်တဲ့ သီမြစ်တံတားကိုလည်း ချင်းအမျိုးသားတပ်မတော်က ဖောက်ခွဲဖျက်စီးခဲ့ပါတယ်။ လောလောလတ်လတ်မှာတော့ ချင်းအမျိုးသားတပ်မတော်နဲ့ ပူးပေါင်းအဖွဲ့က ဟားခါးကနေ ထန်တလန်ဖက်ကို သွားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို ထင်းရှူးတောကနေ အပြင်းအထန်တိုက်ခိုက်နေတဲ့အတွက် တပ်ပြန်ဆုတ်ရတဲ့ အနေအထားလည်း ကြားသိရပါတယ်။

ထန်တလန်မြို့နယ်ရဲ့ ၉၀ ရာခိုင်နှုန်းကို ဒေသကာကွယ်ရေးတပ်မတော်တွေက ထိန်းချုပ်နိုင်ပြီလို့ ပြောဆိုမှုတွေရှိနေပေမယ့် အဓိကမြို့ဖြစ်တဲ့ ထန်တလန်မြို့ကတော့ စစ်ကောင်စီရဲ့ ထိန်းချုပ်မှုအောက်မှာရှိနေဆဲဖြစ်ပါတယ်။

မြို့ရဲ့ရာခိုင်နှုန်းများစွာ မီးလောင်ပြာကျသွားပြီဖြစ်တဲ့ ထန်တလန်မြို့ကို ဟားခါးမြို့အခြေစိုက် ခလရ - ၂၆၉ နဲ့ ၂၂၂ အပါအဝင် တပ်မ - ၁၁ တို့က မြို့ရဲ့ အပေါ်စီးကနေ နေရာယူတပ်စွဲထားပါတယ်။

ဒေသခံများရဲ့ ချွေးနဲစာနဲ့တည်ဆောက်ထားတဲ့ အိမ်ကောင်းတွေနဲ့တောင်ထိပ်ပေါ်မှာ လှလှပပ တည်ထားတဲ့ ထန်တလန်မြို့ဟာ မြို့လုံးကျွတ်ပြာကျပြီးတဲ့နောက်မှာတော့ စစ်ကောင်စီလက်အောက်ခံ ချင်းပြည်နယ်အစိုးရအနေနဲ့ ပြန်လည်ထူထောင်ရေး ဆောင်ရွက်ဖို့ဆိုပြီး ဇွန်လ (၃၀) ရက်နေ့က ပြည်နယ်အစိုးရရုံးမှာ အစည်းအဝေးတစ်ရပ်ပြုလုပ်ခဲ့ပါတယ်။

အဲဒီအစည်းအဝေးမှာ ရပ်မိရပ်ဖများနဲ့ ဘာသာရေးသင်းအုပ်ဆရာများကိုပါခေါ်ပြီး ပြုလုပ်တဲ့အစည်းအဝေးဖြစ်တာကြောင့် ဒေသခံတွေအနေနဲ့ ဝေဖန်မှုများစွာရှိနေခဲ့ပါတယ်။ ပြည်နယ်အစိုးရက ဆင့်ခေါ်တဲ့ အစည်းအဝေးမှာပါတဲ့ မြို့မိမြို့ဖတွေအနေနဲ့လည်း အစည်းအဝေးခေါ်လို့ သွားခြင်းသာဖြစ်ကြောင်း၊ အစည်းအဝေးခန်းမရောက်မှ ထန်တလန်မြို့ပြန်လည်တည်ထောင်ရေး ဆိုပြီးအစည်းအဝေးလုပ်မှန်းသိတာဖြစ်တယ်ဆိုပြီး ပြန်လည်ဖြေရှင်းခဲ့ကြပါတယ်။

စစ်ကောင်စီလက်အောက်ခံ ပြည်နယ်အစိုးရအနေနဲ့ ထန်တလန်မြို့ပြန်လည်ထူထောင်ရေးကိစ္စကို ဆွေးနွေးတာနဲ့ပတ်သက်ပြီး ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ က ပြည်သူများကို အသိပေးထုတ်ပြန်မှုတစ်ရပ်ပြုလုပ်ခဲ့ပါတယ်။

ထန်တလန်မြို့ပျက်စီးဆုံးရှုံးမှုဖြစ်ခဲ့ရခြင်းဟာ သဘာဝဘေးကြောင့်မဟုတ်ကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရက်စက်စွာ မီးရှို့ဖျက်စီးခြင်း၊ လက်နက်ကြီးနဲ့ မီးလောင်ဗုံးများဖြင့် ပစ်ခတ်ခြင်းတို့ကြောင့် ဖြစ်ကြောင်း၊ ထန်တလန်မြို့ပြန်လည်ထူထောင်ရေးနဲ့ ပြန်လည်တည်ဆောက်ရေးဆောင်ရွက်ရာမှာ အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှု မဖြစ်မနေပါဝင်ရမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ခဲ့သည်။

ထိုသို့ အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှု ဖော်ဆောင်ရေးဆိုင်ရာ လုပ်ငန်းစဉ်ဟာ စစ်ကောင်စီမှ ၄င်းတို့အား ဆန့်ကျင်ခုခံနေတဲ့ ပြည်သူများကို သာလွန်အင်အားနဲ့ တိုက်ခိုက်နေချိန်မှာ မည်သို့မျှမဖြစ်နိုင်ဟု ဆိုထားပါတယ်။

လက်ရှိအချိန်ဟာ ထန်တလန်မြို့ပေါ်မှာ ခြေကုတ်ယူထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များအကြား အချိန်မရွေးတိုက်ခိုက်မှုဖြစ်ပွားနိုင်တဲ့ အနေအထားလည်းဖြစ်နေပါတယ်။ ဒါကြောင့်လည်း မိဘပြည်သူများအနေနဲ့ ထန်တလန်မြို့ပေါ်ကို ဝင်ရောက်ခြင်း၊ အခြေချရန်လုပ်ဆောင်ခြင်းများအတွက် ကျိုးကြောင်းဆီလျော်တဲ့ လုံခြုံမှုမရှိသေးပေ။

ဒါကြောင့် စစ်အာဏာရှင်စနစ်ဖြုတ်ချရေး၊ ကိုယ်ပိုင်ပြဌန်းခွင့်နဲ့ ဖက်ဒရယ်ဒီမိုကရေစီ အရေးဆောင်ရွက်နေစဉ်ကာလအတွင်း စစ်ကောင်စီရဲ့ ပြန်လည်ထူထောင်ရေးလှည့်ကွက်ကို ပြည်သူများအနေနဲ့ အထူးသတိပြုသင့်တယ်လို့ ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီက အသိပေးနှိုးဆော်ထားပါတယ်။

ထို့အတူ လက်နက်ကိုင်အဖွဲ့အစည်းဖြစ်တဲ့ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ - ထန်တလန် အနေနဲ့လည်း စစ်ကောင်စီ၏ ထန်တလန်မြို့နယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်နဲ့ပတ်သက်ပြီး လုံးဝ အသိအမှတ်မပြုကြောင်း၊ ထန်တလန်မြို့ပေါ်အခြေချ စစ်ကောင်စီတပ်သားများအား အမြစ်ပြတ်ရှင်းလင်းခြင်း ပြီးစီးမှုမပြုခင်၊ သို့မဟုတ် လုံခြုံစိတ်ချရတဲ့ အခြေအနေရောက်ပြီလို့ ကြေညာချက်မထုတ်ပြန်မချင်း ထန်တလန်မြို့ပေါ် ဝင်ရောက်နေထိုင်ခြင်း နဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းဆောင်ရွက်ခွင့်ပေးမှာမဟုတ်ဘူးလို့ ထုတ်ပြန်ခဲ့ပါတယ်။

ဒါကြောင့် ပဋိပက္ခကြောင့် ထန်တလန်မြို့ရဲ့ ရာခိုင်နှုန်းပြည့်နီးပါး ပျက်စီးနေတဲ့ အခြေအနေ၊ ဒေသခံပြည်သူတစ်ဦးမှ မရှိတဲ့ မြို့အခြေအနေမှာ စစ်ကောင်စီလက်အောက်ခံ ပြည်နယ်အစိုးရရဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းဟာ အဆင်ပြေနိုင်မယ့် အခြေအနေမဟုတ်ပဲ အမှန်တကယ် အကောင်အထည်ဖော်လာပါကလည်း ပဋိပက္ခပိုမိုဆိုးရွားမယ့် အနေအထားသာဖြစ်နေပါလိမ့်မယ်။

Most read this week

December 4, 2025
ဒီဇင်ဘာလ ၂ ရက်နေ့ နေ့လည်ပိုင်းမှာ တီးတိန်မြို့နယ် ဘဲကန့်ရွာကို စစ်ရှောင်ရာကနေ နွားနောက်ရှာရန်...
December 3, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ အာရက္ခတပ်တော်(ULA / AA) က အသက် ၁၈ နှစ်ကနေ ၄၀ အကြား အရွယ်ရှိသူ...
December 2, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ မော်လိုက်အကျဉ်းထောင်က မနေ့ဒီဇင်ဘာလ ၁ ရက်နေ့မှာ လွတ်ရက်နီးနေတဲ့...
Photo credit - CJ
November 28, 2025
နိုဝင်ဘာလ ၂၇ ရက်နေ့ မနက် ၈ နာရီခွဲ ခန့်ကနေ စတင်ပြီး တီးတိန်မြို့အဝင် တောင်ကုန်းဖြစ်သော Saimual...