ဖားကန့်တွင် ဓါတ်ဆီ၊ ဆန်၊ စားသောက်ကုန်များ ပြတ်

ဖားကန့်တွင် ဓါတ်ဆီ၊ ဆန်၊ စားသောက်ကုန်များ ပြတ်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်းသို့ စားသောက်ကုန်၊ ဆန်နှင့် စက်သုံးဆီတင်ပို့မှုများကို စစ်ကောင်စီက မေလမှ စ၍ တားမြစ် ပိတ်ပင်လာခဲ့သောကြောင့် ဒေသခံပြည်သူများ အခက်အခဲ များနှင့် ကြုံနေရသည်။

ဖားကန့်မြို့နယ် အတွင်းရှိ အချို့ လှုမှုကူညီရေးအသင်းများမှာ ဝယ်စရာစက်သုံးဆီဆိုင် မရှိခြင်းအပြင် ဆီဈေး ကြီးမြင့်မှုများ ကြုံတွေ့နေရသည့်အတွက် ကူညီမှုများကို ခေတ္တရပ်နားထားရသည်အထိ ဖြစ်နေဟု သိရသည်။

“ဓာတ်ဆီတစ်ဂါလံကို ၁၃၈၀၀ ဝယ်ခဲ့ရတယ်။ ဆီဆိုင်တော်တော်များများ ပိတ်ထားတယ်။ သုံးပတ်လောက် တော့ ရှိပြီ ပိတ်ထားတာက။ တခြားအသင်းတွေတော့ နားကြတာများတယ်။ မဖြစ်မနေဆိုရင်တော့ ထွက်ရတာ ပေါ့” ဟု နာရေးလှုမှုကူညီရေးများ လုပ်ဆောင်နေသူ တစ်ဦးက ပြောသည်။

ဖားကန့်တွင် တရားဝင် အခွန်ဆောင်ထားသည့် စက်သုံးဆီဆိုင် ၁၈ ဆိုင်ရှိပြီး ယခုနှစ် မေလအတွင်းမှ စတင်၍ အဆိုပါ စက်သုံးဆီဆိုင်များအနေဖြင့် ဖားကန့်သို့ ဆီသယ်ယူရာတွင် အခက်အခဲပေါင်းများစွာ ကြုံတွေ့နေရသည် ဟု ဆိုသည်။

ဇွန်လတတိယပတ်အတွင်း စက်သုံးဆီစျေးနှုန်းများမှာ 92 ဓာတ်ဆီ တစ်လီတာလျှင် ၃၀၀၀ ကျပ်၊ 95 တစ်လီတာ လျှင် ၃၅၀၀ ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ၃၅၀၀ ကျပ် ရောင်းချနေရသည်ဟု ဆီဆိုင်ပိုင်ရှင်တစ်ဦးက ပြော သည်။

ဖားကန့်မြို့နယ်တွင် စက်သုံးဆီများနှင့်အတူ အဓိက စားသောက်ကုန်ဖြစ်သည့် ဆန်ဈေးနှုန်းလည်း သိသိသာသာ တက်နေပြီး ယခင်က ဆန်တစ်အိတ်လျှင် ၄၂၀၀၀ ကျပ်ရှိပြီး ယခု ၅၅၀၀၀ ကျပ်အထိ ပေးဝယ်နေရသည်ဟု ဖားကန့်မြို့ခံ အမျိုးသမီးတစ်ဦး က ပြောသည်။

ဖားကန့်-မြစ်ကြီးနား ခရီးသည် တင်ကားမောင်းနှင်သူ အမျိုးသားတစ်ဦး က “အခု ဆန်သယ်ခွင့်ပိတ်တာက ခရီး သည်တင် ကားလေးတွေပေါ့။ ကားကိုရပ်ခိုင်းပြီး စစ်သားတွေကရှာတယ်။ နန့်ယားဂိတ်မှာရှာတာ။ ကုန်ကား တွေကတော့ သွားလာနေတာတွေ့တယ်” ဟု ပြောသည်။

ဖားကန့်မြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် KIA တပ်ဖွဲ့တို့အကြား စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း လစဉ် တိုင်းနီးပါး တိုက်ပွဲများဖြစ်ပွားနေသည့်အပြင် အင်တာနက်လိုင်း ဖြတ်တောက်မှုလည်း ခံထားရသည်။

အလားတူ ဖားကန့်မြို့နယ်အတွင်း အာဏာသိမ်းပြီးနောက်ပိုင်းတွင် စစ်အာဏာရှင် ဖြုတ်ချရေး၊ အမြစ်ပြတ်ခြေ မှုန်းရေးနိုင်ရေးနှင့် စစ်တပ်အာဏာသိမ်းမှုကို လက်မခံကြောင်း ဆန္ဒထုတ်ဖော်မှုများကို နေ့စဉ်ရက်ဆက် ပြုလုပ် လျှက်ရှိသည်။

ဓါတ်ပုံ - CJ

Most read this week

December 15, 2025
မွန်ပြည်တွင် စစ်ကော်မရှင်က ကျားဖြန့်ခေါင်းစဉ်ဖြင့် ရှမ်းပြည်သားများကို တည်းခိုခွင့်...
December 10, 2025
သေဒဏ်အထိ ပြစ်ဒဏ်ချမှတ်နိုင်သည့် ရွေးကောက်ပွဲ ဥပဒေဖြင့် သတင်းမီဒီယာနှင့် ပြည်သူများ ခြိမ်းခြောက်...
December 10, 2025
+++  ဖုံးကွယ်ထားရသည့် မျက်ရည်များ +++ ကရင်နီ စစ်ဘေးရှောင် တစ်ဦး ဖြစ်သူ ဒေါ်ကားခူဖောက...
ဓာတ်ပုံ - MYANMAR NATIONAL PORTAL
December 9, 2025
တက္ကသိုလ် တက်ရောက်ခွင့်ကို ခြိမ်းခြောက်၍ ရှမ်းပြည်မှ ကျောင်းသား ၂၅၀ ကျော် ကြိုတင်မဲပေးရန်...