ဦးဂျင်မီတို့ ၄ ဦးကို ကြိုးပေးစီရင်မှုက နိုင်ငံရေးပြဿနာများကို မီးမွှေးခြင်း ဟု SNLD ဒုဥက္ကဋ္ဌ ဆို

ဦးဂျင်မီတို့ ၄ ဦးကို ကြိုးပေးစီရင်မှုက နိုင်ငံရေးပြဿနာများကို မီးမွှေးခြင်း ဟု SNLD ဒုဥက္ကဋ္ဌ ဆို

အာဏာသိမ်းစစ်တပ်က ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်၊ ဦးလှမိုးအောင်နှင့် ဦးသူရဇော်တို့ လေးဦးကို ထောင်အတွင်းကြိုးပေးစီစဉ်ခြင်းသည် နိုင်ငံရေးပြဿနာများကို မီးမွှေးလိုက်ခြင်းဖြစ်သည်ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီမှ ဒုဥက္ကဋ္ဌ (၁) စိုင်းညွန့်လွင်က ပြောသည်။

“ ကိုယ့်လက်ထဲရောက်နေတဲ့ အကျဉ်းသားကို နှစ်ရှည်ထောင်ချထားလို့ ရနေရက်သားနဲ့ ကြိုးပေးစီစဉ်လိုက်တာကတော့ နိုင်ငံရေးပြဿနာများကို မီးမွေးလိုက်သလိုပါပဲ “ ဟု ၎င်းကဆိုသည်။

ဇူလိုင် ၂၅ ရက်နေ့တွင် ၈၈ မျိုးဆက် ဦးဂျင်မီ၊ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော်၊ ဦးလှမိုးအောင်နှင့် ဦးအောင်သူရဇော် တို့ကို အင်းစိန်ထောင်အတွင်း သေဒဏ်စီရင်ပြီးကြောင်း အာဏာသိမ်း စစ်‌ကောင်စီတပ်က လူသိရှင်ကြားကြေညာခဲ့သည်။

ယင်းကြေညာမှုကြောင့် ကမ္ဘာကုလသမဂ္ဂအဖွဲ့၊ နိုင်ငံတကာသံရုံးများ၊ နိုင်ငံတကာသံအရာရှိများ၊ ပြည်တွင်းရှိ ထင်ရှားသည့်လူပုဂ္ဂိုလ်များက မြန်မာ့စစ်တပ်၏လုပ်ရပ်ကို အပြင်းအထန် ကန့်ကွက်မှုများ လုပ်ဆောင်ခဲ့သည်။

“ လွှတ်တော်ကိုယ်စားလှယ် (ဟောင်း) မို့ ပိုပြီးထင်ရှားတာတစ်ခုကလွဲပြီး သိပ်မထူးဘူးလို့ထင်မိပါတယ်။ မလုပ်သင့်တာကတော့ လွှတ်တော်ကိုယ်စားလှယ်မှ မဟုတ်ပါ။ ဘယ်သူကိုမဆို အဲ့လိုပဲ သဘောထားသင့်ပါတယ်” ဟု စိုင်းညွန့်လွင်က ဆက်လက်ပြောသည်။

ထို့အပြင် မြန်မာနိုင်ငံ၏ အခြေအနေမှာ ဆိုးဝါးနေပြီဖြစ်ကြောင်းနှင့် ရန်မီးပွားစေသည့် (သို့မဟုတ်) စိတ်ဒဏ်ရာများကိုကြီးထွားစေသည့် လုပ်ရပ်မျိုးကိုရှောင်ကြဉ်သင့်ကြောင်းကိုလည်း ၎င်းက အကြံပြုခဲ့သည်။

အလားတူ အာဏာသိမ်းစစ်တပ်၏ သေဒဏ်စီရင်ချက်ချမှတ်ခံရသူ လေးဦး၏ ကိစ္စနှင့်ပတ်သက်၍ ပါဝင်သူအာလုံးကို စနစ်တကျ တုံ့ပြန်မည်ဟု အမျိုးသားညီညွတ်ရေးအစိုးရကလည်း ဆိုသည်။

နိုင်ငံရေးပါတီအချို့နှင့် စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့တို့ကလည်း အဆိုပါလုပ်ရပ်သည် နိုင်ငံရေးဆွေးနွေးပွဲ အခင်းအကျင်းသစ်ကို အနှောင့်အယှက်ဖြစ်စေကြောင်းနှင့် ကန့်ကွက်ရှုတ်ချပါကြောင်း အသီးသီးထုတ်ပြန်ခဲ့ကြသည်။

March 14, 2026
စစ်ကော်မရှင်က ၂၀၂၆ ခုနှစ် မတ်လ ၁ ရက်မှ ၁၀ ရက်အတွင်း  ညောင်လေးပင်မြို့နယ်၌ ကျူးလွန်ခဲ့သည့်...
March 13, 2026
ပါခွီး — ပဲခူးတိုင်း ၊ တောင်ငူမြို့ အခြေစိုက် ကေတုမတီလေတပ်ကို ရှော့တိုက်ဒုံး ၁၈လုံးဖြင့် ပစ်ခတ်...
March 12, 2026
အိန္ဒိယ - မြန်မာ ကုန်သွယ်မှုပြုလုပ်မည့် ကုလားတန်ဘက်စုံသုံးသယ်ယူပို့ဆောင်ရေး စီမံကိန်း (Kaladan...
March 11, 2026
မောင်ခက်နွေ — အာဏာသိမ်းမြန်မာစစ်တပ်၏ ဝင်ငွေအရင်းအမြစ်ဖြစ်သည့် ပုလဲလုပ်ငန်းတွင် ပါဝင်ပတ်သက်နေသော...