မိုးတွင်းကာလ မီဇိုရမ်ဖက် ချင်းစစ်ဘေးရှောင်တွေ တိုးနေဆဲလား

မိုးတွင်းကာလ မီဇိုရမ်ဖက် ချင်းစစ်ဘေးရှောင်တွေ တိုးနေဆဲလား
Photo: East Mojo
Photo: East Mojo

DonBosco — မိုးတွင်းကာလရောက်ပြီဖြစ်ပေမယ့်လည်း ပြည်တွင်းပဋိပက္ခအရှိန်က လျော့နည်းသွားတာမျိုးမရှိပဲ တိုက်ပွဲတွေဆက်ဖြစ်နေတာကြောင့် ချင်းပြည်နယ်ကနေ အိန္ဒိယနိုင်ငံဖက်ကို စစ်ဘေးရှောင်တွေ တိုးနေဆဲဖြစ်တယ်လို့ UNHCR ကဇူလိုင်လဆန်းပိုင်းက ထုတ်ပြန်ခဲ့ပါတယ်။

ဇူလိုင်လအတွင်း UNHCR စာရင်းအရ ချင်းပြည်တွင်းကနေ ၇၂၆ ဦး အိန္ဒိယဖက်ကို ထပ်မံရောက်ရှိတယ်လို့ဆိုပါတယ်။ UNHCR စာရင်းအရ စစ်ဘေးရှောင်ဒုက္ခသည်ပေါင်း ၄၁၀၀၀ ရှိတယ်လို့ဆိုပေမယ့် ချင်းလူ့အခွင့်အရေးရဲ့စာရင်းကတော့ အဲဒီပမာဏထက်ပိုများပါတယ်။

မြန်မာနိုင်ငံအနောက်မြောက်ဖက်ခြမ်းမှာ မိုးတွင်းစတင်တဲ့ ဇွန်လ ကစပြီး အိန္ဒိယဖက်ကို ထွက်ပြေးတိမ်းရှောင်သူလူဦးရေ ထပ်မံတိုးလာခဲ့ပါတယ်။ မိုးတွင်းကာလကစပြီး တိုက်ပွဲအရှိန်တွေ လျော့ကျလာမယ်လို့ အများက မျှော်လင့်ထားပေမယ့် စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ်ဖက်မှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပါတယ်။ အဲသလိုပဲ တစ်နိုင်ငံလုံးမှာ တိုက်ပွဲတွေကတော့ လျော့နည်းသွားတာမျိုးရှိမနေပါဘူး။

ကုလသမဂ္ဂဆိုင်ရာမဟာမင်းကြီးရုံးရဲ့ ထုတ်ပြန်ချက်မှာ အိန္ဒိယနိုင်ငံဖက်ကို စစ်ဘေးတိမ်းရှောင်သွားသူတွေရဲ့ ၇၆ ရာခိုင်နှုန်းဟာ မီဇိုရမ်ပြည်နယ်မှာ ခိုလှုံလျက်ရှိပြီး ၁၃ ရာခိုင်နှုန်းကတော့ မဏိပူရမှာ ခိုလှုံလျက်ရှိပါတယ်။

အဲဒီပြည်နယ်နှစ်ခုစလုံးမှာ မိုးတွင်းကာလဖြစ်တာနဲ့အမျှ စစ်ဘေးရှောင်တွေအတွက် အမိုးအကာတွေ အရေးပေါ်လိုအပ်ချက်တွေရှိနေတယ်လို့ UNHCR ကဆိုပါတယ်။

မြန်မာနိုင်ငံကနေ စစ်ဘေးရှောင်များရောက်ရှိတဲ့ မီဇိုရမ်ပြည်နယ်ရဲ့ ခရိုင်ခြောက်ခုဖြစ်တဲ့ Champhai, Saiha, Lawngtlai, Serchhip, Hnahthial, Saitual တို့ဟာ ချင်းပြည်နယ်နဲ့ ကီလိုမီတာ ၅၁၀ အထိနိုင်ငံတကာနယ်နိမိတ်ထိစပ်ပါတယ်။

အိန္ဒိယအစိုးရဟာ အပြည်ပြည်ဆိုင်ရာ ဒုက္ခသည်များဆိုင်ရာ ကွန်ဗင်းရှင်းကို လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံမဟုတ်တာကြောင့် ဒုက္ခသည်များကို အသိအမှတ်မပြုနိုင်ဘူးလို့ ဗဟိုအစိုးရက ၂၀၂၁ ခုနှစ်ကတည်းက စာထုတ်ပြန်ထားပြီးဖြစ်ပါတယ်။ ဒါကြောင့် UNHCR လို ကုလသမဂ္ဂအဖွဲ့အစည်းနဲ့ နိုင်ငံတကာရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများဟာ မီဇိုရမ်ဖက်ကို ရောက်တဲ့စစ်ဘေးရှောင်တွေအနေနဲ့မရရှိကြပါဘူး။ မြန်မာပြည်ဖက်က ရောက်သွားတဲ့ စစ်ဘေးရှောင်တွေကို ပြည်နယ်အစိုးရတွေကပဲ တိုက်ရိုက်လက်ခံစောင့်ရှောက်ပေးနေတာဖြစ်ပါတယ်။

မီဇိုရမ်ဖက်ကိုရောက်တဲ့ စစ်ဘေးရှောင်တွေကို ဒုက္ခသည်ဆိုင်ရာ မှတ်ပုံတင်ကဒ်များကို သက်ဆိုင်ရာ အစိုးရက ဆောင်ရွက်ပေးလျက်ရှိပြီး အခုအခါ မြန်မာဒုက္ခသည်ပေါင်း ၃၀၀၀၀ ကျော်ကို ကဒ်များထုတ်ပေးနိုင်ပြီဖြစ်ပါတယ်။

မီဇိုရမ်ပြည်နယ်အစိုးရ စာရင်းအရ မီဇိုရမ်ပြည်နယ်တွင်းမှာ မြန်မာနိုင်ငံသား ၃၀၃၁၆ ဦးရှိပြီး ကလေး ၁၁၇၉၈ နဲ့ အမျိုးသမီး ၁၀၀၄၇ ဦးရှိတယ်လို့ဆိုထားပါတယ်။ အဆိုပါ အရေအတွက်ဟာ မြန်မာနိုင်ငံတွင်း စစ်အာဏာသိမ်းမှုဖြစ်ပွားကတည်းက အခုချိန်ထိ ရောက်ရှိလာတဲ့ အရေအတွက်ဖြစ်ပါတယ်။

ဒါပေမယ့် UNHCR ရဲ့စာရင်းအရတော့ အနည်းဆုံးလေးသောင်းအထက်နဲ့ ချင်းလူ့အခွင့်အရေးအဖွဲ့ရဲ့ စာရင်းအရတော့ မီဇိုရမ်ကို ရောက်နေတဲ့ ဒုက္ခသည်ပေါင်းက အနည်းဆုံး ၆ သောင်းနီးပါးအထိရှိနေပါတယ်။

မီဇိုရမ်ပြည်နယ်အစိုးရအနေနဲ့ မြန်မာဒုက္ခသည်ပေါင်း ၃၀၃၁၆ ဦးအနက် ၃၀၂၉၉ ဦးရဲ့ ကိုယ်ရေးအကျဉ်းကိုလည်း ပြီးစီးအောင်ဆောင်ရွက်နိုင်ခဲ့တဲ့ အရေအတွက်ထဲက လူဦးရေ ၃၀၀၀၀ ကို ဒုက္ခသည် သက်သေခံကဒ်ပြားထုတ်ပေးနိုင်ပြီဖြစ်တယ်လို့ မီဇိုရမ်အစိုးရအဖွဲ့ဝင် အရာရှိတစ်ဦးရဲ့ ပြောကြားချက်ကို ကိုးကားပြီး Mizoram News မှာ ဖော်ပြပါတယ်။

အဲသလို သက်သေခံကဒ်ပြားထုတ်ပေးတာဟာ သက်သေကဒ်ပြား အတွက်သာ ရည်ရွယ်ထားတာဖြစ်တဲ့အတွက် အဲဒီကဒ်ပြားအသုံးပြုပြီး တစ်ခြားလုပ်ငန်းဆိုင်ရာများကို ဆောင်ရွက်နိုင်ရန်အတွက် တရားဝင်စာရွက်စာတမ်းအဖြစ်အသုံးပြုလို့မရပါဘူး။

မီဇိုရမ် အစိုးရအဖွဲ့ဝင် အရာရှိတစ်ဦးက “သက်သေခံကဒ်ပြားမှာ မီဇိုရမ်ပြည်နယ်မှာ နေထိုင်တဲ့ မြန်မာနိုင်ငံသားဖြစ်ကြောင်း ဖော်ပြထားပါတယ်။

 အဲဒီကဒ်ပြားကို လွှဲပြောင်းတာ နဲ့ တစ်ခြားရည်ရွယ်ချက်အတွက် အသုံးပြုတာမျိုးမရပါဘူး” လို့ပြောပါတယ်။

လက်ရှိအချိန်ထိ မီဇိုရမ်ဖက်ကို ရောက်သွားတဲ့ စစ်ဘေးရှောင်တွေအတွက် အစိုးရ၊ NGOs၊ ကျေးရွာအာဏာပိုင်များရဲ့ အကူအညီနဲ့ ယာယီကယ်ဆယ်ရေးစခန်း ၁၅၆ ထက်မနည်း ထူထောင်ပေးထားပြီး အခုချိန်ထိ အမိုုးအကာပါ အဆောက်အဦး နှင့် နေအိမ်ပေါင်း Saiha ခရိုင်တွင်းမှာ ၄၁ လုံး၊ လောင်တလိုင်မှာ ၃၆ လုံး၊ Champhai မှာ ၃၃ လုံး ဆောက်လုပ်ထားပြီဖြစ်တယ်လို့ဆိုပါတယ်။

မီဇိုရမ်ပြည်နယ်အစိုးရအဖွဲ့ဝင် အရာရှိတစ်ဦးရဲ့ ပြောဆိုချက်အရ စစ်ဘေးရှောင်ဒုက္ခသည်တွေအတွက် ပြည်နယ်အစိုးရရဲ့ လူသားချင်းစာနာထောက်ထားမှုအဖြစ် ရူပီး သိန်း ၈၀ ကိုလည်း စီစဉ်ပေးထားပြီးဖြစ်တယ်လို့ဆိုပါတယ်။ အခုချိန်ထိ မြန်မာနိုင်ငံကရောက်လာတဲ့ မီဇိုရမ်ပြည်နယ်အစိုးရစာရင်းက ဒုက္ခသည်တွေဟာ တရားဥပဒေစိုးမိုးရေးပြသနာတွေမှာတော့ ပါဝင်ပတ်သက်ခြင်း၊ ကျူးလွန်ခြင်းမျိုးမရှိဘူးလို့ အဆိုပါအရာရှိက ပြောပါတယ်။

ဒါပေမယ့်လည်း လက်ရှိအချိန်မှာ မြန်မာပြည်တွင်း ကရောက်လာတဲ့ စစ်ရှောင်တွေအမည်ခံနဲ့ မူးယစ်ဆေးဝါးကုန်ကူးမှုတွေကို မကြာခဏအဖမ်းခံရပြီး မီဇိုရမ်ဒေသခံ အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ စစ်ရှောင်လာတဲ့သူတွေအပေါ် အထင်အမြင်လွဲမှားမှုတွေလည်း ရှိလာနေတယ်လို့ ဒေသတွင်းမီဒီယာတွေရဲ့ဖော်ပြချက်တွေအရ သိရပါတယ်။

လက်ရှိမှာတော့ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ထုတ်ပြန်ချက်နဲ့ မြေပြင်သတင်းတွေအရ စစ်ကောင်စီရဲ့တပ်တွေဟာ အရင်ကထက်များတဲ့ အင်အားနဲ့ ချင်းပြည်ဖက်ကို ဦးတည်နေတဲ့ သတင်းတွေကို တွေ့မြင်ရမှာဖြစ်ပါတယ်။

ချင်းပြည်နယ်မြောက်ပိုင်းဖက်မှာလည်း စစ်ကောင်စီယာဉ်တန်း နဲ့ ချင်းဒေသကာကွယ်ရေးတပ်တွေဟာ ဖလမ်းမြို့နဲ့ ဟားခါးကြားမှာ တိုက်ပွဲတွေပြင်းထန်သလို ချင်းပြည်နယ်တောင်ပိုင်းဖက်မှာလည်း စစ်ကောင်စီယာဉ်တန်း အစီး ၁၀၀ ဝန်းကျင်လောက် ဝင်နေပါတယ်။

လက်ရှိအခြေအနေအရ တိုက်ပွဲတွေ လျော့ကျပြီး စစ်ရှောင်တွေအတွက် လုံခြုံမှုထက် ပိုမိုဆိုးရွားတဲ့ အခြေအနေမျိုး ထပ်ကြုံရနိုင်ခြေရှိတဲ့ နယ်မြေတစ်ချို့ရှိနေတာလည်းဖြစ်ပါတယ်။

Photo: East Mojo

Most read this week

December 4, 2025
ဒီဇင်ဘာလ ၂ ရက်နေ့ နေ့လည်ပိုင်းမှာ တီးတိန်မြို့နယ် ဘဲကန့်ရွာကို စစ်ရှောင်ရာကနေ နွားနောက်ရှာရန်...
December 3, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ အာရက္ခတပ်တော်(ULA / AA) က အသက် ၁၈ နှစ်ကနေ ၄၀ အကြား အရွယ်ရှိသူ...
December 2, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ မော်လိုက်အကျဉ်းထောင်က မနေ့ဒီဇင်ဘာလ ၁ ရက်နေ့မှာ လွတ်ရက်နီးနေတဲ့...
Photo credit - CJ
November 28, 2025
နိုဝင်ဘာလ ၂၇ ရက်နေ့ မနက် ၈ နာရီခွဲ ခန့်ကနေ စတင်ပြီး တီးတိန်မြို့အဝင် တောင်ကုန်းဖြစ်သော Saimual...