မြစ်ကြီးနားမြို့က တရားလွှတ်တော်ရှေ့နေ ဦးတင်ထွန်းသိန်းတို့ ဇနီးမောင်နှံရဲ့ နေအိမ်ကို စစ်ကောင်စီ ချိပ်ပိတ်သွား

မြစ်ကြီးနားမြို့က တရားလွှတ်တော်ရှေ့နေ ဦးတင်ထွန်းသိန်းတို့ ဇနီးမောင်နှံရဲ့ နေအိမ်ကို စစ်ကောင်စီ ချိပ်ပိတ်သွား
ဓါတ်ပုံ- ဦးတင်ထွန်းသိန်း Facebook စာမျက်နှာ
ဓါတ်ပုံ- ဦးတင်ထွန်းသိန်း Facebook စာမျက်နှာ

ကချင်ပြည်နယ် မြစ်ကြီနားမြို့၊ တပ်ကုန်းရပ်ကွက် အင်ဂျန်ဒုံအပိုင်းက  တရားလွှတ်တော်ရှေ့နေ ဦးတင်ထွန်းသိန်းတို့ ဇနီးမောင်နှံရဲ့ နေအိမ်ကို စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ကန ဇူလိုင် ၈ ရက်နေ့ မနက်ပိုင်းမှာ လာရောက်ချိပ်ပိတ်သွားတယ်လို့ သိရပါတယ်။

အကြမ်းဖက်မှု တိုက်ဖျက်ရေးဗဟိုအဖွဲ့မှ အကြမ်းဖက်အုပ်စု အဖြစ် ကြေညာခံထားရပြီး မြစ်ကြီးနားမြို့နယ်ရဲစခန်းကနေ (ပ)၈၀/၂၀၂၂ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၄ အမှုအရ ယာယီပိတ်သိမ်းထားတယ်လို့ ဆိုပြီးတော့ စာတန်းချိတ်ဆွဲပြီး ချိပ်ပိတ်ထားခဲ့တာ ဖြစ်ပါတယ်။

အဲဒီဥပဒေပုဒ်မဟာ ထောင်ဒဏ်(၁၀) နှစ်ကနေ အများဆုံး ထောင်ဒဏ်တစ်သက်(သို့) သေဒဏ်အထိချမှတ်နိုင်တဲ့ ဥပဒေပုဒ်မဖြစ်တယ်လို့လည်း ဦးတင်ထွန်းသိန်းက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

အိမ်ချိပ်ပိတ်ခံရတာနဲ့ ပတ်သက်ပြီး ဦးတင်ထွန်းသိန်းက အာဏာရှင်ရှိနေသရွေ့ အခုလိုမျိုးဖြစ်ရပ်မျိုးတွေ ရှိနေဦးမှာဖြစ်တာကြောင့် ပြည်သူတွေ ခံနေကြရဦးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

“ဘယ်မှ တိုင်တည်စရာ အကူအညီတောင်းခံစရာ ရှိမှာမဟုတ်ပါဘူး။ ကျွန်တော်တို့ နောင်များ ဒီလိုမဖြစ်ဖို့ ခုဖြစ်နေတဲ့ကိစ္စတွေ ကျော်လွှား ဖို့ဆိုရင် အာဏာရှင်အမြစ်ပြတ်ရေး တတ်စွမ်းတဲ့ဘက်က လုပ်နေကြဖို့ လိုပါတယ်။ အာဏာရှင်အမြစ်ပြတ်ဖို့ဆိုရင် လူမျိုး ဘာသာ နေရာဒေသမခွဲခြားဘဲ ဝိုင်းဝန်းလုပ်ဆောင်ကြမှ အောင်မြင်မှာဖြစ်ပါတယ်။ ဒီလိုမဟုတ်ဘဲ ခွဲခြားနေရင်တော့ အာဏာရှင်သက်ဆိုးရှည်ပါလိမ့်မယ်” ဦးတင်ထွန်းသိန်းက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

ဦးတင်ထွန်းသိန်းဟာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်( NLD) ပါတီဝင် တစ်ဦးဖြစ်ပြီး မြစ်ကြီးနားခရိုင် အလုပ်အမှုဆောင်အဖွဲ့ရဲ့ အတွင်းရေးမှူးဖြစ်သလို တရားလွှတ်တော်ရှေ့နေတစ်ဦးလည်း ဖြစ်တဲ့အပြင် သူ့ဇနီးဟာလည်း တရားလွှတ်တော်ရှေ့နေတစ်ဦး ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုအပေါ် ဥပဒေနဲ့မညီညွတ်ကြောင်း၊ တရားမဝင်ကြောင်း၊ ကြေညာချက်ကို ဦးဆောင်ထုတ်ခဲ့တဲ့အပြင် ဆန္ဒပြပွဲတွေမှာ ဦးဆောင်သူ အဖြစ်ပါဝင်ခဲ့ပြီး ဖမ်းဆီးခံရသူတွေ လွတ်မြောက်ရေး၊ ဆန္ဒပြပွဲတွေမှာ စစ်ကောင်စီဘက်က အကြမ်းဖက်ဖြိုခွင်းတာတွေ မလုပ်ရေး ညှိနှိုင်းပေးခဲ့သူလည်း ဖြစ်ပါတယ်။

ဒါအပြင် ဆန္ဒပြဖမ်းဆီးခံရသူတွေ ဖမ်းဆီးခံ ကချင်ပြည်နယ်ဝန်ကြီးချုပ်အပါအဝင် ကျန်ဝန်ကြီးတွေ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အမှုတွေကို ရှေ့နေအဖြစ် အခမဲ့ လိုက်ပါကူညီခဲ့သူလည်း ဖြစ်ပါတယ်။

ဦးတင်ထွန်းသိန်းတို့ နေအိမ်ကို ချိပ်ပိတ်ဖို့အတွက် ပြီးခဲ့တဲ ဇွန်လ (၁၅) ရက်နေ့ကတည်းက လာရောက်ကြည့်ရှုခဲ့ပြီးနောက် နေအိမ်အကျယ်အဝန်းတိုင်းတာတွေ၊ပစ္စည်းရွေ့ခိုင်းတာတွေ လုပ်တောင်ခဲ့ပြီးတဲ့နောက် ဒီကနေ့ မနက် (၉) နာရီလောက်က လာရောက်ချိပ်ပိတ်သွားတာ ဖြစ်ပါတယ်။

ဦးတင်ထွန်းသိန်းတို့ ဇနီးမောင်နှံဟာ ရှေ့နေ ပညာဥပဒေပညာရပ်နဲ့ မြန်မာပြည်အရေးမှာ တတ်နိုင်တဲ့ ဘက်ကနေ ပါဝင်သွားကြမှာဖြစ်ပြီး အခုအချိန်မှာတော့ ဘေးကင်းလုံခြုံစွာ နေထိုင်ဖို့ ကြိုးပမ်း နေကြရတယ်လို့လည်း သိရပါတယ်။

လက်ရှိအချိန်မှာတာ့ ဦးတင်ထွန်းသိန်းတို့ ဇနီးမောင်နှံကို စစ်ကောင်စီ ဘက်ကနေ ရှာဖွေဖမ်းဆီးရမိရေး ဆောင်ရွက်နေကြတယ်လို့လည်း သိရပါတယ်။

December 4, 2025
ကချင်ပြည်နယ်၊ နမ္မတီးမြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ လီဒိုလမ်းပိုင်းက စစ်ရှောင်ပြည်သူတွေဟာ...
December 3, 2025
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တစ်ဖက်ကမ်း မိုင်းကာနဲ့ မိုးစိမ်းကျွန်းရွာဘက်က ပြည်သူလူထုတွေ...
December 2, 2025
ကျည်၊ ဘတ်ဂျတ်မရှိတာနဲ့ ရဲဘော်အင်အား နည်းလာတာကြောင့် မိုးကုတ်၊ မိုးမိတ်ကိုပေးပြီး အပစ်ရပ်...
Photo credit - CJ
December 1, 2025
စစ်အုပ်စုရဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း...