အကျဥ်းထောင်တွင် နှစ်နှစ်ကျော်ချုပ်နှောင်ခံထားရသည့် ကျောက်ဆိပ်ရွာသားငါးဦး ထောင်သုံးနှစ်စီချမှတ်ခံရ

အကျဥ်းထောင်တွင် နှစ်နှစ်ကျော်ချုပ်နှောင်ခံထားရသည့် ကျောက်ဆိပ်ရွာသားငါးဦး ထောင်သုံးနှစ်စီချမှတ်ခံရ

မြန်မာစစ်တပ်က ရေယာဥ်ပေါ်တွင် ရိုက်နှက်ကန်ကျောက်ခဲ့သော ပုဏ္ဏားကျွန်းမြို့နယ်၊ကျောက်ဆိပ်ကျေးရွာမှ ဒေသခံ ငါးဦးတို့ကို ဇူလိုင်လ ၆ ရက် ၊နေ့လယ်ပိုင်းတွင် စစ်တွေခရိုင်တရားရုံးမှ အကြမ်းဖက်မှုတိုက်ဖျက် ရေးဥပဒေ ပုဒ်မ ၅၂(က)ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ်သုံးနှစ်စီချမှတ်လိုက်ကြောင်း သိရသည်။  

၄င်းတို့ကို ရက္ခိုင့်တပ်တော်(AA)နှင့်ဆက်စပ်သည်ဟု သံသယဖြင့် ဖမ်းဆီးခဲ့ပြီး ပုဏ္ဏားကျွန်းမြို့အခြေစိုက် (၅၅၀)တပ်ရင်းမှ ဗိုလ်ကြီးတင့်နိုင်ထွန်းက တရားလိုပြုလုပ်ကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည) ၊၅၂(က)ဖြင့် တရားစွဲဆိုခဲ့သည်။သို့သော် ၅၀(က)ဖြင့် ငြိစွန်းမှုမရှိဟုတရားရုံးက ဆုံးဖြတ်ခဲ့ကာ ၅၂(က) ဖြင့် ထောင်ဒဏ်ချမှတ်လိုက်ခြင်းဖြစ်သည်။

“အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၃ နှစ်ချတယ်။အကြမ်းဖက်အဖွဲ့မှာပါဝင်တဲ့သူတွေကို လွတ်မြောက်ရာ၊ လွတ် မြောက်ကြောင်းအတွက်အကာအကွယ်ပေးတယ်ဆိုပြီးတော့ အဓိပ္ပာယ်ရတယ်။အဲဒါတွေကိုလုပ်တဲ့အတွက် အကြမ်း ဖက်ပုဒ်မ ၅၂(က)အရ အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၃နှစ် ချလိုက်တာ။ ချုပ်ထားတာက ၂နှစ်နဲ့ ၂လခွဲရှိတယ်။ အခုချမှတ်လိုက်တာ ၃နှစ်၊ အဲဒီထဲက ၂နှစ်နဲ့ ၂လခွဲ နုတ်ရမယ်။ကျန်တာက အချုပ်ထဲမှာ ဆက်ပြီးနေရမယ်ပေါ့” ဟု အမှုကို လိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးကျော် ညွှန့်မောင်က DMG သို့ပြောသည်။

ထောင်ဒဏ်ချမှတ်ခံရသူများမှာ ကိုညီညီအောင်(၂၄)နှစ်၊ ကိုအောင်မျိုးလင်း (၂၄)နှစ်၊ ကိုမောင်ချေ (၂၄) နှစ်၊ ပုဏ္ဏားကျွန်းမြို့ပေါ်မှ ကိုမင်းစိုး(၃၈)နှစ် နှင့် မြောက်ဦးမြို့နယ်၊ ဇီးပင်ကြီးကျေးရွာမှ ကိုကျော်ဝင်း ဟိန်း (၂၂) နှစ်တို့ဖြစ်ကြသည်။၎င်းတို့(၅)ဦးကို ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်၊ ဧပြီလ ၁၉ ရက်နေ့က ကျောက်ဆိပ်ကျေး ရွာအတွင်း ဝင်ရောက်လာသည့် မြန်မာစစ်တပ်မှဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

၄င်းတို့ ဖမ်းဆီးခံရစဥ် စစ်ရေယာဥ်ပေါ်တွင် မျက်နှာကို အဝတ်စည်းကာ လက်များကိုကြိုးတုပ်ပြီး မြန်မာစစ်သား များက ရိုက်နှက်ခဲ့သည်။ကနဦးတွင် မြန်မာစစ်တပ်က ငြင်းဆန်ခဲ့သော်လည်း နောက်ပိုင်းတွင် အဆိုပါဖြစ်ရပ်ကို ဝန်ခံခဲ့ကာ အပြစ်ကျူးလွန်သည့် စစ်သားများကို စစ်စည်းကမ်းဥပဒေနှင့်အညီ စစ်ဆေးအရေးယူမည်ဟု ထုတ် ပြန်ခဲ့သည်။သို့ရာတွင် စစ်သားများ အရေးယူခံရခြင်း ရှိ၊မရှိ မသိရပါ။

အဆိုပါ ငါးဦးမှာ ဖမ်းဆီးခံရစဥ် နှိပ်စက်မှုဒဏ်လည်းခံစားခဲ့ရကာ ယခုလည်း အပြစ်ရှိသည်ဟု ထောင်ဒဏ်ချ မှတ်လိုက်ခြင်းမှာ တရားမျှတမှုမရှိဟု မြင်မိကြောင်း နိုင်ငံရေးအကျဥ်းသားဟောင်း စာရေးဆရာ ဝေဟင်အောင် က ပြောသည်။

“တရားမျှတမူမရှိဘူးလို့မြင်ပါတယ်။ဒါဟာ တော်တော်လည်း စိတ်မကောင်းဖြစ်ရပါတယ်။ဒီလူတွေဟာ ထောင် ထဲမှာနေတာလည်း နှစ်နှစ်ကျော်လောက်ရှိပြီ။တကယ်လည်း ဒီလူတွေဟာ အရပ်သားတွေဖြစ်တယ်။ ဒီလူ တွေ ဟာတကယ်လည်း နှိပ်စက်ခံခဲ့ရတယ်။အဲဒါကို ထပ်ပြီးတော့ အမိန့်ချမှတ်လိုက်တယ်ဆိုတော့ တော်တော်လည်း စိတ်မကောင်းလည်းဖြစ်ရတယ်။ တရားမျှတမူမရှိဘူးဆိုတာကိုလည်း ကွက်ကွက်ကွင်းကွင်းမြင်နေရတယ်”ဟု ၄င်းက ဆိုသည်။

တရားရုံးက ယခုကဲ့သို့ အပြစ်ရှိကြောင်း အမိန့်ချမှတ်လိုက်သော်လည်း ၄င်းတို့မှာ အပြစ်မရှိဟု မိသားစုဝင်များ က ယုံကြည်ထားကြသည်။အပြစ်မရှိဘဲ ယခုကဲ့သို့ ထောင်ဒဏ်ချမှတ်လိုက်အမှုအပေါ် နားမလည်နိုင်ကြောင်း မိသားစုဝင်များက ပြောကြသည်။

“ဦးလေးတို့သားတွေမှာတော့ ဘာမှတော့ အပြစ်မရှိဘူး။သူတို့က ဘယ်လိုဆုံးဖြတ်ပြီး ချလည်း မသိဘူး။  သူတို့အနားလည်း မကပ်ရ၊သူတို့ပြောတာ လည်း နားထောင်ဖို့မရလိုက်ဘူး။ သားတို့(တရားရုံး)ရောက်လာရင် တွေ့တယ်၊ဖက်တယ် ကျန်းမာလား မေးတယ်။စကားအရှည်ကြီး ပြောလို့မရဘူး” ထောင်ဒဏ်ချမှတ်ခံရသူ ကိုမင်းစိုး၏ မိသားစုဝင် ဦးကျော်ကြီးက ပြောသည်။

ထောင်ဒဏ်ချမှတ်ခံရသူ ကိုမောင်ချေ၏ မိခင် ဒေါ်မခင်နုက “တရားရုံးကတော့ ထောင်ဒဏ် ၃ နှစ် ချမယ် လို့တော့ ပြောတယ်။အမေနဲ့ အဖေ ကိုလုပ်ကျွေးနေတာကနေ ဘာတစ်ခု မှ အပြစ်မရှိပဲ ဝင်ဖမ်းသွားတာ။ ဘယ်လိုပြောရမလဲ မခံ စားနိုင်ဘူးလေ။သားလွတ်မယ်ဆိုရင် ပျော်တယ်ပေါ့။ ခဏလေးပေါ့။ ၃နှစ်ဆို ရင်လွတ်လာတော့မယ်လေ။ကျမသားမှာ ဘာမှ အပြစ်မရှိဘူး။ဘာကြောင့် ချလိုက်တယ် ဆိုလည်း တရားရုံး က ဘာမှ မပြောဘူး။ ဒီအတိုင်းချလိုက်တယ်”ဟု ဆိုသည်။

ရက္ခိုင့်တပ်တော်(AA)ကို ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်၊မတ်လ ၂၃ ရက်နေ့က အကြမ်းဖက်အဖွဲ့အစည်းအုပ်စုနှင့်မတရား အသင်းအဖြစ် အစိုးရက ကြေငြာခဲ့သည်။စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်၊မတ်လ ၁၁ ရက်နေ့တွင်  အကြမ်းဖက်အုပ်စုမှ ပြန်လည်ရုပ်သိမ်းပေးခဲ့သည်။

ယင်းနောက် ရက္ခိုင့်တပ်တော်နှင့်ဆက်စပ်သည်ဟု ဖမ်းဆီးခံရပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပေဒဖြင့် တရား စွဲဆိုခံထားရသော တစ်ချို့ကို စစ်ကောင်စီက ပြန်လွှတ်ပေးခဲ့သည်။သို့ရာတွင် လူသိထင်ရှားသော ကျောက်ဆိပ် အမှုကို ရုပ်သိမ်းခြင်းမရှိခဲ့သည့်အပြင် အကြမ်းဖက်ဥပဒေနှင့် ထောင်ဒဏ်ချမှတ်လိုက်ခြင်းဖြစ်သည်။

(ပုံစာ-ကျောက်ဆိပ်ကျေးရွာသားများကို ရေယာဥ်ပေါ်တွင် မြန်မာစစ်တပ် တပ်ဖွဲ့ဝင်များက ရိုက်နှက်နေစဥ်)

Most read this week

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...