မိုးမိတ်မြို့နယ် စစ်ကောင်စီ နှင့် SSPP/SSA တိုက်ပွဲစတင်ဖြစ်ပွား

မိုးမိတ်မြို့နယ် စစ်ကောင်စီ နှင့် SSPP/SSA တိုက်ပွဲစတင်ဖြစ်ပွား

သျှမ်းပြည်မြောက်ပိုင်း မိုးမိတ်မြို့နယ်အတွင်းတွင် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့နှင့် ရှမ်းပြည်တိုးတက်ရေး ပါတီ / ရှမ်းပြည်တပ်မတော် (SSPP/SSA) တပ်ဖွဲ့တို့မှ တိုက်ပွဲစတင် ဖြစ်ပွားနေကြောင်း သတင်းသိရသည်။

ဇူလိုင် ၁ ရက် မွန်းလွဲပိုင်း ၂ နာရီခွဲမှ စတင်ကာ မိုးမိတ်မြို့နယ် မိုးဘုံကျေးရွာအုပ်စု (ပုန်ကန်ကျေးရွာ) ပုန်ကန်ကျေးရွာ နှင့် ဝမ်အုံကျေးရွာကြားတွင် စစ်ကောင်စီတပ်ဖွဲ့ နှင့် SSPP/SSA တို့မှ စစ်ရေးတင်းမာခဲ့ကြောင်း ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မွန်းလွဲပိုင်း ၂ ခွဲက နှစ်ဖွဲ့တပ်က ဝမ်ပုန်ကန်နဲ့ ဝမ်အုမ်ရွာကြားကို ရောက်လာတယ်၊ နှစ်ဖက်တပ်ဖွဲ့ အကွာအဝေး က တစ်မိုင်တောင် မရှိဘူး၊ စကစတွေက ရွာထဲမှာ နေရာယူထားတဲ့ တပ်ဖွဲ့အင်အားနဲ့ ဝမ်အုမ်ရွာပြင်မှာလည်း စစ်ကားနှစ်စီးအပြည့်ရှိနေတယ်၊ စစ်ကူအင်အားဖြစ်လောက်တယ်” ဟု အမည်မဖော်လို ဒေသခံအမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယင်းကဲ့သို့ စစ်ရေးတင်းမာမှုများရှိပြီးနောက် ညနေခင်း ၄ နာရီဝန်းကျင်မှ စတင်ကာ လက်ရှိအချိန်အထိ ပစ်ခတ်သံများ ကြားနေရကြောင်းလည်း ဒေသအတွင်းမှ SSPP/SSA မှ အရာရှိတစ်ဦးက သျှမ်းသံတော်ဆင့်ကို အတည်ပြု ပြောဆိုထားသည်။

“တိုက်ပွဲက ၄ နာရီဝန်းကျင်မှာ စဖြစ်ခဲ့တာပါ၊ လက်ရှိအချိန်ထိ ဆိုပါတော့၊ ဒါကြောင့် ဒေသခံပြည်သူတချို့က မြို့ပေါ်ကို ထွက်ပြေးတိမ်းရှောင်သွားတာမျိုးတွေ ရှိနေတယ်လို့လည်း ကြားတယ်” ဟု အထက်ပါ SSPP/SSA အရာရှိက ပြောသည်။

ယင်းကဲ့သို့ တိုက်ပွဲဖြစ်ပွားမှုအခြေအနေများနှင့် ပတ်သက်ပြီး ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည် တပ်မတော် SSPP/SSA ဗဟိုဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစိုင်းဆုကို ဆက်သွယ်မေးမြန်းရာ သေနတ်သံ သည် တစ်နေရာတည်းထွက်ပေါ်မည် မဟုတ်ကြောင်း သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အခု တိုက်ပွဲအသေးစိတ် ဖြစ်စဥ်ကို ဗဟိုဌာနချုပ်ကမသိရသေးဘူး၊ ဒါပေမဲ့ တကယ်လို့တိုက်ပွဲဖြစ်ခဲ့ရင်လည်း တစ်နေရာထဲပေး ဖြစ်မှာမဟုတ်ဘူး။ ကျနော်တို့ တပ်ရှိရာနေရာတိုင်းကို တိုက်ပွဲဖြစ်သွားမှာဖြစ်ပါတယ်” ဟု ဗိုလ်မှူးကြီးစိုင်းဆုက ပြောသည်။

အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့သည် SSPP/SSA တပ်စခန်း ၃ နေရာကို ဇွန်လ ၃၀ နောက်ဆုံးထား စွန့်ခွာဆုတ်ခိုင်းသည့် အမိန့်ညွှန်ကြားချက် ထုတ်လာပြီးသည့်နောက်ပိုင်း ပထမဆုံးအကြိမ် တိုက်ပွဲသံများ ဖြစ်ပေါ်လာခြင်းဖြစ် ကြောင်းလည်း သိရသည်။

May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...
May 5, 2026
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့သို့ အလုပ်သွားလုပ်မည့် ပြည်မဘက်မှ ခရီးသွားအမျိုးသမီးများကို...