ရခိုင်မြို့အချို့တွင် ဖမ်းဆီးစစ်ဆေးမှုများနေ၍ ကျောင်း ပုံမှန်မတက်နိုင်ဖြစ်နေ

ရခိုင်မြို့အချို့တွင် ဖမ်းဆီးစစ်ဆေးမှုများနေ၍ ကျောင်း ပုံမှန်မတက်နိုင်ဖြစ်နေ
ကျောက်တော်မြို့ရှိ မူလတန်းကျောင်းအချို့ကို ဇွန်လ ၂၇ ရက် နေ့လယ်ပိုင်းက တွေ့ရစဉ်။
ကျောက်တော်မြို့ရှိ မူလတန်းကျောင်းအချို့ကို ဇွန်လ ၂၇ ရက် နေ့လယ်ပိုင်းက တွေ့ရစဉ်။

ရခိုင်ပြည်နယ်အတွင်း မြို့အချို့တွင် ဖမ်းဆီးစစ်ဆေးမှုများ များလာနေ၍ ကျောင်းသူ၊ ကျောင်းသားများနှင့် ဆရာ၊ ဆရာမများ ကျောင်းပုံမှန်မတက်နိုင်ဖြစ်နေရသည်ဟု သိရသည်။

ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ စစ်တွေ၊ ကျောက်ဖြူနှင့် ရမ်းဗြဲမြို့နယ်များတွင် ဇွန်လ ၁၁ ရက်နောက်ပိုင်းမှစတင်ကာ အဖမ်းအဆီးအစစ်အဆေးများနေ၍ မြို့ပေါ်နှင့် နယ်ကျေးရွာများရှိ အခြေခံပညာစာသင်ကျောင်းအချို့တွင် လုံခြုံရေးအရ ကျောင်းပုံမှန်မတက်နိုင်ဖြစ်နေရသည်ဟု ဒေသခံများက ပြောသည်။

ကျောက်တော်မြို့တွင်ဆိုလျှင်လည်း အချို့မိဘများမှာ သားသမီးများကို ကျောင်းသို့မလွှတ်ရဲဘဲရှိကြသလို တစ်ခုခုဖြစ်ပါက လွတ်ကင်းစေရန် နယ်ဘက်ရှိ ဆွေမျိုးများအိမ်သို့ပင်ပို့ထားရသည်များလည်းရှိနေသည်ဟု မြို့ခံတစ်ဦးက နိရဥ္စရာကိုပြောသည်။

“ကျောင်းတွေကတော့ ပိတ်တဲ့နေရာတွေလည်း ပိတ်ထားကြတယ်။ စိတ်ချလက်ချပြလို့မှ မရသေးတာ။ တချို့မိဘတွေက နယ်တွေကို လွှတ်ထားကြတယ်။ ကျောင်းသားကလည်း မရှိသလောက်ဖြစ်သွားရင် မပြကြတော့ဘူးလေ။ ပြရင်လည်း ခဏလေးပဲ”ဟု ပြောသည်။

ကျောက်တော်တွင် ဇွန်လ ၁၁ ရက်၌ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးကိုလည်းကောင်း၊ ဇွန်လ ၂ဝ ရက်၌ ရဲတပ်ဖွဲ့ဝင် ၃ ဦးကိုလည်းကောင်း AA က ဖမ်းဆီးသွားပြီး နောက်တစ်နေ့တွင် ကျောက်တော်မြို့ပေါ်ရှိ လူမှုရေးတက်ကြွလှုပ်ရှားသူ ကိုဇော်ဝင်းအပါအဝင် အရပ်သား ၃ဝ ဦးထက်မနည်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားခဲ့သည့်အတွက် ဒေသအခြေအနေမှာ မတည်မငြိမ်ဖြစ်လျက်ရှိနေသည်ဟု ဒေသခံများက ပြောသည်။

အလားတူ မြောက်ဦးမြို့နယ် တိန်ညိုကျေးရွာမှ ရဲတပ်ကြပ်ကြီး ၁ ဦးကို ဇွန်လ ၁၇ ရက်တွင်လည်းကောင်း၊ မြောက်ဦးမြို့ပေါ်မှ စရဖတပ်ဖွဲ့ဝင် ၃ ဦးတို့ကို ဇွန်လ ၂၁ ရက်တွင်လည်းကောင်း AA က ဖမ်းဆီးသွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များကလည်း မြို့ပေါ်ရှိ အရပ်သားပြည်သူများကို ဖမ်းဆီးစစ်ဆေးမှုများရှိခဲ့သည်။

ယင်းနောက်ပိုင်း မြောက်ဦးမြို့အထွက်ရှိ ၅၄ဝ တပ်ရင်းရှေ့နှင့် တစ်ခါတလေ ငွေတောင်ပေါက်တံတားအနီးတို့တွင်လည်း မြို့အဝင်အထွက်ပြည်သူများကို စစ်ဆေးမှုများတင်းကျပ်လာနေသည့်အတွက် စိတ်အနှောင့်အယှက်များဖြစ်နေရ၍ ကျောင်းမတက်ဖြစ်သည့်ရက်များပင်ရှိနေသည်ဟု မြောက်ဦးမြို့နယ်မှ မူလတန်းပြ ကျောင်းဆရာမတစ်ဦးက နိရဥ္စရာကိုပြောသည်။

“အခု ၅၄ဝ တပ်ရင်းရှေ့မှာစစ်တယ်။ သူတို့ အစစ်အဆေးကြမ်းတဲ့နေ့ဆို ကျောင်းမသွားဖြစ်ဘူး။ တခြားနေရာတွေမှာလည်း စစ်တယ်။ တခြားနေရာတွေ တစ်ခါတလေဆို ငွေတောင်ပေါက်တံတားနားမှာ စစ်တယ်။ အဲဒီနားမှာ နေ့တိုင်းတော့ မစစ်ဘူး။ ဒီဘက်မှာတော့ ပိတ်ထားတဲ့ကျောင်းတွေရှိတယ်လို့ မကြားမိဘူး”ဟု ပြောသည်။

အလားတူ ပုဏ္ဏားကျွန်း၊ ကျောက်ဖြူနှင့် ရမ်းဗြဲမြို့နယ် ကျောက်နီမော်ဒေသတို့တွင်လည်း နှစ်ဘက်အပြန်အလှန်ဖမ်းဆီးစစ်ဆေးမှုများရှိနေ၍ ယခုကဲ့သို့ အနည်းငယ်သာပြပြီး ပြန်လွှတ်လိုက်ရသည့်ကျောင်းအချို့လည်းရှိနေသည်ဟု ဒေသခံများက ပြောသည်။

ယခုကဲ့သို့ ကျောင်းပုံမှန်မတက်နိုင်ပါက ကျောင်းသူ၊ ကျောင်းသားများ၏ ပညာရေးအတွက် ဆုံးရှုံးနစ်နာမှုများရှိသည်ဟုလည်း ကျောင်းသားမိဘများက ပြောသည်။

ဇွန်လ ၂၃ ရက်နှင့် ၂၄ ရက်တို့တွင် အဖမ်းအဆီးအစစ်အဆေးများပြားခဲ့သည့် စစ်တွေမြို့ပေါ်ရှိ စာသင်ကျောင်းအချို့သည်လည်း ယင်းရက်ပိုင်းအတွင်း ကျောင်းပုံမှန်မပြနိုင်ခဲ့ဘဲ နားလည်မှုဖြင့် ယာယီပိတ်ထားခဲ့ရသည်များရှိခဲ့သည်။

သို့ရာတွင် ယနေ့ ဇွန်လ ၂၇ ရက်၌ စစ်တွေမြို့၏နေ့အချိန်သည် ပုံမှန်အခြေအနေသို့ရောက်ရှိနေပြီဖြစ်၍ စာသင်ကျောင်းများကိုလည်း ပုံမှန်အတိုင်း ဖွင့်လှစ်သင်ကြားနေပြီဟု မြို့ခံများက ပြောသည်။

April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...
April 7, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှတဆင့် ရခိုင်ပြည်အတွင်းသို့ သယ်ဆောင်သည့်စက်သုံးဆီများသည်...