တောတောင်သို့သွားရောက်ကာ ရှာဖွေစားသောက်ရာမှ မိုင်းကြောင့် သေဆုံးဒဏ်ရာရရှိသည့် စစ်ဘေးရှောင်များလာနေ

တောတောင်သို့သွားရောက်ကာ ရှာဖွေစားသောက်ရာမှ မိုင်းကြောင့် သေဆုံးဒဏ်ရာရရှိသည့် စစ်ဘေးရှောင်များလာနေ

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့၏ စစ်ရေးပဋိပက္ခကြောင့် အိုးအိမ်စွန့်ခွာနေကြရသည့် စစ်ဘေးရှောင်များမှာ အခုနောက်ပိုင်း စားဝတ်နေရေးမလုံလောက်မှုများ ကြုံတွေ့ရလာသဖြင့် တောတောင်သို့ သွားရောက်ကာ ရှာဖွေစားသောက်ရာမှ မိုင်းကြောင့် သေဆုံးဒဏ်ရာရရှိသူများလာနေသည်။

ပြီးခဲ့သည့် ဇွန်လ ၁၄ ရက်နေ့က မြေပုံမြို့နယ်၊စညှင်းစစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင်အမျိုးသားနှစ်ဦး တောင်ပေါ်သို့ မျှစ်ချိုးရန်သွားစဉ် မိုင်းနင်းပြီး တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့သည်။ ယင်းအပြင် ဇွန်လ ၂၂ ရက်နေ့ကလည်း ပလက်ဝမြို့၊ ဘောလုံးကွင်းစစ်ဘေးရှောင်စခန်းမှ အမျိုးသမီးနှစ်ဦး ဟင်းရှာရန်သွားစဉ် မိုင်းနင်းမိပြီး ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည်။

စားဝတ်နေရေးပြဿနာ ခက်ခဲ့လာနေသည့်အတွက် စစ်ဘေးရှောင်များမှာ ရှာကြံမရသဖြင့် ယခုကဲ့သို့ အန္တရာယ်ထဲကို သွားနေကြရသည်ဟု ဘောလုံးကွင်းစစ်ဘေးရှောင်စခန်းတာဝန်ခံ ဦးနီလှအောင်က ပြောသည်။

“စားဝတ်နေရေးက အရင်ကထက် ကျပ်တည်းလာတယ်။ မိသားစုများတဲ့သူတွေမှာဆိုရင် ပိုပြီးကျပ်တည်းတယ်။ အလှူရှင်တွေလည်းနည်းတော့ WFP ကပေးတာနဲ့လည်း မလုံလောက်တော့ဘူးလေ။ ကုန်စျေးနှုန်းတွေက လည်းသုံးလေးဆလောက် မြင့်တက်နေတော့ လုံးဝအဆင်မပြေတော့ဘူး။ ဒါကြောင့် အပြန်မှာရရာအလုပ်ကို လုပ်ကိုင်ကြရတယ်”ဟု ဦးနီလှအောင်က ပြောသည်။

ရခိုင်တိုင်းရင်းသားများမျိုးနွယ်များအစည်းအရုံး (REC)က ကောက်ယူထားသောစာရင်းအရ စစ်ကျန်လက် နက်နှင့် မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် သေဆုံးသူ ၅၆ ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ၁၃၄ ဦးအထိရှိလာပြီဖြစ် ကြောင်းသိရသည်။

DMGမှ ပြုစုထားသော စာရင်းအရ ယခု ဇွန်လအတွင်းမှာပင် မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ပလက်ဝ၊ ကျောက်တော၊ မြေပုံ၊ ရသေ့တောင်စသည့် မြို့နယ်များမှ သေဆုံး၊ဒဏ်ရာရရှိသူ ၁၀ ဦးခန့်ရှိသည်။

မြေမြှုပ်မိုင်းအန္တရာယ်ကို စိုးရိမ်သော်လည်း ဝမ်းရေးအတွက် ဟင်းရှာရန် တောတောင်ထဲသို့ သွားနေရသည်ဟု ကျောက်တော်မြို့နယ်၊ ဝါးတောင်စစ်ဘေးရှောင်စခန်းမှ ဒေါ်မလှဖြူက ပြောသည်။

“ကျွန်မမှာက သားသမီးများတယ်။ကျောင်းသားတွေလည်းရှိတယ်။ထောက်ပံ့တာနဲ့ မလုံလောက်ဘူးလေ။ အဲဒါကြောင့် တောတောင်ကိုသွားပြီးဟင်းရှာနေရတယ်။တောထဲသွားလို့ မိုင်းပေါက်ပြီးသေကျတာတွေ။ ဒဏ်ရာရတာတွေကို သိနေရတယ်။မြင်နေရတယ်။ကိုယ်လည်းဖြစ်မလားလို့ စိုးရိမ်တယ်။ကြောက်တယ်။ဒါပေမဲ့ သားသမီးတွေငတ်မှာကိုစိုးရိမ်လို့သွားနေရတယ်”ဟု ဒေါ်မလှဖြူက ပြောသည်။

စစ်ဘေးဒုက္ခသည်များမှာ မိမိနေရပ်သို့ပြန်မည်ဆိုပါက လုံလောက်သောထောက်ပံ့မှုများမရရှိသလို လက်ရှိ ရခိုင်ပြည်နယ်အခြေအနေရလည်း နှစ်ဖက်စစ်ရေးတင်းမာမှုမြင့်မားနေသည့်အတွက်ကြောင့် နေရပ်သို့ပြန်ရန် အခွင့်မသာပေ။

ယခင်က စစ်ဘေးရှောင်များမှာ စားဝတ်နေရေးလုံလောက်ပြီး အစစအရာရာအားလုံးနီးပါး ပြေလည်မှုရှိခဲ့သော် လည်း နောက်ပိုင်းမှာ အဆင်မပြေမှုများကိုနေ့စဉ်ရက်ဆက်ကြံုတွေ့လာနေရသည်။

တစ်နိုင်ငံလုံးမှာပျံ့နှံ့ခဲ့သော ကိုဗစ်ဒဏ်ကြောင့် ပုဂ္ဂိုလိကအလှူရှင်များ၊ လူမှုအဖွဲ့အစည်းများ၏ ထောက်ပံ့မှုနည်း ပါးလာသည့်အပြင် နောက်ထပ်တစ်ဖန်စစ်အာဏာသိမ်းမှုဒဏ်ကို ရင်ဆိုင်ကြံုတွေ့နေရသဖြင့် စစ်ဘေးရှောင် များ စားဝတ်နေရေးပြဿကို အလူးအလဲရင်ဆိုင်နေကြရသည်။

စစ်ဘေးရှောင်များသည် စားဝတ်နေရေးကျပ်တည်းမှုဒဏ်ကို မခံစားနိုင်ဖြစ်လာသည့်အတွက် အန္တရာယ်ရှိမှန်း သိသော်လည်း တောတောင်သို့သွားနေကြရသည်ဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး REC အတွင်း ရေးမှူး ဦးဇော်ဇော်ထွန်းက ပြောသည်။

“စားရေးသောက်ရေးနဲ့ပတ်သက်လို့ အထောက်အပံ့တွေက ရတဲ့အခါရတယ်။မရတဲ့အခါမရ။ အပြန်မှာရရာကို လုပ်မယ်ဆိုရင်လည်း အလုပ်အကိုင်အခွင့်အလမ်းကလည်းမရှိ။ အထွေထွေကြီးမားတဲ့ အကျပ်အတည်းကို ခံနေကြရတယ်။ အခုက တချို့စစ်ဘေးရှောင်တွေအနေနဲ့ သေမထူးနေမထူးလို့ ခံစားလာကြရတယ်”ဟု ဦးဇော်ဇော်ထွန်းက ပြောသည်။

ယင်းအပြင် ကျန်းမာရေးစောက်ရှောက်မှုအပိုင်းမှာလည်း မရှိလသောက်နည်းပါးပြီး စစ်ဘေးရှောင်များ အခက်အခဲ အကျပ်အတည်းဘဝနှင့် ဖြတ်နေကြရသည့်အတွက် စိတ်ဓာတ်ခွန်အားများပါက ကျဆင်းလာနေကြကြောင်း ဦးဇော်ဇော်ထွန်းက ဆက်လက်ပြောသည်။

ပြီးခဲ့သည့် တိုက်ပွဲနှစ်နှစ်ကျော်ကြာလအတွင်း စစ်ဘေးရှောင်ဦးရေ ၂ သိန်းကျော် ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေကြရပြီး ၂၀၂၀ ခုနှစ်နိုဝင်ဘာလအတွင်း တိုက်ပွဲရပ်တန့်ခဲ့သဖြင့် နေရပ်ပြန်သွားကြသူများရှိသော် လည်း စစ်ဘေးရှောင် ၄ သောင်းကျော်နေရပ်မပြန်နိုင်သေးပေ။

အဆိုပါ ပြည်သူများမှာ စစ်ဘေးရှောင်စခန်းတွင် ဒုက္ခသည်အဖြစ်နှင့် နေထိုင်နေကြသည်မှာ လက်ရှိတွင် သုံးနှစ် ကျော်အထိကြာမြင့်လာခဲ့ပြီဖြစ်ကာ နေရပ်မပြန်နိုင်သေးသရွေ့စားဝတ်နေရေးပြဿနာနှင့် ဆက်လက်ရင်ဆိုင် နေကြရမည်ဖြစ်သည်။

December 23, 2025
အာရက္ခတပ်တော် ထိန်းချုပ်ထားသော ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်ဒေသများတွင် ယခု ရက်ပိုင်းအတွင်...
December 22, 2025
နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်နေသည့်...
December 19, 2025
မြောက်ဦးဖြစ်စဉ်နောက်ပိုင်း အာရက္ခတပ်တော် ထိန်ချုပ်ထားသည့် ရခိုင်ပြည်၊ မြို့နယ်များတွင် ယခုအခါ...
December 18, 2025
ရခိုင်ပြည်နှင့်အစပ် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန် ဗျူဟာကုန်းကို စစ်ကောင်စီသည် ပဒါန်းကနေ...