မြန်မာစစ်တပ်က ဒေသခံများကို ဖမ်းဆီးစစ်ဆေးမှုများရှိနေသောကြောင့် ကျောက်တော်မြို့ပေါ်ရှိ စာသင်ကျောင်းများ ပိတ်ထား

မြန်မာစစ်တပ်က ဒေသခံများကို ဖမ်းဆီးစစ်ဆေးမှုများရှိနေသောကြောင့် ကျောက်တော်မြို့ပေါ်ရှိ စာသင်ကျောင်းများ ပိတ်ထား
ကျောက်တော်မြို့ရှိ အထက်တန်းကျောင်း (မြို့မ) ကျောင်း ပိတ်ထားသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ-DMG)
ကျောက်တော်မြို့ရှိ အထက်တန်းကျောင်း (မြို့မ) ကျောင်း ပိတ်ထားသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ-DMG)

ကျောက်တော်မြို့တွင် မြန်မာစစ်တပ်မှ နေရာအများအပြားတွင် နေရာယူပြီး ဒေသခံများကို ဖမ်းဆီးခြင်း၊ စစ်ဆေးခြင်းများရှိနေသောကြောင့် မြို့ပေါ်ရှိ စာသင်ကျောင်းများအားလုံးကို ဇွန်လ ၂၁ ရက် တွင် ပိတ် ထားရသည်ဟု ဒေသခံများက ထံက သိရသည်။

ကျောက်တော်မြို့တွင် ဇွန်လ ၂၀ ရက်နေ့က ရဲတပ်ဖွဲ့ဝင် သုံးဦးကို ရက္ခိုင့်တပ်တော် (AA) က ဖမ်းဆီးသွားသည်။ ထို့ကြောင့် မြန်မာစစ်တပ်သည် မြို့တွင်းတွင် လက်နက်ကိုယ်စီဖြင့် သွားလာလှုပ်ရှားနေပြီး ဒေသခံများကို စီး နင်းလာသည့် ဆိုင်ကယ်၊ကားများကို ရပ်တန့်စစ်ဆေးမှုများရှိနေသောကြောင့်  စိုးရိမ်သဖြင့် ကျောင်းများကို ပိတ်ထား ပြီး ပြန်လာရကြောင်း အမည်မဖော်လိုသည့် ကျောင်းအုပ်ဆရာကြီးတစ်ဦးက ပြောသည်။

“ ကျနော်တို့လည်း ကျောင်းကိုဘယ်ပိတ်ချင်မလဲဗျာ။ ကိုယ့်တာဝန်ကိုအေးဆေးလုပ်ချင်တာပေါ့။ ဒါပေမဲ့ မြို့ထဲမှာ ဆူနေတော့ တစ်ချို့ကျောင်းသားမိဘတွေက ကြောက်လန့်ပြီး ကလေးတွေကိုလာခေါ်ကြတယ်။ ကျန်တဲ့ ကလေးတွေကိုကျနော်တို့ဆက်သင်နေတုန်းမှာပဲ ထပ်ပြီးလာခေါ်သွားကြတော့ သင်စရာလူမရှိရင် ကျောင်းကိုပိတ်ထားခဲ့ပြီး ကိုယ့်အိမ်ကိုပြန်လာကြရတာပါပဲ။ အိမ်ရောက်ရင်လည်း အိမ်ထဲက အိမ်ပြင်မထွက်ရဲ တော့ဘူး” ဟု၎င်းကပြောသည်။

လက်ရှိတွင် ကျောက်တော်မြို့၌ ရဲနှင့်မြန်မာစစ်တပ်မှပူးပေါင်းကာ အချုပ်ကားများဖြင့် မြို့ပတ်လှည့်လည်နေပြီး ၎င်းတို့သဘောမတွေ့သောသူများကို ပစ်မှတ်ထားကာဖမ်းဆီးမှုများပြုလုပ်နေကြောင်း ဒေသခံများက ပြော သည်။

ယင်းအနေအထားမျိုးတွင် ဒေသခံများမှာ နေအိမ်မှအပြင်သို့ထွက်ရန်အလွန်စိုးရိမ်ကြောက်လန့်နေကြပြီး တစ်စုံတစ်ရာ ပြဿနာ ဆိုးဆိုးရွားရွားထပ်ဖြစ်လာမည်ကို စိုးရိမ်သောကြောင့် ကလေးများအား ကျောင်းမှသွားရောက်ခေါ်ယူခြင်းဖြစ်ကြောင်း မူလတန်းကျောင်းသူတစ်ဦး၏ မိခင်ဖြစ်သူကပြောသည်။

“ ကလေးတွေက ဘာမှသိတတ်နားလည်တာမဟုတ်ဘူး။ ပြဿနာတစ်ခုခုဖြစ်ရင် ပြေးရရှောင်ရမှာကိုလည်း သိကြတာမဟုတ်တော့ ဒီလိုအခြေနေမျိုးမှာ မိဘနဲ့ခွဲပြီး မထားချင်ဘူး။ ပြီးတော့ မြို့အခြေအနေကလည်း သိတဲ့အတိုင်းပဲဆူပူနေတာ။ နောက်ထပ်ဘာတွေထပ်ဖြစ်လာမလဲဆိုတာလဲမသိတော့ စိုးရိမ်ပြီး ကလေးတွေကိုကျောင်းကသွားခေါ်တာ။ ဒါပေမဲ့ကျမလမ်းတစ်ဝက်ရောက်တော့ ကျောင်းကဖယ်ရီကားနဲ့ ကလေးတွေကိုလာပို့နေပြီ။ တစ်မြို့လုံးကကျောင်းတွေ ပိတ်ထားလိုက်ပြီလို့တော့ပြောတယ်’’ ဟု ၎င်းကဆိုသည်။

ယင်းအပြင် စာသင်ကျောင်းများသာမက ဈေးဆိုင်များပါအားလုံးပိတ်ထားကြရပြီး လမ်း၌ လူသွားလူလာလုံး ဝမရှိတော့ဘဲ မြို့တိတ်ဆိတ်လျှက်ရှိသည်ဟု ကျောက်တော်ဒေသခံတစ်ဦးက ပြောသည်။

“ စစ်တပ်ဖက်က သူတို့ဖမ်းချင်တဲ့သူတွေကိုဖမ်းတယ်။ အိမ်တွေဝင်ပြီးစစ်ဆေးတာတွေလည်းရှိတော့ မြို့သူ၊မြို့သားတွေက ကိုယ့်အိမ်မှာကိုယ် ခြံတံခါးတွေကိုလုံလုံခြုံခြုံပိတ်ပြီးနေကြရတယ်။ လမ်းပေါ်မှာလည်း အရပ်သားပြည်သူတွေ သွားလာတာမရှိတော့ဘူး။ တစ်မြို့လုံးတိတ်ဆိတ်နေတယ်။ စစ်တပ်ကားနဲ့အချုပ်ကားတွေလောက်ပဲ မြို့ထဲမှာ ပတ်နေကြတာ ’’ ဟုပြောသည်။

ရက္ခိုင့်တပ်တော်ကဇွန်လ ၁၄ ရက်နေ့ကပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အေအေတပ်ဖွဲ့ဝင် များအား မြန်မာစစ်တပ်ကဖမ်းဆီးနေသောကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အပြန်အလှန်ဖမ်းဆီး ရခြင်းဖြစ်ပြီး သုံ့ပန်းချင်းလှဲလှယ်မည်ဟု AA ပြောခွင့်ရ ဦးခိုင်သုခကပြောဆိုခဲ့သည်။

ယခုကဲ့သို့နှစ်ဖက်လက်နက်ကိုင်တပ်ဖွဲ့အချင်းချင်း အပြန်အလှန်ဖမ်းဆီးနေမှုကြားတွင် အပြစ်မဲ့ပြည်သူများအား ဆွဲထည့်ကာလိုက်လံဖမ်းဆီးနေခြင်းမှာ လက်ခံနိုင်စရာမရှိဟု ကျောက်တော်မြို့၊ ပြည်နယ်လွှတ်တော် ကိုယ်စား လှယ်ဟောင်း ဦးမောင်မောင်ကပြောသည်။

“ စစ်တပ်နဲ့ပတ်သက်လို့ကတော့ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက ကျနော်တို့ရခိုင်ပြည်သူတွေက တွေ့ကြုံခံစားခဲ့ရဖူးပြီးဆိုတော့ ဘယ်အခြေအနေ၊ ဘယ်အနေအထားကိုပဲရောက်ရောက် ရခိုင်ပြည်သူတွေက စိုးရိမ်မှုတွေနဲ့နေရတာပါပဲ။ အခုအခြေနေက နိုင်ငံရေးအားပြိုင်မှုတစ်ရပ်လား ၊ တော်လှန်ရေးအားပြိုင်မှု တစ်ရပ်လားဆိုတာတော့ မသိဘူး။ ဒါပေမဲ့ အပြစ်မဲ့တဲ့ အရပ်သားတွေကိုဆွဲထည့်ပြီးလိုက်လံဖမ်းဆီးနေတာ တွေကိုတော့ ကျနော်တို့မလိုလားဘူး။ ကျနော်တို့လိုချင်တာကတော့ နိုင်ငံရေးကိုနိုင်ငံရေးလမ်းကြောင်းနဲ့ပဲ ဖြေရှင်းစေချင်တယ်”  ဟု၎င်းကပြောသည်။

ယနေ့နံနက်ပိုင်းတွင် ကျောက်တော်မြို့၊ပြည်တော်သာရပ်ကွက်မှ ထင်ရှားသည့် နိုင်ငံရေး၊ လူမှုရေးတက်ကြွ လှုပ်ရှားသူ ကိုဇော်ဝင်း (ခေါ်) လူထုဇော်ဝင်းကိုလည်း မြန်မာစစ်တပ်က ဖမ်းဆီးသွားသည်။ ထို့ပြင် နောက်ထပ် ဒေသခံ အနည်းဆုံး ၂၀ ဦးခန့်ကိုလည်း ဖမ်းဆီးသွားပြီး လက်ရှိတွင် ၎င်းတို့ ပြန်လွှတ်၊မလွှတ် အခြေအနေကို မသိရှိရသေးဟု ဒေသခံများက ဆိုကြသည်။

December 23, 2025
အာရက္ခတပ်တော် ထိန်းချုပ်ထားသော ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်ဒေသများတွင် ယခု ရက်ပိုင်းအတွင်...
December 22, 2025
နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်နေသည့်...
December 19, 2025
မြောက်ဦးဖြစ်စဉ်နောက်ပိုင်း အာရက္ခတပ်တော် ထိန်ချုပ်ထားသည့် ရခိုင်ပြည်၊ မြို့နယ်များတွင် ယခုအခါ...
December 18, 2025
ရခိုင်ပြည်နှင့်အစပ် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန် ဗျူဟာကုန်းကို စစ်ကောင်စီသည် ပဒါန်းကနေ...