မကွေးတိုင်းဂန့်ဂေါမြို့နယ်တောင်ပိုင်းမြစ်သားဆည်အနီးက ကျေးရွာတွေကိုစစ်ကောင်စီတပ်ဖွဲ့ဝင် တွေက သေနတ်ပစ်ဖောက်ပြီး လူနေအိမ်တွေ ထဲကို ပစ္စည်းတွေမွှေနောက်ကာ စားနပ်ရိက္ခာ ၊အဝတ် အထည်၊အဖိုးတန်ပစ္စည်းနဲ့ ငွေတွေကို ဇွန်လ(၁၉) ရက်နေ့ မနက်ပိုင်းက ဝင်ရောက် ခိုးယူ သွား တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို အတည်ပြု ပြောဆိုပါတယ်။
ကျေးရွာတွေထဲက လူနေအိမ်တွေထဲမှာ သက်ကြီးရွယ်အိုတွေ ရှိနေပေမယ့် သေတ္တာတွေနဲ့ မှန်ဘီဒို တွေကို ရိုက်ခွဲပြီး ပြည်သူတွေရဲ့ ပစ္စည်းတွေကို ဝင်ရောက်လုယူတာတွေပြုလုပ်ခဲ့ကြတာဖြစ်ပြီး ဒီတကြိမ်နဲ့ဆိုရင် (၃) ကြိမ်မြောက်ဝင်ရောက်တာဖြစ်တယ်လို့ သိရပါတယ်။
“မနက်(၈) နာရီကျော်ကျော် (၉) နာရီမထိုးခင်က ဝင်လာကြတာ တခါတည်း သေနတ်တွေရောဖောက် ပြီးဝင်လာကြတာ အဝတ်အစားတွေကို မွှေတယ်။ ပြီးတော့ အိပ်ယာတွေ ဖျာအောက်တွေကို မွှေသွား ကြတယ်။ သူတို့က ပိုက်ဆံ ရှာနေကြပုံရတယ်။ အိမ်တအိမ်က ဆိုရင် အဘိုးတစ်ယောက်က ရေချိုး နေတာ အိမ်ဝိုင်းထဲမှာ အဲ့ဒါကို သူ့အိမ်ကိုဝင်မွှေပြီး ပိုက်ဆံလေးသိမ်းယူသွားတယ်” လို့ ဒေသခံတစ် ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ပြည်သူတွေရဲ့ နေအိမ်တွေထဲကို မွှေနှောက်ရှာဖွေတာတွေ အပြင် နွားစာတိုက်တွေနဲ့ မီးဖိုတွေထဲအထိပါဝင်ရောက်ရှာဖွေခဲ့သလို အိမ်တစ်အိမ်က ကလေးစုဗူး ပါယူဆောင်သွားတာတွေရှိတယ်လို့ သူကပြောပါသေးတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ပြည်သူပိုင် ပစ္စည်းတွေနဲ့ စျေးဆိုင်၊အရက်ဆိုင်တွေထဲကိုလည်း ဝင်ရောက်ရှာဖွေတာတွေလုပ်ဆောင်ခဲ့ပြီး ပစ္စည်းတွေနဲ့ မွေးမြူထားတဲ့ ကြက်၊ဝက်တွေကို ယူဆောင်တာတွေရှိတယ်လို့ သိရပါတယ်။
လက်ရှိအချိန်မှာ စစ်ကောင်စီတပ်သားတွေဟာ စင်ပုံဘုန်းကြီးကျောင်းနဲ့ မြစ်သာဆည်ပေါ်က ဝန်ထမ်းအိမ်ယာတွေပေါ်မှာ အင်အား(၃၀၀) လောက်နဲ့ တပ်စွဲနေထိုင်နေကြတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ မေလကုန်ပိုင်းမှာ စစ်ကောင်စီက Mi(17) တိုက်ခိုက်ရေးယာဉ်တွေကိုအသုံးပြုပြီး မြစ်သားဆည်အနီး ပတ်ဝန်းကျင် ရွာတွေဖြစ်တဲ့ ပနန်း၊စင်ပုံ၊ယင်းမဦ၊စံပယ်ရွာတို့ကို တိုက်ခိုက် ခဲ့တဲ့အတွက် ဒေသခံ (၂၀၀၀) ကျော် ဟာ နေအိမ်တွေကို စွန့်ခွါထွက်ပြေးနေရပြီး မပြေးနိုင် တဲ့ သက်ကြီးရွယ်အိုတွေသာ အိမ်ထဲမှာ ကျန်နေခဲ့တာဖြစ်ပါတယ်။
အဲ့ဒီကျေးရွာတွေကို စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု ကြောင့် ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်နဲ့ ဒေသခံပြည်သူ(၇) ဦးထက်မနည်းသေဆုံးထားတယ်လို့ သိရပါတယ်။







